Advertisements

စီးပွားရေး ထူးချွန်မှု ဂုဏ်ထူးဆောင်ဆုရ ဦးတင်လှိုင်နှင့် တွေ့ဆုံခြင်း

၄၅နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် စီးပွားရေး ထူးချွန်မှု ဂုဏ်ထူးဆောင်ဆုရရှိသည့် ကျော်ကြား အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းပိုင်ရှင် ဦးတင်လှိုင်နှင့် တွေ့ဆုံခြင်း

“နိုင်ငံသားတစ်ယောက် ဖြစ်လာပြီးရင် ဒီနိုင်ငံ ဒီပြည်နယ်အတွက် ဘာလုပ်ပေးရမလဲ။ နိုင်ငံသားတိုင်း စဉ်းစားရမယ်။ နိုင်ငံတော်က ကျွန်တော်တို့အတွက်ဆို ဒီနိုင်ငံက တဖြည်းဖြည်း ပရုတ်လုံးဖြစ်သွားမှာပေါ့”

မေး။ ။ အန်ကယ်ရဲ့ နာမည်လေးနဲ့ လုပ်ငန်းတွေကို မိတ်ဆက်ပေးပါဦး။

ဖြေ။ ။ နာမည်ကတော့ ဦးတင်လှိုင်ပါ။ ဆောက်လုပ်ရေး လုပ်ငန်းကို ၁၉၉၅-၉၆ ခုနှစ်လောက်က စတင်လုပ်ကိုင်ခဲ့ပါတယ်။

Advertisements

မေး။ ။ အန်ကယ် စီးပွားရေး လောကထဲကို ဘယ်လိုစတင်ဝင်ရောက်ခဲ့တယ်ဆိုတာကို ပြောပြပေးပါ။

ဖြေ။ ။ အန်ကယ်ကတော့ အရင်တုန်းက သစ်လုပ်ငန်းလုပ်တာ တောထဲတွေမှာလည်း ကိုယ်တွေ ကိုယ်တိုင်လမ်းဖောက်ကိုယ်တိုင်သစ်တိုက်ကားတွေနဲ့ သစ်ထုတ်လုပ်ငန်းလုပ်တာပေါ့။ သစ်ဆိုတာလည်း ဆောက်လုပ်ရေး ပစ္စည်းပဲလေ။ သစ်လုပ်နေရင်းနဲ့ ဆောက်လုပ်ရေး ပစ္စည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်အောင်ဆိုပြီးတော့ ဆောက်လုပ်ရေး ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းထဲကို ၁၉၉၅ လောက်မှာ စဝင်ခဲ့တာပေါ့။ အန်ကယ်ကတော့ သစ်စက်လုပ်နေတယ်။ အန်ကယ့် အမျိုးသမီးကို ဒီဆောက်လုပ်ရေး ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းကို စလုပ်ခိုင်းခဲ့တာပေါ့နော်။

မေး။ ။ ၄၅ နှစ်မြောက် မွန်ပြည်နယ်နေ့မှာ အန်ကယ်က စီးပွားရေး ထူးချွန်မှု ဂုဏ်ထူးဆောင်ဆု ရရှိခဲ့တဲ့ အတွက် အန်ကယ်ရဲ့ သဘောဆန္ဒလေး ပြောပြပေးပါဦး။

ဖြေ။ ။ အန်ကယ်တို့ရဲ့ ဗဟုသုတအရပြောရမယ်ဆိရင်တော့ လူတစ်ယောက်က သူကြိုးစားရင် သူ့နေ ရာသူဖြစ်လာလိမ့်မယ်။ နိုင်ငံသားတွေရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုတဲ့ အစိုးရကောင်းတွေ ရှိခဲ့ရင်တော့ သူတို့ရှာဖွေပြီးတော့ ဂုဏ်ပြုလာမယ် ချီးမြှင့်လာမယ်။ ဒါကတော့ အန်ကယ်တို့ ယုံကြည်တာပေါ့နော်။

မေး။ ။ အန်ကယ်ရဲ့ စီးပွားရေးလောကထဲက အတွေ့အကြုံတွေကိုလည်း မျှဝေပေးပါဦး။

ဖြေ။ ။ အတွေ့အကြုံကတော့ အန်ကယ် ပထမတော့ သစ်လုပ်ငန်းစလုပ်တယ်။ လုပ်နေရင်းမှ ဒီဆောက်လုပ်ရေး လုပ်ငန်းကို ၁၉၉၅ ကနေစကူးတယ်။ စကူးပြီးတော့ ဆိုင်သေးသေးလေးကနေ တဖြည်းဖြည်း ချဲ့လာတာပေါ့။ ပိုက်ဆံရှိရင် ချဲ့ဖို့ပဲ စဉ်းစားလာတယ်။ ပိုက်ဆံရှိရင် ရွှေဝယ်ပြီး မီးခံ သေတ္တာထဲ ထည့်ဖို့ မစဉ်းစားဘူး။ အလုပ်လုပ်မယ်။ နောက်မှာ ဝန်ထမ်း ဆယ်ယောက်ကနေ များလာမယ်။ ဆိုလိုတာက မျိုးချစ်စိတ်ဓာတ်ပဲ ပြောမလားတော့ မသိဘူးပေါ့။ ငါတို့ လူမျိုးတွေ သူများနိုင်ငံမှာ သွားလုပ်တာထက်စာရင် ငါတို့လုပ်ပေးနိုင်ရင် ပိုကောင်းတယ်ပေါ့။ ဒါကြောင့် အကျိုးအမြတ်ရလာရင် လုပ်ငန်းပဲလုပ်တယ်။ ဝန်ထမ်းခန့်နိုင်အောင်ကြိုးစားတယ်။

မေး။ ။ လက်ရှိမှာ အန်ကယ်က ဆောက်လုပ်ရေး လုပ်ငန်းပစ္စည်း ရောင်းဝယ်ရေး အပြင် အခြားဘယ်လို လုပ်ငန်းတွေ ထပ်လုပ်ဆောင်နေတာရှိပါသလဲ။

ဖြေ။ ။ မရှိပါဘူး။ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေပဲ လုပ်တယ်။ တခြား လုပ်ငန်းတွေတော့ မလုပ်ဘူး။ ဆောက်လုပ်ရေး လုပ်ငန်းလုပ်ရင်းနဲ့ ဆောက်လုပ်ရေး ပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံတွေ လုပ်တယ်။ ကျောက်တန်း စက်မှုဇုန်မှာ ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ ပစ္စည်း ထုတ်တဲ့ စက်ရုံရှိတယ်။ နောက်ဗီယက်နမ်ပြပွဲသွားပြီး သံချည်သံကွေးစက်တွေ ဝယ်လာပြီး လုပ်တယ်။ ခု အဲဒီလို လုပ်တော့ မြန်လာတာပေါ့။

မေး။ ။ အန်ကယ်က ကျောက်တန်းစက်မှုဇုန် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီမှာ ဥက္ကဋ္ဌ လို့သိရတာပေါ့နော်။ လက်ရှိမှာ ဒီစက်မှုဇုန် လျှပ်စစ်မီး ရရှိရေးနဲ့ မြေကွက်တွေ အပါ်မှာ ဝေဖန်မှုတွေရှိနေတာကိုရော အန်ကယ် ဘာများပြောချင်လဲ။

ဖြေ။ ။ ဒီစက်မှုဇုန်က ၂၀၁၀ အစိုးရလက်ထက်မှာ စက်မှုဇုန်လုပ်မယ်ဆိုတော့ အန်ကယ်တို့ကို မြေပေးတယ်။ ဒီလုပ်ငန်းရှင်တွေရဲ့ ငွေနဲ့ပဲ လမ်းတွေဆောက်တယ်၊ မီးတွေလုပ်တယ် လုပ်ငန်းစီစဉ်တယ်။ ဘက်ဂျက်တစ်ခုမှ မပါဘူး။ ဟိုဘက်အစိုးရ(သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်)က ဦးတို့ကို တည်ဆောက်ရေး လုပ်ငန်းလွှဲပေးပြီးတော့ ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီအနေနဲ့ ဆက်လက် ထိန်းသိမ်းခဲ့တယ်။ မီးရရှိရေးအတွက်က ဒီဘက်အစိုးရ(လက်ရှိ အစိုးရ)ထိ ကျန်ခဲ့တယ်။ ကျန်ခဲ့တော့ လက်ရှိကြိုးစားနေတာ တပ်ရုံအဆင့်ပဲ ကျန်တော့တယ်။ အားလုံးခွဲရုံတွေပြီးပြီ။ နောက်ပိုင်း စနစ်တွေ ပြန်ပြောင်းတော့ in – out စနစ်နဲ့ လုပ်ရမယ်ဆိုတော့ ခွဲရုံကို ပြန်ပြင်ဆင်ရမယ့် အပိုင်းတွေရှိတယ်။ အချိန်အတိုင်းအတာ တစ်ခုအရတော့ ကြာတယ်။ သို့သော် မီးချိတ်ရုံအဆင့်ရောက်ပြီ စာလည်းထွက်ပြီ။

မေး။ ။ စက်မှုဇုန် မြေယာနဲ့ ပတ်သက်ပြီး ထုတ်ပြန်မှုမရှိဘူးဆိုပြီး ဝေဖန်မှုတွေအပေါ်မှာရော ပြောပြပေးပါဦး။

ဖြေ။ ။ ဒီစက်မှုဇုန်နဲ့ ပတ်သက်ရင် အဲ့ဒါက သတင်းအမှားပါ။ ဒီစက်မှုဇုန်က အရင် ၂၀၀၃ ခုနှစ်မှာ ကျောက်တန်းစက်ရုံ စက်မှုဇုန်ဆိုပြီးတော့ အခြားနည်း အသုံးပြုခွင့်က ကျထားပြီးသား။ အဲဒီမှာ စက်မှုဇုန် မလုပ်ဖြစ်ဘူး။ ၂၀၁၃ ခုနှစ်မှာမှ လုပ်မယ်ဆိုပြီး အစိုးရကို တောင်းဆိုတဲ့ အပေါ်မှာ အစိုးရက ပေးလုပ်တာ။ မြေယာနဲ့ ပတ်သက်လို့ ပြဿနာ မရှိဘူး။ ဒါပေမယ့် လုပ်ငန်းရှင်တွေဘက်က ကတိပျက်တာတော့ ရှိတယ်။ အစိုးရပိုင်းက တာဝန်ကျေသွားတယ်။ အစိုးရက ဘာပြောလဲဆိုတော့ စက်ရုံ အလုပ်ရုံလုပ်မယ့်သူကို မြေကြီးပေးမယ်။ မြေကြီး အလကားပေးတာ။ စက်ရုံဆောက်မှ ဂရမ်ပေးမှာနော်။ စက်ရုံဆောက်ပြီး ပစ္စည်းထုတ်မှ ဂရမ်ပေးမယ်။ ပထမအစိုးရက ချိန်းသွားတယ်။ ခုအစိုးရကလည်း ဒါပဲ ပြန်ပြောတယ်။ မင်းတို့စက်ရုံဆောက်ပါ။အစတည်းက စက်ရုံဆောက်မယ်ဆိုပြီး ဒီမြေကြီးကိုတောင်းတယ်။ သို့သော်လုပ်ငန်းရှင်တွေက ဒီလိုမလုပ်ခဲ့ဘူး။ အစိုးရကတော့ စက်ရုံဆောက်မယ့်သူ ပစ္စည်းထုတ်မယ့်သူကို အဆင်သင့် ဂရမ်ပေးမှာ။ အစိုးရက သူ့တာဝန်သူကျေရင် ကိုယ်လည်း ကိုယ့်တာဝန်ကျေအောင်လုပ်ရမယ်။ မြေရောင်းစားဖို့ ရည်ရွယ်တယ်ဆိုရင်တော့ အစတည်းက ဒီမှာ မလာသင့်ဘူး။

မေး။ ။ ဒီလို လုပ်ငန်းရှင်တွေက ပျက်ကွက်တဲ့ အပေါ်မှာရော အန်ကယ် ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ပျက်ကွက်တဲ့အပေါ်မှာ အစိုးရက ထိန်းချုပ်လိုက်တယ်။ ကိုယ်ရရှိလာတဲ့ မြေပေါ်မှာ စက်ရုံမဆောက်ဘူး။ ထုတ်လုပ်မှု လုပ်ငန်း မလုပ်ဘူးဆိုရင် သူဂရမ်မပေးဘူး။ ဒါက ရှင်းတယ်။ ဒီလိုပဲ ဖြစ်သင့်တယ်လို့ ထင်တယ်။ စက်မှုဇုန်တည်ဆောက်တဲ့ အစိုးရရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံသားတွေ အလုပ်လုပ်ရအောင်၊ သူများနိုင်ငံမှာ သွားလုပ်နေရတဲ့ အလုပ်သမားတွေ အလုပ်လုပ်ခွင့်ရအောင် အဲဒီ ရည်ရွယ်ချက်နဲ့ လုပ်ပေးခဲ့တာ။ ကိုယ့်ဘက်ကလည်း ကိုယ်မြဲဖို့လိုတယ်။ အစိုးရဘက်ကလည်း သူ့ကတိ သူမြဲတယ်။

မေး။ ။ လက်ရှိ ကျောက်တန်း စက်မှုဇုန်မှာ လည်ပတ်နေတဲ့ စက်ရုံ ဘယ်နှရုံလောက် ရှိပြီလဲ။

ဖြေ။ ။ ခုဆိုရင် များလာပြီ။ဆယ်ရုံ ဆယ့်ငါးရုံလောက်ရှိလာပြီ။

မေး။ ။ ခုလည်ပတ်နေတဲ့ စက်ရုံတွေကရော ဘယ် လျှပ်စစ်မီးနဲ့ လည်ပတ်နေတာလဲ။

ဖြေ။ ။ ပထမပိုင်း ငါးရုံ ခြောက်ရုံလောက်က မုပွန်ဓာတ်အားခွဲရုံကနေရလိုက်တယ်။ အဲဒါ ၂၀၁၄ မှာ ရလိုက်တယ်။ နောက်ပိုင်း မုပွန်ခွဲရုံကနေ ဒီဘက်ကိုပေးဖို့က သူ့ရဲ့ ထရန်စဖော်မာ အားနဲ့ မနိုင်တော့ ရပ်လိုက်တယ်။ ခုတော့ အန်ကယ်တို့ နှစ်မီဂါဝပ် တည်ဆောက်လိုက်တယ်။ ဒီဓာတ်အားသွင်းပြီးရင် မီးကရပြီ၊ ဒီစက်မှုဇုန်ကြီးက မီး၊ ရေ၊ လမ်းတွေလည်း ပြီးပြီဆိုတော့ လုပ်ငန်းရှင်ဘက်က ကြိုးစားအားထုတ်မှု အပိုင်းပဲ လိုတော့တယ်။

မေး။ ။ အန်ကယ်လည်း စီးပွားရေး လုပ်ငန်းလုပ်နေတဲ့ သူတစ်ယောက်အနေနဲ့ မွန်ပြည်နယ်ရဲ့ စီးပွားရေး လုပ်ငန်းကိုလည်း ပြောပြပေးပါဦး။

ဖြေ။ ။ ခုကျွန်တော်တို့ စနစ်တွေ ကွာလာပြီ။ ကျွန်တော်တို့ အရင်တုန်းက ဗဟိုချုပ်ကိုင်မှု ဆိုရှယ်လစ် စနစ်တုန်းက ကျွန်တော်တို့ ပုဂ္ဂလိက က အလုပ်လုပ်ခွင့် မရဘူး။ ပြီးခဲ့တဲ့ အစိုးရသစ်လက်ထက်ကလည်း ဈေးကွက်စီးပွားရေးတော့ မှန်ပေမယ့် လူနည်းစုပဲ အလုပ် လုပ်တဲ့ စနစ်ဖြစ်တယ်။ ၂၀၁၀ နောက်ပိုင်းမှာ ဈေးကွက်စီးပွားရေးနဲ့ ဒီမိုကရေစီဆိုတာ ဖြစ်လာတယ်။ ဖြစ်လာတဲ့ အပေါ်မှာ ကျွန်တော်တို့ လုပ်ခွင့် နိုင်ငံခြား ထွက်ခွင့် ပစ္စည်းသွင်းခွင့် ဝင်ခွင့် အားလုံးဟာ အများကြီး အခွင့်အရေးတွေ ပေးလာတယ်။ အခွင့်အလမ်းတွေ ပေးလာတဲ့ အပေါ်မှာ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုပဲ လိုတယ်။

မေး။ ။ လက်ရှိ အစိုးရပိုင်းလုပ်ဆောင်နေတဲ့ အပေါ်မှာ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ဝေဖန်မှုတွေ ရှိတာပေါ့နော်။ အဲဒီ ဝေဖန်မှုတွေ အပေါ်မှာရော အန်ကယ်ဘယ်လိုမြင်လဲ။

ဖြေ။ ။ ဝေဖန်တာကတော့ သူ့အလုပ်ပါ။ အိမ်တစ်အိမ်မှာလည်း မိဘက မိဘ အခက်အခဲနဲ့ မိဘပဲ။ သားသမီးမှာလည်း သူ့ရဲ့ လိုလားချက်နဲ့ သူပဲ။ အဲ့ဒီမှာ ဘာလုပ်သင့်လဲဆိုတဲ့ တွေးခေါ်ယူဆချက်ပဲ။ မိဘကတော့ သားသမီးတွေ အားလုံး ချမ်းသာစေချင်တာပေါ့။ ငပျင်းတွေနဲ့ တွေ့ရင်ရော အလုပ်လုပ်တဲ့ ကလေးတွေနဲ့ တူမလား။ လူတိုင်းက ငါတို့လုပ်မယ်ဆိုတဲ့ စိတ်နဲ့ တိုင်းပြည်အတွက် ပြည်နယ်အတွက် ကောင်းအောင် ငါလုပ်ပေးရမယ်။

မေး။ ။ ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပေးပါဦး။

ဖြေ။ ။ ဒီကနေ့ နိုင်ငံတော်ကနေ လုပ်ခွင့်ရထားတယ်။လုပ်ပါ။ မူဝါဒအရ ကျွန်တော်တို့ကို ပေးထားတယ်။အဲ့ဒီအပေါ်မှာ ကျွန်တော်တို့ ဘာလုပ်ရမလဲ ဘာလုပ်သင့်လဲ။ နိုင်ငံတော်က ကျွန်တော်တို့အတွက် မဖြစ်ရဘူး။ ကျွန်တော်တို့ပဲ နိုင်ငံတော်အတွက် ဖြစ်ရမယ်။ နိုင်ငံသားတစ်ယောက် ဖြစ်လာပြီးရင် ဒီနိုင်ငံ ဒီပြည်နယ်တွက် ဘာလုပ်ပေးရမလဲ။ နိုင်ငံသားတိုင်း စဉ်းစားရမယ်။ နိုင်ငံတော်က ကျွန်တော်တို့အတွက်ဆို ဒီနိုင်ငံက တဖြည်းဖြည်း ပရုတ်လုံးဖြစ်သွားမှာပေါ့။

ဟုတ်ကဲ့ပါ အန်ကယ် အခုလို စိတ်ရှည်လက်ရှည်နဲ့ ဖြေကြားပေးတဲ့ အပေါ် ဟင်္သာ မီဒီယာက အထူးပဲ ကျေးဇူး တင်ပါတယ်။

တွေဆုံမေးမြန်း – တေဇ

Advertisements

Leave a Reply