မိုင်းတွေ မထောင်နဲ့တော့ ၊ စစ်တွေ ငြိမ်းချမ်းတော့၊ ဒါပဲ….

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသမှ မိုင်းဒဏ်သင့် အမျိုးသမီးတစ်ဦး (ဓာတ်ပုံ - မယ်လွန်း/HI)

By မယ်လွန်း

25/03/2019 / Myanmar Now

သစ်ပင်တွေအုံ့ဆိုင်းနေတဲ့ ခဲခင်းလမ်းတစ်နေရာမှာဖြစ်ပါတယ်။

ပါတိတ်ထမီ ခပ်လတ်လတ်ကို ဝတ်ဆင်ထားပြီး ပလိုင်းလေးကို စလွယ်သိုင်းလွယ်ထားတဲ့ အမျိုးသမီးကြီး တစ်ဦးဟာ စတီးလ်လက်ကိုင်တုတ်ဟောင်းကို လက်တစ်ဖက်တစ်ချက်စီ အားပြုကိုင်ရင်း ခြေထောက်တစ်ဖက်တည်းနဲ့ မညီညာတဲ့ လမ်းကျဉ်းလေးအတိုင်း တရွေ့ရွေ့လျှောက်လာနေပါတယ်။

“ကိုယ်လုပ်လိုက်တာနဲ့ ပြန်ရလိုက်တာ မတန်ဘူး”

နေ့စဉ်ဝင်ငွေအတွက် တောထဲမှာ ဝဥ ရှာရင်း မိုင်းနင်းမိလို့ ခြေထောက်တစ်ဖက် ပေးလိုက်ရတဲ့ အသက် (၆၀) အရွယ် ဒေါ်အုန်းမြင့်က ပြောလိုက်တာပါ။

“ငါ တိုသွားပြီ.. ငါ ဒုက္ခိတဖြစ်ပြီဆိုပြီး သူများတွေလာကြည့်ရင် ငိုတယ်။ သူများတွေက ပြောတယ် … မငိုနဲ့၊ တော်သေးတယ်၊ ခြေထောက်ပဲထိလို့၊ မျက်စိမဖြစ်လို့ တော်သေးတယ် ပေါ့။ မျက်စိဖြစ်ရင် လုံးလုံးကန်း သွားပြီ၊ ဘာမှမလုပ်တတ်တော့ဘူးလေ” လို့ သူမက ပြောပါတယ်။

မုန်းဒေသမှာ ဒီလိုကိုယ်အင်္ဂါချို့ယွင်းခဲ့ရသူက ဒေါ်အုန်းမြင့်တယောက်တည်း မဟုတ်ပါဘူး။

အိမ်ခြေသိပ်မများတဲ့ ရွာလေးတွေမှာ ဒီလို ခြေတုတွေ၊ ချိုင်းထောက်တွေနဲ့ ရွာသူရွာသားတွေဟာ ဒီဒေသရဲ့ အမှတ်သင်္ကေတတစ်ခုလို့ပြောလို့ရအောင် အရေအတွက်က များလှပါတယ်။ သူတို့အများစုဟာ မြေမြှုပ်မိုင်းကြောင့် ဖြစ်ခဲ့ရတာပါ။

၂၀၁၇ ခုနှစ်အထိ လူမှုရေးအဖွဲ့အချို့ရဲ့ ကောက်ယူစစ်တမ်းပြုစုမှုအရ မြေမြှုပ်မိုင်းကြောင့် ကိုယ်အင်္ဂါ ပျက်စီးဆုံးရှုံးသူပေါင်း (၄၀၀) ကျော်ရှိတယ်လို့ သိရပါတယ်။ အဲဒီထဲမှာ အမျိုးသမီးအရေအတွက်က အ နည်းဆုံး သုံးပုံတစ်ပုံရှိတယ်လို့ မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (MPHA) ရဲ့ မုန်းဒေသရုံးခွဲက မစန်းစန်းအေးက ဆိုပါတယ်။

မစန်းစန်းအေးဟာ သူမကိုယ်တိုင်လည်း အသက်(၁၄)နှစ်အရွယ်ကတည်းက မြေမြှုပ်မိုင်းနင်းမိလို့ ခြေတ ဖက်ပြတ်ခဲ့ရသူတဦးပါ။

မုန်းမြို့လို့လည်း လူအများသိထားတဲ့ ဒီနေရာဟာ အခုချိန်ထိ အစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နှစ်ဖွဲ့လုံးရဲ့ ထိန်းချုပ်မှု အောက်မှာရှိနေပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် အပစ်အခတ်ရပ်စဲမှု မပြုလုပ်ခင်အထိ ကျေးရွာဝန်းကျင်တဝိုက်ဟာ စစ်တပ်နဲ့ KNU နှစ်ဖွဲ့လုံးရဲ့ စစ်မြေပြင်နဲ့ မြေမြှုပ်မိုင်းပစ်မှတ်နေရာတွေ ဖြစ်ခဲ့ပါတယ်။

ကျေးရွာသူရွာသားအများစုဟာ ယာစိုက်ခြင်း၊ မီးသွေးဖုတ်ခြင်း၊ ကွမ်းသီးဥယျာဉ်ခြံလုပ်ငန်းနဲ့ တောတောင်ထဲမှာ ဟင်းသီးဟင်းရွက်ခူးတဲ့ အလုပ်တွေကို လုပ်ကိုင်စားသောက်ကြပါတယ်။ အချို့က ရွာပြင်ကတောထဲမှာ ဟင်းရွက်ရှာရင်း မိုင်းထိကြသလို အချို့ကလည်း ရွာအတွင်းမှာသာ သွားလာရင်းနဲ့ မိုင်းထိကြတာပါ။

တောတောင်တွေကို မှီခိုပြီး တစ်နေ့ဝမ်းစာ တစ်နေ့ရှာဖွေစားသောက်နေရတဲ့ သူမတို့လို ကျေးရွာသူရွာသားတွေအဖို့ မိုင်းတွေကြောင့် ကိုယ်လက်အင်္ဂါ ပျက်စီးခဲ့တဲ့နောက်မှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုနဲ့ တပြိုင်တည်း ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုကတော့ မိသားစု စားဝတ်နေရေးပဲဖြစ်ပါတယ်။

“သူများလုပ်သလို ကိုယ်မလုပ်နိုင်ဘူး၊ မိသားစုအရေးတွေပေါ့၊ ကိုယ်တွေ တွေးရတော့တာပေါ့။ မိန်းမတွေ ဆိုတော့ ပိုဆိုးတယ်” လို့ မြောင်းဦးကျေးရွာသူ အသက် (၅၀)ကျော်အရွယ် ဒေါ်စန်းဦးက ပြောပါတယ်။ သူမကတော့ တောထဲ ဟင်းရွက်ရှာရင်း မိုင်းထိလို့ ခြေတုတစ်ဖက်ထည့်ထားရပါတယ်။

မိုင်းထိတဲ့သူတွေမှာ ဒီလိုအခက်အခဲတွေ ကြုံတွေ့ရတာချင်း တူပေမယ့် အမျိုးသမီးတွေဖြစ်ရင်တော့ အိမ်ထောင်ဖက်ရဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုပါ ကြုံကြရတယ်လို့ မိုင်းကြောင့် ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားတဲ့ အမျိုးသမီးတွေက ဆိုကြပါတယ်။

“သူ့လုပ်စာကို ထိုင်စားနေရတယ်။ အခန့်သင့်ရင်တော့ ကောင်းတယ်၊ အခန့်မသင့်တဲ့အခါတော့ မကောင်း ဘူးလေ။ မကောင်းဘူးဆိုတာက နင့်ကျတော့ ဘာမှမလုပ်နိုင်ဘဲနဲ့ ငါ့လုပ်စာထိုင်စားတယ်ပေါ့”လို့ ဒေါ်စန်းဦးက ခင်ပွန်းသည်နှိမ်တာ ခံရကြောင်း ပြောပါတယ်။

မိသားစုစားဝတ်နေရေးအတွက် ဝိုင်းဝန်းကူညီပေးတဲ့ အချို့မိုင်းဒဏ်သင့်အမျိုးသားတွေရှိသလိုမျိုး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့် လမ်းလွဲပြီး မူးယစ်သောက်စားနဲ့ အကူအညီမပေးတဲ့ ခင်ပွန်းသည်တွေကြောင့်လည်း မိုင်းမထိပေမယ့် မိသားစုဝန်ထုပ်ဝန်ပိုးတွေနဲ့ ဒုက္ခရောက်ကြရတဲ့ အမျိုးသမီးတွေလည်း ရှိကြတယ် လို့ အကူအညီပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။

ဒီလိုအခြေအနေတွေကို ၂၀၁၄ ခုနှစ်အထိ ဘယ်သူမှ ကူညီပေးတဲ့သူမရှိသူလို့ မိုင်းထိတဲ့ အမျိုးသမီးတွေကလည်း ဘယ်သူ့ကိုမှ စောဒကတက် အပြစ်မတင်ကြပါဘူး။ ဒါတွေဟာ သူတို့ရဲ့ ကံတရားကြောင့်ပဲလို့ လက်ခံထားကြပါတယ်။

“နောင်ဘဝမှာ ကိုယ်လက်အင်္ဂါ ပြည့်ပြည့်စုံစုံနဲ့ ဖြစ်ရပါလို၏လို့ပဲ အမြဲတမ်းဆုတောင်းတယ်။ မိုင်းထောင်တဲ့သူတွေကိုလည်း ကျွန်မလိုမျိုး ပြန်ပြီးတော့ တူသောအကျိုးပေးပေါ့နော်၊ မသန်စွမ်းဘဝကို ရောက်ပါစေဆို ပြီးတော့ တစ်ခါမှ မဆုတောင်းမိဘူး” လို့ မစန်းစန်းအေးက ဆိုပါတယ်။

၂၀၁၄ ခုနှစ်နောက်ပိုင်းမှာတော့ အစိုးရမဟုတ်တဲ့အဖွဲ့အချို့က မိုင်းဒဏ်သင့်သူတွေအတွက် လူမှုရေး ဆိုင်ရာ ကူညီမှုတွေကို စပြီး လုပ်ဆောင်လာခဲ့ပါတယ်။

MPHA ကနေပြီး အားပေးနှစ်သိမ့်မှုတွေ၊ အချက်အလက်ကောက်ခံမှုတွေ၊ ခြေတုလက်တုစတဲ့ အသေး စား ပြုပြင်ပေးမှုတွေကို လုပ်ဆောင်ပေးနေသလို KDM လို့ခေါ်တဲ့ ဂျာမဏီအဖွဲ့ကလည်း အိမ်သုံးပစ္စည်း၊ ဆန် စတဲ့ ထောက်ပံ့မှုအချို့ ရှိပါတယ်။

“ကိုယ်မရှိတဲ့အချိန်မှာ ဆန်တစ်ပြည်ပဲပေးပေး၊ ငါးပိတစ်ခပ်စာပဲပေးပေး၊ ကိုယ့်အတွက် အကျိုးရှိတာပဲ၊ ဟုတ်တယ် မဟုတ်လား” လို့ မိုင်းဒဏ်သင့်အမျိုးသမီးတစ်ဦးက ကူညီထောက်ပံ့မှုတွေက မများပေမယ့် အကျိုးရှိတဲ့အကြောင်း ပြောပါတယ်။

မိုင်းအန္တရာယ်နဲ့ပတ်သက်ပြီး အဓိကတာဝန်ရှိတဲ့ မြန်မာစစ်တပ်နဲ့ KNU လို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကတော့ ၂၀၁၇ ခုနှစ်အထိ ဒေသအတွင်း လူမှုရေးအဖွဲ့တွေ လှုပ်ရှားမှုလုပ်နိုင်ဖို့ ခွင့်ပြုမိန့် ပေးတာကလွဲရင် တခြား ကူညီ ထောက်ပံ့မှုတွေ လုံး၀ မရှိခဲ့ဘူးလို့ မိုင်းဒဏ်သင့် ကူညီပေးနေသူတွေက ဆိုပါတယ်။

ဒါပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ လူကယ်ပြန်ဝန်ကြီးဌာနအောက်ကနေ မိုင်းကြောင့် ကိုယ်အင်္ဂါမသန်စွမ်း သူတွေကို ကူညီမှုတွေ အနည်းအကျဉ်းရှိလာတယ်လို့ MPHA-မုန်းဒေသမှာ ဥက္ကဋ္ဌတာဝန် ယူထားတဲ့ ကိုဇော်ဦးက ဆိုပါတယ်။ ကိုယ်အင်္ဂါမသန်စွမ်းသူတွေကို အကူအညီပေးတဲ့ ရေတိုအစီအစဉ်တွေအပြင် ရေရှည်စီမံကိန်းအဖြစ် အသက်မွေးဝမ်းကျောင်းအလုပ် ဖန်တီးပေးဖို့အတွက်လည်း မသန်စွမ်းအရေး ဆောင်ရွက်နေသူတွေကြားမှာ စဉ်းစားဆွေးနွေးမှုတွေ ရှိတယ်လို့ သူက ဆိုပါတယ်။

၂၀၁၆ ခုနှစ် မြန်မာစစ်တပ်နဲ့ KNU တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲပြီးတဲ့နောက် ပိုင်းမှာ မုန်းဒေသတခွင်မှာ သေနတ်သံတွေ တိတ်ဆိတ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အထိ မြေမြှုပ်မိုင်းကြောင့် ကျောင်းစုကျေးရွာသားတစ်ဦး ခြေပြတ်ခဲ့ပါသေးတယ်။

နှစ်ဖက်အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေကြလို့ တိုက်ပွဲသံတွေတိတ်ပြီး မိုင်းအန္တရာယ်တွေ လျော့လာတော့မယ်လို့ ဒေသခံအများစုက မျှော်မှန်းပြောဆိုနေကြပေမယ့် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကတော့ ဒေသခံတွေ မျှော်လင့်သလို မလွယ်ကူလှပါဘူး။

KNU ကတော့ စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲရေးအဆင့်သာရှိသေးလို့ မိုင်းရှင်းလင်းရေးကို အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုနဲ့အညီ တဆင့်ချင်းစီ လုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။

“မိုင်းရှင်းတဲ့ကိစ္စကတော့ ကျွန်တော်တို့ ဘာမှမစနိုင်သေးဘူးခင်ဗျ။ နိုင်ငံရေး တိုးတက်မှု အခြေအနေအပေါ်မှာပဲ မူတည်လိမ့်မယ်လေ” လို့ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောပါတယ်။

အစိုးရ၊ စစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံးကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဘယ်လောက် အတိုင်းအတာထိ တိုးတက်နေပြီလဲဆိုတာ ရေရာတဲ့အဖြေမရှိသေးသလို မုန်းဒေသမှာ သေနတ်သံ၊ မိုင်းသံတွေ ထာဝရ ပျောက်ကွယ်တော့မလား ဆိုတာကလည်း အဖြေမရှိတဲ့မေးခွန်းဖြစ်နေပါတယ်။

ဖွံ့ဖြိုးတိုးတက်မှု နည်းပါးလွန်းတဲ့ မုန်းဒေသက မိုင်းဒဏ်သင့်အမျိုးသမီးတွေကတော့ သူမတို့ဘ၀ ဝမ်းရေး တိုက်ပွဲတွေ မပြီးဆုံးနိုင်ပေမယ့် လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ပွဲသံတွေ ငြိမ်နေတာကိုပဲ ကျေနပ်နေကြပါတယ်။

“အခုချိန်ဆို တအားဝမ်းသာတယ်။ နောင်လာနောက်သားတွေကိုလည်း ဘယ်နားမသွားနဲ့လို့ ပြောစရာမလိုတော့ဘူး၊ ကြောက်ရတာကတော့ မြွေပါးကင်းပါးလောက်ပဲ ကြောက်ရတော့တာပေါ့”

အခုချိန်မှာတော့ မုန်းအမျိုးသမီးတွေရဲ့ လက်နက်ကိုင်တိုက်ပွဲမှာ ဦးဆောင်နေသူတွေအားလုံးကို ပြောချင်တဲ့ စကားသံတွေကတော့ အားလုံးတူညီနေကြပါတယ်။ ဒေါ်စန်းဦးကတော့ အခုလိုပြောခဲ့ပါတယ်။

“မိုင်းတွေ မထောင်နဲ့တော့ ၊ စစ်တွေ ငြိမ်းချမ်းတော့၊ ဒါပဲ”

ခြေတု၊ ချိုင်းထောက်တို့သည် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသ၏ သင်္ကေတ ဖြစ်လာသည် (ဓာတ်ပုံ – မယ်လွန်း/HI)
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသ

(အမျိုးသမီးများ အသံကို အဓိက ဖော်ထုတ်နေသည့် Honesty Information သတင်းဌာန၏ အွန်လိုင်းစာမျက်နှာ www.hiburma.net တွင် ဖော်ပြထားသော ဆောင်းပါး ဖြစ်သည်။)

မယ်လွန်း

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်