မော်လမြိုင်ရှိ ကျူးကျော်ဆိုင်ခန်း ခြောက်ဆယ်ကျော်ကို သတိပေးထား

မော်လမြိုင် မတ် ၂၂

မော်လမြိုင်မြို့ အမှတ်(၁) ဈေးပတ်ဝန်းကျင်ရှိ ကျူးကျော် ဆိုင်ခန်းပေါင်း ခြောက်ဆယ်ကျော်ကို သတိပေးစာများ ပေးပို့ထားကြောင်း ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင် ကပြောသည်။

လက်ရှိတွင် သတိပေးထားသည့် ဆိုင်ခန်းခြောက်ဆယ်နီးပါး ရှိပြီး နောက်ပိုင်းတွင် မွန်ပြည်နယ် လွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းထားသည့် မွန်ပြည်နယ် စည်ပင်သာယာရေး ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမင်းကျော်လွင်က ဆိုသည်။

“စည်ပင်ကလည်း သက်ညှာတဲ့အနေနဲ့ မနက်ပိုင်းဖွင့် ၊ညနေသိမ်းသွားရင်တော့ ရတာပေါ့။ အဲ့လိုမျိုး မဟုတ်ဘူးဆိုရင်တော့ မျက်စိမှိတ်ရတော့မှာပေါ့” ဟု ၎င်းကပြောသည်။

Advertisements

ယင်းကဲ့သို့ ဆောင်ရွက်ခြင်းမရှိဘဲ အမြဲတန်းနေရာယူထားမည်ဆိုပါက အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမည်ဖြစ်ပြီး လမ်းဆုံလမ်းခွများနှင့် ရှုပ်ထွေးသည့် နေရာများတွင် ဈေးရောင်းဝယ်ခြင်း မလုပ်သင့်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

“စည်ပင်ဥပဒေနဲ့ ဆိုရင်တော့ ထောင်ဒဏ်အထိ ပါနေတာကို လူတွေသိစေချင်တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါဆိုင်များသည် အမှတ် (၁) ဈေး ပတ်ဝန်းကျင်တွင် ယခင်ကတည်းက ရှိခဲ့ခြင်းကြောင့် ချက်ချင်း ဆောင်ရွက်ရန် ခက်ခဲပြီး ဖြည်ဖြည်းချင်း ပြန်လည်စိစစ်ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောသည်။

“ခေတ်ကာလ အခြေအနေအရ လုပ်သင့် လုပ်ထိုက်တာကို လုပ်သွားမယ် ။တကယ် ရည်ရွယ်ပြီးတော့ လုပ်တာလား၊ အနှောင့်အယှက်ပေးနေတာလား။ တကယ် မိသားစု အခက်အခဲကြောင့်လား အဲဒါတွေကို ပြန်ခွဲပြီး ဖြည်ဖြည်းချင်းတော့ လုပ်ဆောင်သွားမှာပါ” ဟု ထပ်လောင်းပြောကြားသည်။

တေဇ

Advertisements

1 comment:

Leave a Reply