စီးပွားရေး လုပ်ငန်းရှင် ဦးကျော်ခိုင်မြင့် နှင့်တွေ့ဆုံခြင်း

48

“ဘာပဲဖြစ်ဖြစ် ပြည်တွင်းထွက်ကုန်တွေကို ကမ္ဘာ ပတ်ပြီးရောင်းရမယ်ဆိုရင် ကုန်သည်အနေနဲ့ သွားတာထက် ဝန်ကြီးဌာနအနေနဲ့ သွားတဲ့ ဝိတ်ခြင်းက ကွာတယ်။ ဝန်ကြီးကိုယ်တိုင်က လုပ်ပေးရမယ့်တာဝန်ရှိတယ်”

ဟင်္သာမီဒီယာ။ ။လက်ရှိ အစိုးရလက်ထက် သုံးနှစ်ကျော်ကာလအတွင်းမှာ စီးပွားရေးအနေနဲ့ ဘာတွေ တိုးတက်ပြောင်းလဲခဲ့ပြီးလဲ။

ဦးကျော်ခိုင်မြင့်။ ။ စီးပွားရေးက ဒီသုံးနှစ်အတွင်းမှာ သိပ်ပြီးတော့ တိုးတက်မှု မရှိဘူး။ ထူးထူးခြားခြားတော့ မဟုတ်ဘူး။ လယ်ယာထွက်ကုန်တွေရောင်းဝယ်နေတဲ့ သူတွေ ပွဲရုံတွေမှာတော့ ထူးထူးခြားခြား ပြောင်းလဲလာတာတော့ မရှိဘူး။ တစ်ဖက်က အိန္ဒိယ ပိတ်တာနဲ့ တရုတ်က ပိတ်တာနဲ့ဆိုတဲ့ခါကျတော့ တိုးတက်လာတယ်လို့တော့ ပြောလို့ မရသေးဘူး။

ဟင်္သာမီဒီယာ။ ။သုံးနှစ်ကျော်အတွင်းမှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ အပေါ်မှာရော ဘယ်လိုမြင်လဲ။

ဦးကျော်ခိုင်မြင့်။ ။ နိုင်ငံခြား ကုမ္ပဏီတွေကတော့ အကျိုးအမြတ်ရကြတယ်။ ပြည်တွင်းမှာ ရှိနေတဲ့ ကုမ္ပဏီတွေကတော့ သိပ်ပြီးတော့ အခြေအနေမကောင်းဘူး။ အဓိကကတော့ နည်းပညာပေါ့နော်။ သူတို့မှာကတော့ နည်းပညာမြင့်တယ်။ ဥပမာ ပစ္စည်းတစ်ခုကို သူတို့က လျှော့ပြီးရောင်းနိုင်တယ်။
ကိုယ်တွေက နည်းပညာ မရှိတဲ့ ခါကျတော့ အရင်းအနှီးကလည်း နည်းတော့ စက်တွေဆိုလည်း ကောင်းကောင်းတွေ မဝယ်နိုင်ဘူး။ အဲ့လိုခါကျတော့ ပြည်တွင်းမှာ ရှိနေတဲ့ SME တော်တော်များများက ပြိုလဲကုန်သလားလို့ ထင်ရတယ်။ စပ်တူလုပ်တဲ့ ကုမ္ပဏီတွေကတော့ မဆိုးဘူး။ ကိုတို့မှာက နည်းပညာရော အရင်းအနှီးရော၊ နိမ့်နေတဲ့အခါကျတော့ ဝါးမျိုခံရသလိုမျိုး ခံစားရတယ်။

ဟင်္သာမီဒီယာ။ ။လက်ရှိ ၂၀၁၉ မှာရော စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ စိန်ခေါ်မှု ဘာတွေရှိလဲ။

ဦးကျော်ခိုင်မြင့်။ ။ ဘက်ပေါင်းစုံပေါ့။ အရင်နှစ်တုန်းကတော့ ဒေါ်လာဈေးတွေက ၁၃၂၀ နဲ့ ၁၃၅၀ ကြားမှာပေါ့။ ပြီးခဲ့တဲ့ စက်တင်ဘာလ လောက်မှာတော့ ငွေကြေးတွေ မြင့်လာတဲ့ခါကျတော့ ပြည်တွင်းကို တင်ပို့လာတဲ့ ခါကျတော့ ဈေးကွက်ထဲမှာ ပထမဈေးနဲ့ ရောင်းလိုက်တယ်။ ငွေဈေးထပ်မြင့်လာတော့ ရောင်းတဲ့ခါမှာ စားသုံးသူတွေက ဒီဈေးကို လက်မခံနိုင်သေးဘူး။ အဲဒီလိုပြောင်းလဲမှုတွေက အကျိုးအမြတ် မရကြဘူး။ ပြည်ပပို့တဲ့ သူကျပြန်တော့လည်း သာသွားပြန်ရော။ တစ်ဖက်က ငွေဈေးတက်လာတဲ့အခါကျတော့ အထိုက်အလျောက်ပေါ့။ ဥပမာ – ပဲတွေ နှမ်းတွေဆိုလည်း သူ့အထိုက်အလျောက် ဈေးတက်လာတယ်။ တစ်ခုကောင်းပေမယ့်လည်း တစ်ခုမကောင်းတာရှိတယ်။ အဓိကကတော့ ငွေဈေးမြင့်တာကိုတော့ မပြောလိုပေမယ့် တည်ငြိမ်နေတာတော့ အကောင်းဆုံးပေါ့နော်။ ငွေဈေးပြောင်းလဲတာကို ထိန်းနိုင်ရင်တော့ အဆင်ပြေတယ်။ ခုတော့ ဗဟိုဘဏ်ကတော့ လုပ်နေပါတယ်။ ဈေးကွက်ကို ခုတော့ သူထိန်းထားနိုင်တယ်လိုတော့ မြင်တာပေါ့လေ။ ဒီလိုထိန်းကျောင်းမှုလေးတွေ ရှိနေရင်တော့ ငွေဈေးက အရမ်းလည်း မတက်သွားဘူး။ အရမ်းလည်း မကျသွားဘူးလေ။ အဲဒါတွေကတော့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေပဲလေ။

ဟင်္သာမီဒီယာ။ ။စီးပွားရေး လုပ်ငန်းရှင်တွေကို အစိုးရဘက်ကနေပြီးတော့ ဘာတွေ ပံ့ပိုးပေးသင့်လဲ။

ဦးကျော်ခိုင်မြင့်။ ။ ဒီအစိုးရ လက်ထက်မှာတော့ စီးပွားရေးနဲ့ ပတ်သက်ပြီး အားနည်းနေတာပေါ့။ ပံ့ပိုးမှုတွေလည်း လိုတယ်။ စီးပွားရေးကို ဝန်ကြီးဌာနတွေက ဦးစီးပြီး လုပ်ရမယ်။ ပြည်သူတွေကလုပ်လို့မရဘူး။ အာဏာပိုင် အဖွဲ့အစည်းတွေကနေ ဦးဆောင်ပြီးတော့ လုပ်ပေးရမယ်။ အဲဒါတွေက တအား အားနည်းနေတာကို တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် ပြည်တွင်းထွက်ကုန်တွေကို ကမ္ဘာ ပတ်ပြီးရောင်းရမယ်ဆိုရင် ကုန်သည်အနေနဲ့ သွားတာထက် ဝန်ကြီးဌာနအနေနဲ့ သွားတဲ့ ဝိတ်ခြင်းက ကွာတယ်။ ဝန်ကြီးကိုယ်တိုင်က လုပ်ပေးရမယ့်တာဝန်ရှိတယ်။ ဈေးကွက် ရှာဖွေပေးရမယ်။ သတင်းအချက်တွေ ဖြန့်ဖြူးပေးဖို့ပေါ့။ အဲဒါတွေ လုပ်ပေးရမယ်။ ဒါတွေက လုပ်ငန်းမကျွမ်းကျင်ဘူး ဆိုတဲ့သဘော မြင်တယ်။

ဟင်္သာမီဒီယာ။ ။လက်ရှိအစိုးရကို စီးပွားရေးနဲ့ ပတ်သတ်ပြီး အားနည်းတယ်ဆိုပြီး ထောက်ပြကြတယ်ပေါ့နော်။ အရင်အစိုးရလက်ထက်နဲ့ ဘာတွေ ကွားခြားမှု ရှိပါသလဲ။

ဦးကျော်ခိုင်မြင့်။ ။ ယခင်အစိုးရလက်ထက်မှာဆိုရင်တော့ စစ်အစိုးရလက်ထက်တော့ မပြောလိုဘူး။ အဲဒီတုန်းကတော့ ကမ္ဘာမှာလည်း စီးပွားရေး ပိတ်ဆို့ထားတာတွေ ရှိတာပေါ့နော်။ ၂၀၁၀ နောက်ပိုင်း ဦးသိန်းစိန်(သမ္မတဟောင်း) လက်ထက်မှာ တစ်ခု ဘာထူးခြားလဲဆိုတော့ ကုန်သွယ်ရေး ဝန်ကြီးက ကမ္ဘာမှာ ဆန်ရောင်းမယ်ဆိုရင် အင်ဒိုနီးရှားဆို သူ သွားပေးတယ်၊ ပဲတွေဆိုရင်လည်း သူကိုယ်တိုင်က ဝန်ကြီးလိုရော ကုန်သည်တစ်ယောက်လိုပါ သူကိုယ်တိုင်သွားပေးတယ်။ ကမ္ဘာပတ်ပြီးတော့ ရောင်းခဲ့ပေးတယ်။ ဒါလေးတွေကိုတော့ ဖြစ်စေချင်တယ်။ ဒါတွေကို ဝန်ကြီး ဌာနတွေက ဦးဆောင်ရမှာ မဖြစ်မနေ လုပ်ရမယ့်အရာတွေလေ။ အဲဒီလို ကိုယ်တိုင်လုပ်ပေးတော့ တိုးတက်တာပေါ့နော်။

ဟင်္သာမီဒီယာ။ ။အရင်အစိုးရလက်ထက်က ဝန်ကြီးအနေနဲ့ရော ကုန်သည်အနေနဲ့ပါ လုပ်ဆောင်ပေးခဲ့တာ ရှိသလို လက်ရှိအစိုးရလက်ထက်မှာ အခြအနေ ဘယ်လိုရှိပါသလဲ။

ဦးကျော်ခိုင်မြင့်။ ။ ပံ့ပိုးပေးတာတွေတော့ ရှိတော့ ရှိတယ်။ အားနည်းတာပေါ့။ ဟိုတုန်းကတော့ ဘဏ်ကနေတစ်ဆင့် သတင်းအချက်အလက် ပြန်စုဆောင်းပြီး ပြန်ဖြန့်ဝေတာရှိတယ်။ ဘယ်နိုင်ငံမှာ ဘာတွေ ဘယ်ဈေးရှိလဲကအစပေါ့ သတင်းအချက်အလက်တွေက ဖြန့်ဝေမှု တအားကောင်းတယ်။ ပြည်နယ်ကနေဆို မရနိုင်တဲ့ အချက်အလက်တွေ ရှိတယ်လေ။ ဒါတွေက စီးပွားရေး သံအရာရှိတွေက မဖြစ်မနေလုပ်ပေးရမယ့် အရာတွေလေ။ ဖြစ်ချင်တာကတော့ စီးပွား ကူသန်းဝန်ကြီးဌာနကနေ အစိုးရကိုယ်တိုင် ကြပ်မတ်ပြီးတော့ ဝက်ဘ်ဆိုက် တွေ ထောင်ပေးစေချင်တယ်။

ဟင်္သာမီဒီယာ။ ။ကိုယ်တိုင်လည်း ပဲနှမ်း ရောင်းဝယ်မှုတွေ လုပ်နေတယ်လို့ သိရတာပေါ့နော်။ အဲဒီအပေါ်မှာဘာတွေ အခက်အခဲရှိခဲ့သလဲဆိုတဲ့ အတွေ့အကြုံလေးပြောပြပေးပါဦး။

ဦးကျော်ခိုင်မြင့်။ ။ ခက်တာကတော့ တစ်နိုင်ငံလုံး ခံစားနေရတာပေါ့။ အိန္ဒိယက ပိတ်ထားတယ်။ ပြောင်းတွေ ဆိုရင်လည်း တရုတ်က ပိတ်ထားတယ်။ ကိုယ့်ထွက်ကုန်ကျတော့ ပိတ်ထားပြီးတော့ သူတို့ဆီက ဝင်လာတဲ့ ထွက်ကုန်တွေကျတော့ နေ့စဉ်ဝင်လို့ရနေတော့ ကုန်သွယ်ရေးကြီးက တစ်ဖက်စောင်းနင်းဖြစ်နေတယ်။ သူ့ပစ္စည်းကျတော့ အတားအဆီး မရှိဘဲ ဝင်နေပြီးတော့ ကိုယ့်ပစ္စည်းကျတော့ ရောင်းလို့ မရဘူးဆိုတဲ့အခါကျတော့ ကုန်သွယ်ရေးမှာ တစ်ဖက်စောင်းနင်း ဖြစ်နေမလားပေါ့နော်။ ဒါတွေကတော့ ကုန်သွယ်ရေးမှာ အန်မတန် အရေးကြီးတယ်။ ခုက ကိုယ်ကနှာခေါင်းတော့ ပိတ်ထားပြီးတော့ သူက အသက်ရှူနေမယ်ဆိုရင်တော့ မတရားဘူးလို့ မြင်တာပေါ့နော်။

ဟင်္သာမီဒီယာ။ ။လက်ရှိအစိုးရ သက်တမ်း ကျန်ရှိတဲ့ကာလမှာရော စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဖြစ်ချင်တဲ့ ဆန္ဒလေး ပြောပြပေးပါဦး။

ဦးကျော်ခိုင်မြင့်။ ။ ဘဏ်စနစ်ပေါ့။ ဘဏ်စနစ်ဆိုတဲ့ ခါအကျတော့ တခြားနိုင်ငံတွေနဲ့နည်းတူ ချေးငွေတွေကို အချိန်ချိန်ကြာကြာနဲ့ ထားပေးဖို့ပေါ့။ ခုတော့ အချိန်နည်းနည်းပဲ ရတယ်။ တစ်နှစ်အတွင်းဆပ် အဲဒီလိုပေါ့။ နောက်ပြီး ချေးငွေ တစ်ခုရဖို့ဆိုတာ တော်တော် ခက်ခဲတယ်။ အိမ်ဂရမ်ကအစပေါ့၊ ပိုင်ဆိုင်မှုတွေ အမျိုးမျိုးလိုတယ်။ အဲဒါတွေက အန်မတန် စိတ်ညစ်တယ်။ ဒီဘဏ်ချေးငွေကို သွားထိုင်စောင့်ပြီး စာရွက် ဆယ့်သုံး ဆယ့်လေးမျိုးပေါ်မှာ လုပ်ရမယ်ဆိုတဲ့အခါကျတော့ ကုန်သည်သဘော မပီသတော့ဘူး။ တအားကြီး ဖိထား ညှစ်ထားသလိုမျိုး ဖြစ်နေတာပေါ့နော်။

ချေးငွေမရခင်ဘဲ ဒီစာရွက်စာတမ်း လုပ်နေတာနဲ့ သိန်းလေးဆယ် ငါးဆယ် ကုန်သွားပြီ။ ဒီစနစ်တွေလည်း ပြင်ရမယ်။ ဒီလိုမျိုးမဟုတ်ဘဲ တခြား ဘာနည်းလမ်းတွေရှိသေးလဲပေါ့။

ဘဏ်ဘက်ကလည်း ချေးငွေတွေ မဆုံးရှုံးရအောင်၊ ကုန်သည်တွေ ဘက်ကလည်း အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲ စဉ်းစားရမှာပေါ့။ နောက်တစ်ခုကတော့ ငွေရေး ကြေရေး အတက်အကျတွေကို မညံ့စေချင်ဘူး။ ကုန်သည်ကတော့ ဘဏ်စနစ်ကောင်းရင်တော့ အားလုံးက တိုးတက်ကြတာပဲလေ။ နောက်တစ်ခုကတော့ ဆိပ်ကမ်းပေါ့။ ဆိပ်ကမ်းဆိုရင် ရန်ကုန် ဆိပ်ကမ်းတစ်ခုပဲ အားကိုးနေရတယ်။

လုပ်နိုင်တဲ့ နေရာတွေမှာ တိုးချဲ့ပေးမှ နိုင်ငံတကာကို များများ ပို့လို့ရမယ်။ ရန်ကုန်ဆိပ်ကမ်းကလည်း တအားကျပ်တည်းနေပြီ။ လုပ်လို့ ရတဲ့ နေရာတွေမှာတော့ လုပ်ပေးရမယ်။ လုပ်လို့ မရတဲ့ နေရာတွေမှာလည်း တွဲသင်္ဘောတွေနဲ့ ကွန်တင်နာတွေကို ဆွဲထုတ်ပြီးတော့ လုပ်ခဲ့တဲ့ နိုင်ငံတွေလည်း ရှိတယ်လေ။အဲဒီလိုမျိုးတွေ လုပ်သင့်တယ်လို့ မြင်တယ်။

ဟင်္သာမီဒီယာ။ ။ဖြည့်စွက်ပြောချင်တာတွေရှိရင် ပြောပြပေးပါဦး။

ဦးကျော်ခိုင်မြင့်။ ။ အဓိကကတော့ နိုင်ငံတစ်နိုင်ငံကောင်းဖို့ တိုးတက်ဖို့ ဆိုတာ ဘဏ်စနစ်တွေ ကောင်းရမယ်။ ဆိပ်ကမ်းတွေ ကောင်းရမယ်။ ဆိမ်ကမ်းတွေများများ လုပ်ပေးရမှာပေါ့။ ဒီနှစ်ခုကတော့ နံပါတ်တစ်ပေါ့နော်။

ဟင်္သာမီဒီယာ။ ။ဟုတ်ကဲ့ပါ အခုလို ဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်း – တေဇ

Advertisements

Leave a Reply