ထားဝယ်တွင် ကလေးသင်္ကြန် ကျင်းပမည်


ထားဝယ် မတ် ၂၂

ထားဝယ်မြို့ပေါ် ၁၅ ရပ်ကွက်တွင် သင်္ကြန်မတိုင်မီ ဧပြီ ၁၁ရက်မှ ၁၃ရက်နေ့အထိ ကလေးသင်္ကြန် ကျင်းပမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောကြားသည်။

ရေကစားမဏ္ဍပ် ၁၅ခုနှင့် လူမှုဝန်ထမ်းရေကစားမဏ္ဍပ်၁ခုတို့တွင် ကလေးများရေကစားနိုင်ရန် မဏ္ဍပ်တစ်ခုလျှင် ကျပ် တစ်သိန်း ထောက်ပံ့ပေးနိုင်ရေး တိုင်းအစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ပြည်နယ်ဝန်ကြီးက ပြောသည်။ “ကလေးသင်္ကြန် မဖြစ်မနေလုပ်မယ်”ဟု ဆိုသည်။

ယင်းသို့ဖြင့် ထားဝယ်ယဉ်ကျေးမှုဓလေ့ထုံးတမ်းကို ဖော်ထုတ်ခြင်း၊ ကလေးသူငယ်များအ ခွင့်အရေးပါအတိုင်း ကလေးများကို ပူးပေါင်း ပါဝင် ဆင်နွှဲခွင့်ပေးခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

ကလေးသင်္ကြန် ရေကစားမဏ္ဍပ်ပြုလုပ်မည့်နေရာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကလေးမိဘများက သင့်တော်သည့်နေရာတွင်ပြုလုပ်နိုင်ကြောင်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ ညွှန်ကြားလိမ့်မည်ဖြစ်ကြောင်း ဝန်ကြီးထံမှ သိရသည်။

ထားဝယ်ဒေသ၌ သင်္ကြန်မတိုင်မီ သုံးရက်တွင် ကလေးများ မိမိအိမ်ရှေ့ ရေပက်ကစားသည့် အလေ့အထ ရှိသည်။

တင့်လွင်

ကလေးများသင်္ကြန်ရေကစားနေသည့်မြင်ကွင်း။ သတင်းဓါတ်ပုံ -ဖိုးဇော်

Leave a Reply