ဒီကစောင့်နေသူ

60
Photo was proudly shared via internet.Thank you to honor the original image.

ကြက်ဆူတောရွာတွင် ခုတလောကြားလိုက်ရသည့် သတင်းတစ်ပုဒ်က သူတို့အား
ဆွံ့အသွား စေခဲ့ သည်။ အံ့သြမင်တက်သွားစေခဲ့ရုံမက အနည်းငယ်လည်း
စဉ်းစားတွေဝေသွားစေတော့၏။ ထိုသတင်း ကား သူတို့ထင်မထားသော အခြေအနေ။

သူတို့တွေးမထားသည့်အခြေအနေ တစ်နည်းဆိုရသော် ကြက်ဆူတော ရွာသမိုင်းတွင်
မည်သို့မျှဖြစ်လာမည်ဟု ထင်မထားသောအခြေအနေဖြစ်သည်။

ကြက်ဆူတော၏ နှစ်ငါးဆယ်ကျော် ခြောက်ဆယ်နီးပါး ဖြတ်သန်းလာမှုှုတွင်
ဒီဖြစ်စဉ်ကဘယ်တုန်းကမှ ဖြစ်မလာခဲ့သည့်အခြေအနေ။ခွင်သမားများကား
ဒီဖြစ်ရပ်မျိုးကို ခွင်ဖောက်သည်ဟု ဆိုကြချေ သည်။

ထို့အတူ ရုပ်ပုံကားချပ်ကိုကြည့်ပြီး ကလင်ဒါပျက်သည်ဆိုကြမည်။ ထို့အတူ
တွက်ချက်တတ်သူများ ကလည်းတွက်နည်းပျက်သည်ဟု ပြောကျချေတော့မည်။ ထို့ကြောင့်
သူရို့ခမျာ အနည်းငယ်တော့ ကြက်သေ၊ ဘဲသေ၊ ဝက်သေ သေသွားရုံမက
ပြူးတူးပျာတာလည်း ဖြစ်သွားကြချေသည်။

မဖြစ်ခံနိုင်ရိုးလား။ ဘုရားဒါယကာ သူကြီးမင်းတစ်ဦးက
သူ၏နိုင်ငံရေးအခက်အခဲကို ဖြေရှင်းရန် ကာကွယ်ရေးခေါင်းဆောင်တစ်ဦးအား
ယာယီအာဏာသိမ်းခိုင်းလိုက်၏။ တခဏတာအာဏာသိမ်းစဉ်တွင် ထိုပုဂ္ဂိုလ်က
အာဏာ၏အရသာကို သဘောတွေ့ မနောခွေ့သွားပြီးသကာလ၊ စိနကုန်းသား အာဏာရှင်တစ်
ဦး၏ အာဏာသည် သေနတ်ပြောင်းဝတွင်တည်သည် ဟူသော အယူဆကို
နိုင်ငံရေးလမ်းညွှန်အဖြစ်ခံယူ ကာ နောက်ထပ်အမှန်တကယ် အာဏာသိမ်းလိုက်ပြီး၊
ချောက်ထဲကျရန် လက်တစ်လုံးအလိုတွင် ကယ်တင် လိုက်ရပါသည်ဟူ၍ ဆင်ခြေပေး၏။

ထိုအချိန်မှစ၍ ကြက်ဆူတောသည်လည်း ချောက်ထဲသာမက ငရဲကြီးရှစ်ထပ်မှ
ပထမဆုံးငရဲဖြစ် သော သိဥ္စိုးငရဲသို့ကျရောက်သွားခဲ့ရပေတော့၏။

ကြက်ဆူတောသားများ ဆင်းရဲဒုက္ခရောက်ခဲ့ရသော်ငြား လည်း
ထိုပုဂ္ဂိုလ်ကြီးမိသားစုများကား ချမ်းသာသွားလေတော့သည်။
ထိုပုဂ္ဂိုလ်အလွန်တွင် သူ့နည်းတူ သူ့တပည့်များကလည်း
လှိုင်းကြီးလေထန်သောကြောင့် ကယ်တင်ခဲ့ရပါသည်ဆိုကာ ကြက်ဆူတောကို
ကယ်တင်လိုက်ပြန်၏။ ထိုသူကြီးများလက်ထက်တွင်ကား ကြက်ဆူ တောသည်
သိဥ္စိုးငရဲကို ကျော်ဖြတ်ကာ အဝီစိငရဲသို့ ဒရိုက်ဟစ် ကျရောက်သွားချေတော့၏။

မြေပေါ်မြေအောက် သယံဇာတများ ကုန်ခန်းသွား၏။ရေအောက်သယံဇာတများ
ခန်းခြောက်သွား လေ၏။ကြက်ဆူတောသားများ ဆင်းရဲသွား၏။ ရွာကားမွဲပြာကျ၏။

သူရို့ကား အဝီစိရောက်တောင် သုံးဖြုံးမ ကုန်နိုင်
အောင်ချမ်းသာသွားကျကုန်၏။ ကြက်ဆူတောသူ လုံမငယ်များ
လိင်လုပ်သားဖြစ်သူဖြစ်၏။ အခြား ရွာများတွင် အိမ်ဖော်ဖြစ်သူဖြစ်သည်။

လုလင်ငယ်များကား အထွေထွေလုပ်သား ဖြစ်သွားကြ၏။ ၂၀၁၀ တွင်
သူရို့အရိုက်အရာကို ဆက်ခံသူများမှာ သူတို့နှင့် အစ်ကိုကြီး
ညီလေးတော်သူများဖြစ်ကြသည်။
သူရို့ကား ကြက်ဆူတောကို တော်တော်ပြုပြင်ပေးသွား၏။ အနည်းငယ်နိမ့်ကျနေသော
ပညာရေး ကို သုံးစားမရအောင် ဖန်တီးစီမံပေး၏။ ချို့ယွင်းနေသော
စိတ်ဓာတ်များကို ပျက်စီးသွားအောင် ဖျက်ဆီး ပေးခဲ့သည်။ သူရို့နှင့်
အမျိုးဇာတ်သူတူများကို ဘောင်းဘီချွတ်လျှင် ဘောင်းဘီတွက်ပင်စင်လစာနှင့်
အရပ်ဘက်ဝန်ထမ်းဌာနများသို့ ထည့်သွင်းခြင်းဖြင့်
လစာနှစ်မျိုးကိုစားသုံးစေပြီး အရပ်ဘက်ဝန်ထမ်းအဖွဲ့အစည်း များ၏
ညီညွတ်မှုနှင့် အဂတိကို ပိုမိုလိုက်စားတတ်အောင် သင်ကြားပေးကြ၏။

သို့သော်
အထက်မှ အောက် သို့ အဆင့်ဆင့် အကျင့်တူညီလာသောအခါ အောက်ကလည်း
ပြဿနာရှိမည်ထင်လျှင် အထက်ကိုပုတ် တင်လိုက်သည်။ အထက်ကလည်း သူ့အတွက်ဝေစု
ဂါထားသောကြောင့် မသိကျိုးနွံပြုနေတော့သည်။

ထို့ကြောင့် ကြက်ဆူတောတွင် မသမာမှုနှင့် အကျင့်ပျက်ခြစားမှုများသည်
ယဉ်ကျေးမှုတစ်ခုအသွင် တိုးတက်ကြီးထွားလာချေတော့၏။ ထိုယဉ်ကျေးမှှုသည်
လူသားတို့ရှင်သန်ခြင်းနှင့်အတူ ဆက်လက် ရှင်သန်နေလိမ့်မည်ဟုလည်း
ကြက်ဆူတောသားများစိတ်ထဲ သံမှိုနှင့်စွဲသကဲ့သို့ လက်ခံယုံကြည်နေကြ
တော့သည်။

သို့သော်လည်း ယခုအခါ ကြက်ဆူတောတောင်ပိုင်းမှ ရာအိမ်မှူးချုပ်
ဆရာမဆုနန္ဒီအား အဂတိလိုက် စားမှုဖြင့် အရေးယူလိုက်သည်ကို
မြင်လိုက်ကြားလိုက်သည့်အခါ တာဝန်ရှိ သူကြီးအဖွဲ့များနှင့် သူကြီး မင်း ၏
ဌာနအသီးသီးမှ ပုဂ္ဂိုလ်ကျော်များ အနည်းငယ်တော့စဉ်းစားသွားပြီး၊ ရှေ့ဆက်လက်
လှုပ်ရှားကြမည့်အစီအ စဉ်များအတွက် တိတ်တဆိတ်ဆွေးနွေးကြလေတော့၏။

ပထမဆုံး စတုသစ္စကြီးက စတင်ဆွေးနွေးလေတော့၏။

” အရင်သူကြီးသုံးဆက်က ဘေးဘီအောက်ဆိုက်ယူတာကို အပြစ်မလုပ်ဘူးကွ၊
ဒီသူကြီးတို့လက် ထက်ကျမှ ခုလို ဌာနဆိုင်ရာ ဆောင်ရွက်ခယူတာလေးများ
အဂတိလိုက်စားတယ်ဆိုပြီး အရေးယူကြတော့မယ်။ ဘယ်လိုလုပ်မလဲကွ
အောက်ခြေလွှတ်တော်လခက ၁၀ သိန်းလောက်ရတာသုံးမလောက်ဘူးလေကွာ၊ ဒါလေးမှ
မရရင် တို့ကဘယ်လိုလုပ် ရပ်တည်ကြရပါ့မလဲ ၊ဟူး ရင်မောပါ့ကွာ”

စတုသစ္စကြီး၏ စကားဆုံးလေသော် တေးသော်ရီကလည်း ဝင်ရောက်ဆွေးနွေးပြန်ချေ၏။

သူသည်လည်း ဒေသတစ်ခု၏ အရေးပါသော ဆရာသမားတစ်ဦးဖြစ်သတည်း။

” ခွတော့ကျပြီလေ။ ကျုပ်က အိမ်ကိုလာပေးတာလက်မခံဘူး၊ ဒါပေမဲ့ ကျုပ်ကို
ကျောထောက်နောက်ခံပြုထားတဲ့ ကုမ္ပဏီအလုပ်ရဖို့တော့ မသိမသာ လုပ်ထားတယ်လေ။
ပြီးတော့ လေလံတွေ တင်ဒါ တွေရအောင် မသိမသာပံ့ပိုးပေး၊၊ကျုပ်ကိုယ်တိုင်
စစ်ဆေးသူ အဖွဲ့ထဲပါနေတော့ ပြိုင်ဘက် ကုမ္ပဏီတွေရဲ့ လုပ်ငန်းကို
အဖွဲ့လိုက်စစ်ဆေးတဲ့ခါ အားနည်းချက်ကို ထောက်ပြ ၊ဒီတော့ တော်ရုံပြိုင်ဘက်က
နောက်တစ်ခါ ကျုပ် အပိုင်းမှာ တင်ဒါတို့ လေလံတို့ဆို
ခြေဦးတောင်မလှည့်ဘူး၊ ဒီတော့ ကျုပ်ကိုထောက်ခံသူများက အဂတိကင်းတဲ့
ကိုဖိုးမှန်အဖြစ်လက်ခံ။ ပြဿနာရှိတဲ့နေရာဆို ရေဘေး လေဘေး မီးဘေး
ခွေးဆွဲခွေးကိုက် သူများထင်မထားတဲ့ကိစ္စတွေကို ဝင်ဖြေရှင်းပေး၊
အခွင့်အရေးတောင်းခံပေး၊ တချို့ကိစ္စတွေဆို အုပ်ချုပ်သူ လွှတ်တော်ထဲ
ကိုယ်တိုင်ဆွေးနွေး ၊ဒီတော့ကျုပ်ရဲ့
နိုင်ငံရေးနဲ့ပတ်သက်တဲ့ပုံရိပ်တက်ကရောပေါ့၊ဒါပေမဲ့ ဗျာ
ခုလိုငါးကြီးတွေကို ဖမ်းပြနေကတည်းက ကျုပ်လုပ်ရပ်တွေကိုလည်း တချိန်ချိန်
ငြိမသွားရအောင် ဆင်ခြင် နေရမယ်”

ထပ်မံ၍ ဆွေးနွေးသူကား ရုံးဌာနတစ်ခုမှ အသွင်ပြောင်း အရာရှိ
ဗညားကွမ်းစားညီညီလွင်ဖြစ် သည်။ သူကလည်းသူ့အမြင်ကို
တင်ပြဆွေးနွေးပြန်လေသည်။

” ခက်တော့တာပဲ၊ ကျုပ်က စည်းကမ်းတိကျတဲ့ သူတစ်ယောက်ပဲလေ။ ဘယ်တော့မှ ဘယ်
လောက်ပေးမှ လုပ်ပေးမယ်ဆိုတာမရှိခဲ့ဘူး၊ ကိစ္စတစ်ခုကို ဆောင်ရွက်တဲ့ခါ
အလွယ်အခက်အခြေအနေအရ လုပ်ငန်းပြီးမြောက်မှုအခြေအနေက ကွာခြားတတ်တာပဲလေ။
ဒါကိုပညာပြတယ်လို့ ဘယ်ပြောလို့ရပါ့မလဲ။ နောက်ပြီး ကျုပ်က
လာဘ်ကိုမျှော်ပြီးအလုပ်မလုပ်ဘူးလေ၊သူ့အသိနဲ့သူ လာပြီးဂါရဝပြုတဲ့
အကြွေသီးတွေ တော့စားတာပေါ့။ ဒါက ပံသကူပဲမဟုတ်လား၊ ဒါနဆိုတာ
လက်ငင်းအကျိုးပေးတတ်တယ်ဆိုတာလဲမှန်သဗျ။ကျုပ်ကိုလာပြီး ဂါတဲ့သူတွေများ
ရာထူးခဏခဏတိုးတယ်။ ထို့အတူပဲကျုပ်ကိုလာပြီးဂါတဲ့ လုပ်ငန်းရှင် တွေလည်း
ကံကောင်းသွားကြအောင် ဒါနက အကူပေးသဗျ၊ဒါကြောင့်လည်း မြတ်စွာဘုရားက ဒါနတော
ဘောဂဝါ လို့ ဟောကြားခဲ့တာပါပဲ၊ သူတို့ဟာသူတို့ ဂါတာကိုတော့
လာဘ်ပေးလာဘ်ယူလုပ်တယ်ပြောလို့မရဘူးလေ။ မသိတတ်တဲ့သူတွေကျတော့လည်း
အလုပ်ကိစ္စနှောင့်နှေးတတ်တာပေါ့၊ ကျုပ်တော့ဖြင့်လေ သူအသိနဲ့သူ လာ ဂါတာတော့
အပြစ်လို့ကို မဆိုရက်ပါဘူး၊ဒါန လိုလားအမျိုးကောင်းသားသမီးများအတွက်၊
ခွင့်ပြုရတာပါ ။အပြစ် လုပ်တာ မဟုတ်ရပါဘူးဗျာ”

ထို့နောက် မီဒီယာမင်းဗညားထွေးကလည်း သူ့အမြင်အတွေးကို
ဆက်လက်ဆွေးနွေးလေတော့သည်။ သူသည်လည်း ဌာနတစ်ခုမှ
ရုံးအကူဝန်ထမ်းတစ်ဦးဖြစ်သည်။သို့သော် အဆင်အပြင်ကား ဌာနတစ်ခုခုမှ
ညွှန်ကြားရေးမှူး ရှုံးလောက်ပေသည်။

” ကျွန်တော်တို့ဌာနကတော့ ညွှန်ကြားချက်တွေဖတ်ပြရုံနဲ့ အလုပ်ဖြစ်တဲ့ဌာနဗျ။
တချို့ကိစ္စတွေဆို လူစဉ်ကြည့်ပြီး ညွှန်ကြားချက်သာ ဖတ်ပြလိုက်။
သူတို့ဆီက စကားသံထွက်လာတယ်။ ကျွန်တော်တို့ အမြန်လိုချင်လို့ပါဆရာ၊
လုပ်ပေးပါဆရာ ၊ဘယ်လောက်ကုန်ကုန်ပါလို့ဆိုပေမယ့် ကျွန်တော်က နည်းနည်းရုပ်ရှင်
ရိုက်ပြရတာပေါ့။ နေဦးကွာ ငါ့ဆရာကို မေးကြည့်ရဦးမယ် ဘာညာပေါ့။ ပြီးတော့
ကျွန်တော့်ဆရာဆီအဝင်ပြ ပြီးတော့ စည်းဝါးကိုက်ထားတဲ့အတိုင်း၊
မရလို့ပါလုပ်လိုက်ရင်၊လာပြီးအစာဟပ်တော့တာပေါ့။ ဒီတော့မှ ကျွန်တော်တို့
ဆရာတပည့်တွေ ဝေမျှယူကြတာပေါ့။ ပြဿနာဖြစ်ရင်လည်း ဆရာလိုလို တပည့်လိုလို
ဟိုလူ့ ပုတ် ဒီလူ့လွှဲနဲ့ ဘော်လီဘောပွဲလုပ်ရုံနဲ့ ပြီးသွားတော့တာပါပဲ၊
ဒါပေမဲ့ တောင်ပိုင်းကိစ္စရှိထားတော့ ကျွန်တော်တို့လည်း
ခွင်သစ်တွေထုတ်သုံးရဦးတော့မယ်လေ”

ထိုအချိန်တွင် လူူမှုရေးဆလိုင်းဂျစ်သိုးက ဆရာချွန်အား ဆွေးနွေးခိုင်းလေ၏။

” တောက်- – – – – ထွီ- – – – ရှက်စရာတောင်ကောင်းသေးတယ်။ ဘယ်နှယ့်ကွာ။
မင်းတို့က ဆိုလိုက်ကျသေးတယ်။ ဒီလစာနဲ့ မလောက်လို့ပါတဲ့ မင်းတို့ကို
ရာထူးအာဏာတစ်ခုခုကို မအပ်နှင်းခင်ကတည်းက မင်းတို့အတွက် လုပ်ခလစာ
ချီးမြှင့်ထောက်ပံ့ငွေ ဘယ်လောက်ရမယ်ဆိုတာ မင်းတို့သိပြီးသားပဲ လေ
အဲဒီလိုသိလျက်နဲ့ မင်းတို့ လုပ်နေတဲ့နေရာ၊တာဝန်တွေကိုယူခဲ့တာ မင်းတို့
လာဘ်ပေးလာဘ်ယူလုပ်ဖို့လား ရွာရဲ့အကျိုးဆောင်ရွက်ဖို့လား၊
ဒါကိုမင်းတို့စဉ်းစားရမယ်၊ မင်းတို့မို့ မရှက်မကြောက်နဲ့ လာဘ်ပေး
လာဘ်ယူလုပ်တာကို ပြိုင်ကြတယ်။ မင်းတို့လုပ်တဲ့ အလုပ်တွေကို စကားလုံးတွေ၊
အပြုအမူတွေနဲ့ မင်းတို့ က ဖုံးကွယ်လမ်းလွဲချင်ကြတယ်။ အဖြေကတော့
ရှင်းရှင်းလေးပဲ။ ပြည်သူ့ဝန်ထမ်းတစ်ယောက် ပတ်ကားသူဌေးသားသမီးမဟုတ်ဘဲ
ပိုချမ်းသာလာရင် အဲ့ဒီကောင် သူခိုးပဲ။ သူ့လုပ်ရပ်ကို ချက်ချင်းရပ်ရင်ရပ်
မရပ်ရင် မကြာခင် အဂတိတိုက်ဖျက်ရေးက လာပြီးဆွဲစေ့လိမ့်မယ်။ မျိုးကြီးရဲ့
ဒီကစောင့်နေသူ သီချင်းဆိုပြီးတော့သာ စောင့်နေကျပေတော့ ၊မကောင်းမှုဆိုတာ
ဆိတ်ကွယ်ရာတော့ သိပ်မရှိလှဘူး။ နောက်ပြီး ခုသူကြီးကလည်း
ကိုယ့်လူ ကိုယ်တောင် သိပ်မညှာချင်ဘူး ဒီတော့မင်းတို့
သင်ခန်းစာယူကြပေတော့ကွာ”

ပြောပြောဆိုဆိုဖြင့် ဆရာချွန် ထိုစကားဝိုင်းမှ ထွက်ခွာသွားချေတော့၏။

ဆရာချွန်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်