ခေတ်ပေါ်ဂီတနဲ့ ပေါင်းစပ်ပြီး ရိုးရာနတ်သီချင်းတွေကို လူသိများစေခဲ့တဲ့ နိုင်ငံကျော် အဆိုတော် ဗီဗာဟိန်းနှင့် တွေ့ဆုံခြင်း

91

ခေတ်မင်း

မေး။ ။ ညီမအနေနဲ့ ရိုးရာနတ်သီချင်းတွေကို ခေတ်ပေါ်ဂီတနဲ့ ဘယ်လို ပေါင်းစပ်ပြီး ပြန်ဆိုဖြစ်ခဲ့တာလဲ။

ဖြေ။ ။ ဗီဗာ အဖေနဲ့ အမေရဲ့ အိုင်ဒီယာပဲပေါ့၊ ဖေဖေနဲ့ မေမေက အဲဒီနတ်သီချင်းတွေကို ဆိုင်းနဲ့ မြန်မာသံကို မြူးမြူးကြွကြွနဲ့ ဆိုထားတာတွေရှိပါတယ်။ အဲဒါကို သူ့တို့ သမီးဖြစ်တဲ့ ဗီဗာကို မျိုးဆက် ဆက်ပြီးလက်ခံအောင် နောက်ပြီး ဒီသီချင်းတွေကို မြူးမြူးကြွကြွလေးနဲ့ ကချင်အောင် လုပ်ပေးခဲ့တယ်။

မေး။ ။ ညီမရဲ့ အနုပညာ လုပ်ဆောင်နေတဲ့အပေါ်မှာ အဖေဖြစ်တဲ့ နိုင်ငံကျော်အဆိုတော် အန်ကယ် ဦးဗိုလ်ဟိန်းရဲ့ လွှမ်းမိုးမှု ဘယ်လောက်ရှိပါသလဲ။

ဖြေ။ ။ အများကြီးလွှမ်းမိုးတာပေါ့။ ဗီဗာထွက်သမျှအခွေတိုင်းဟာလည်း အဖေနဲ့ အမေရဲ့ အိုင်ဒီယာအများဆုံးပဲ။ ဖေဖေနဲ့ မေမေလျှောက်ချင်တဲ့ ဒီအနုပညာလမ်းပေါ်မှာပဲ ကိုယ်ကိုယ်တိုင်လည်းလျှောက်ချင်တယ်။ နောက်ပြီး ကိုယ့်က လူငယ်ဖြစ်တဲ့အတွက် ကိုယ့်ကြိုက်တဲ့ တခြား သီချင်းတွေလည်း ဆိုချင်ဆိုမယ်။ မိဘဆိုချင်တဲ့ သီချင်းနဲ့ အဓိကမြန်မာသံစဉ်ကို အများ လက်ခံအောင် အားပေးနိုင်အောင် ဒီသီချင်းကို ဒီလိုမြန်မာသံစဉ်ကို ဒီလိုမျိုးပုံစံနဲ့ ဆိုလို့ရတယ်၊ လုပ်လို့ရတယ်၊ မြူးမြူးကြွကြွလေး ကလို့ရတယ် ဆိုပြီး ဖြစ်အောင်ပလို့ပါ။

မေး။ ။ ညီမ ထွက်ရှိခဲ့တဲ့ သီချင်းအခွေတွေထဲက ဘယ်သီချင်းကို အကြိုက်အနှစ်သက်ဆုံးလဲ။

ဖြေ။ ။ သီချင်းတိုင်းလိုလိုတော့ ကြိုက်တာပဲ၊ အဖေစစလုပ်ပေးကတည်းက ဟာမိုက်လှကြီးလား၊ သမီးဆိုမယ်ပေါ့။ တောင်ပြုံးဆိုလည်း မြူးတယ်၊ ကိုကြီးကျော်ဆိုလည်း ပြောစရာမလိုဘူး။ ဒီသီချင်းကတော့ ပွဲတိုင်းအလိုလို မပါမဖြစ်ဘဲ။ ပရိတ်သတ်အရမ်းအားပေးတယ်။ အရမ်းကောင်းတဲ့ သီချင်းပေါ့။ ကိုယ့်သီချင်းတွေကိုတော့ ကြိုက်ပါတယ်။

မေး။ ။ ညီမအနေနဲ့ ဒီအနုပညာလမ်းကြောင်းပေါ်ကို ဘယ်အရွယ်က စတင်ပြီး လျှောက်လှမ်းခဲ့ရလဲ။

ဖြေ။ ။ ငယ်ငယ်လေးကတည်းက အဆိုတော်ဖြစ်ချင်တာ။ ကြီးလာရင် အဆိုတော်ဖြစ်မယ်ဆိုတဲ့ ရည်မှန်းချက်ပေါ့။ ကိုယ့်ဖြစ်ချင်တာ အဲဒီလိုမျိုးတွေးခဲ့တယ်။ နောက်တော့ ဖေဖေ၊ မေမေကလည်း ငယ်ငယ်လေးကတည်းက ဆိုင်းတွေနဲ့ နယ်ရှိုးတွေ လိုက်ဆိုတဲ့အခါကျရင် ရှင်ပြုအလှူတွေ ဘုရားပွဲတွေမှာ ဖေဖေနဲ့ မေမေကို ငှားတော့ ဗီဗာက ကျောင်းပိတ်ရင် လိုက်လိုက်သွားတယ်။

အဲလိုလိုက်သွားပြီး ဆိုချင်တော့ စင်ပေါ်သမီးတက်ချင်တယ်ဆိုတော့ သမီးငယ်သေးတယ် မတက်နဲ့ ပြောတောင် မရဘူး။ စင်ပေါ် အတင်းတက်ပြီး ပထမဦးဆုံး သီချင်းတက်ဆိုတော့ အဖေက ကျွန်တော့်သမီးလေး ဆိုမယ်ဆိုပြီး တက်ဆိုတယ်။ ပရိသတ်တွေက အရမ်းအားပေးတယ် အဲဒီတုန်းကတည်းကပါ။

ဗီဗာ ငယ်ငယ်လေးကတည်းက ဒီသီချင်းတွေ နားရည်ဝနေတယ်။ အဖေ၊ အမေရဲ့ သီချင်းတွေကို တစိုက်မတ်မတ်လုပ်ခဲ့တယ်။ ဗီဗာ ၁၀ တန်းအောင်တော့ အဖေနဲ့ အမေက လက်ဆောင်ပေးတာပေါ့။ ဒီအခွေလေးကို ထုတ်ပေးတာ ၈ ရက်၊ မတ်လ၊ ၂၀၀၉ ခုနှစ်မှာ ဗီဗာရဲ့ ဗျို့ဟစ်သံနဲ့ ကောင်းသောနေ့ ဆိုတဲ့ တေးစီးရီ အယ်ဘမ်က အရင်ဆုံးထွက်ထာပါ။အဲဒီအခွေထွက်တော့ ပရိသတ်တွေက ဗီဗာဟိန်းဆိုပြီး အသိအမှတ်ပြုခဲ့တာပေါ့။ ဖေဖေနဲ့ မေမေနဲ့ ပေးခဲ့တဲ့ လက်ဆောင်လေးပါ။

မေး။ ။ ညီမအနေနဲ့ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေ ရိုက်နေတယ်လို့ သိရတယ်။ ဗီဒီယိုအခွေတွေလည်း ထွက်ထားတာတွေ့ရတယ်ဆိုတော့ အဆိုတော်ကနေ သရုပ်ဆောင်ဘက် ကူးပြောင်းဖို့ အစီစဉ်များရှိနေသလား။

ဖြေ။ ။ ဗီဗာက အနုပညာကိုစပြီး လုပ်ကတည်းက အဆိုတော်ပဲ ဖြစ်ချင်တာ။ ဒါပေမယ့် တစ်ဖက်ကျတော့လည်း နယ်မှာကြိုက်တဲ့ ဗီဒီယို ပရိသတ်တွေက ရိုက်စေချင်တယ်။ ကိုယ့်က သရုပ်ဆောင်မဟုတ်ဘူးလေ၊ အဆိုတော်နဲ့ လာတာဆိုတော့ အခက်အခဲကရှိတယ်။ အဲဒီအတွက် အတတ်နိုင်ဆုံးတော့ ကြိုးစားပြီး သရုပ်ဆောင်ထားတယ်။

မျက်ခုံးပေါ်က လမ်းမဆိုတဲ့ ဒါရိုက်တာ ညိုမင်းလွင် ရိုက်တဲ့ ကိုစိုင်းစိုင်းခမ်းလှိုင်၊ မသက်မွန်မြင့်နဲ့ ရိုက်ထားတဲ့ အခွေထွက်တုန်းက ပရိသတ်တွေရဲ့ လက်ခံမှု ရရှိခဲ့တယ်။ နောက်ပိုင်းကျတော့ ကိုနေထူးနိုင်နဲ့ နှစ်ကားရိုက်ထားတယ်။ အရှေ့မှာလည်း နတ်ကနားပေးကား တစ်ကားရိုက်တယ်။

အခု ဘုတ်မဆိုတဲ့ ဇာတ်ကားမှာကတော့ ဗီဗာအစ်ကိုကြီးရယ်၊ ဗီဗာရယ်၊ ဦးဒိန်းဒေါင်းရယ်၊ အမေချိုရယ်၊ အန်တီ ကစ်ကစ်ရယ်ပေါ့။ ဟာသလေးနဲ့ ဗီဗာသီချင်းတွေ အားလုံးကို ဇာတ်လမ်းလို လုပ်ပြီးတော့ အဆိုတော်ရူး အရူးမ အဲလိုပုံစံလေးပေါ့။ အဲလိုလေး လုပ်ထားတယ်။ ဗီဗာက အဆိုတော်ပဲ လုပ်မှာ။ မင်းသမီးလုပ်မှာ မဟုတ်ဘူး။ ဒါပေမယ့် နည်းနည်းပဲ မင်းသမီးအနေနဲ့ သရုပ်ဆောင်ချင်လို့ပါ။

မေး။ ။ ညီမ ရှေ့ဆက်ပြီး လုပ်ဆောင်မယ့် အနုပညာလှုပ်ရှားမှု အစီစဉ်လေးတွေ အားပေးနေတဲ့ ပရိသတ်တွေအတွက် ပြောပြပေးခဲ့ပါဦး။

ဖြေ။ ။ ဗီဒီယိုဇာတ်ကား နောက်ထပ်တစ်ကား ကိုနေထူးနိုင်နဲ့ ရိုက်ထားတဲ့ ခေတ်သစ်ဒဿန ဇာတ်ကား သိပ်မကြာခင်မှာ ထွက်ပါ့မယ်။ သီချင်းဘက်မှာကျတော့ ဗီဗာနဲ့ ဗီဗာအစ်ကိုကြီး အချစ်တိတ်တခိုး ဆိုတဲ့ အခွေလေးက အော်ဒီယို စီးဒီးပဲထွက်သေးတယ်။ အဲဒါလေးက MTV ရိုက်ဖို့တော့ရှိတယ်။ ဗီဗာ သက်သက် Single ခွေက ဖေဖေနဲ့ မေမေဆိုတဲ့ သီချင်းတွေကို ပြန်ဆိုထားတယ်။ အဲဒါလေးတွေကို New Version နဲ့ တည်းထားပေါ့။ အရင်လို မြူးမြူးလေးကိုပဲ တစ်ခွေလုပ်ဖို့ရှိသလို၊ မြန်မာသံကိုပဲ လုံးဝမြန်မာသံအစစ် ဆိုင်းနဲ့ ကျက်သရေ မင်္ဂလာရှိတဲ့ မင်္ဂလာသီချင်းတွေ တစ်ခွေ စုစုပေါင်း နှစ်ခွေထုတ်ဖို့ ရှိပါတယ်။

မေး။ ။ မွန်ပြည်နယ်မှာရှိတဲ့ ညီမရဲ့ ပရိသတ်တွေအတွက် လက်ဆောင်စကားလေး ပြောခဲ့ပေးပါဦး။

ဖြေ။ ။ မွန်ပြည်နယ်မှာရှိတဲ့ ပရိသတ်တွေနဲ့ နောက်ထပ်လည်း အများကြီး တွေ့ဆုံချင်ပါသေးတယ်။ ပရိသတ်တွေ အားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမားခြင်းနဲ့ ပြည့်စုံပါစေလို့ ဗီဗာ ဆုတောင်းပေးလိုက်ပါတယ်။

ခေတ်မင်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်