ကြန့်ကြာနေဆဲ သံလွင်ဈေး ငါးဒိုင် အပြောင်းအရွှေ့

7

ထိုက်ထိုက်၊ တေဇ

မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် အောက်လမ်းမကြီးရှိ သံလွင်စျေး ငါးဒိုင်ကို ယခုလအတွင်း ပြောင်းရွှေ့မည်ဖြစ်ပြီး မြို့နယ်အဆင့်ကိုလည်း အစိုးရအဖွဲ့မှ ပြောင်းရွှေ့ခွင့်ပြုကြောင်း ပြန်လည် ပေးပို့ထားပြီး ဖြစ်သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က မတ်လ ၂၁ ရက်တွင် ဟင်္သာသို့ ပြောကြားသည်။

လက်ရှိ သံလွင်စျေးပြောင်းရွှေ့ရန်အတွက် နောက်မှ လာရောက်သည့်သူများက အထောက်အထားမပြည့်စုံဘဲ လာရောက်တင်ပြထားသည့်အတွက် ယင်းကိစ္စမှာ ရှုပ်ထွေးလျက်ရှိကြောင်းလည်း ပြည်နယ်ဝန်ကြီးက ဆိုသည်။

“ဆိုင်ခန်းတော့ ရှိတယ် ၊ မရောင်းဘဲနဲ့ ခုမှ ၊ အသစ်ပြောင်းမယ်ဆိုတော့မှ ပြန်ပေါ်လာတာ ၊ ခုမှ အခန်းပိုင်ခဲ့တယ်လို့ ပြန်ရှုပ်နေတယ် ။ အဲဒီကိစ္စရှင်းတာတော့ မပြီး သေးဘူး။ ခုလောလောဆယ် သံလွင်စျေးမှာ ဆိုင်ခန်းရှိတဲ့သူကတော့ အခန်းနဲ့ပဲ အပြောင်းအလဲလုပ်မယ်”ဟု ၎င်းက မတ်လ တတိယပတ်တွင် ပြောသည်။

“လက်ရှိနေရာ ပြောင်းရွှေ့ပြီးရင်တော့ ဒီအတိုင်းသန့်ရှင်းရေးလုပ်ပြီး ထားထားမယ် ။ နည်းနည်းတော့ ပြန်ဝင်မှာပေါ့။ ခုထိတော့ အခက်အခဲတွေ တင်ပြလာတာတော့ မရှိသေးပါဘူး။ လက်ရှိစျေးဟောင်းမှာပဲ စျေးသည်တွေ ပြန်ပေးရောင်းထားမှာပါ ၊ ငါးဒိုင်တွေ ၊ လုပ်ငန်းကြီးတွေ ပြောင်းကို ပြောင်းရမယ်၊ ကျန်သင့်ကျန်ထိုက်တာတော့ ရှိဦးမှာပါ”ဟု ဦးမင်းကျော်လွင်က ဖြည့်စွက်ပြောဆိုသည်။

မော်လမြိုင်မြို့နယ် စည်ပင်သာယာ အမှုဆောင်အရာရှိ ဦးမြင့်သိန်းက လက်ရှိတွင် ကမ်းနားလမ်း၊ ကျောက်မီးသွေးရုံ စျေးသစ်ကို ဆောက်လုပ်ပြီးစီးပြီ ဖြစ်သောကြောင့် ပြောင်းရွှေ့မည်ဖြစ်ပြီး အဆိုပါ စျေးသစ်နေရာတွင် ငါးဒိုင်၊ ကြက်ဒိုင်၊ အသားငါး၊ ဟင်းသီးဟင်းရွက် ရောင်းချရန် အခန်းများ ဆောက်လုပ်ထားကြောင်း ပြောသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ “သိပ်မကြာခင်အချိန်မှာပဲ ပြောင်းရွှေ့မှုကို ပြုလုပ်သွားမှာပါ”ဟု ၎င်းက မတ် လ ဒုတိယပတ်တွင် ပြောဆိုထားသည်။အဆိုပါ စျေးသစ်နေရာတွင် ငါးဒိုင်များအတွက် ဆိုင်ခန်း ၂၂ ခန်း၊ ကြက်ဒိုင်များတွက် ဆိုင်ခန်း ၈ ခန်းနှင့် အခြားသော သားငါး၊ ဟင်းသီးဟင်းရွက်များအတွက် ဆိုင်ခန်း ၃၆ ခန်း ရှိပြီး ရေမီး စုံလင်စွာ အဆင့်မြှင့်တင် ဆောက်လုပ်ထားကြောင်း၊ ထို့ပြင် လက်ရှိ သံလွင်စျေး ငါးဒိုင်နေရာတွင် လုပ်ကိုင်နေသည့် သူများကိုသာ ပြန်လည်နေရာချထားပေးမည်ဖြစ်ပြီး ဆိုင်ခန်းခနှုန်းထားများကို မသတ်မှတ် ရသေးကြောင်း ၎င်းက ပြောဆိုသည်။

ယင်းသံလွင်စျေး ငါးဒိုင်နေရာတွင် အနံ့အသက်များ မကောင်းသဖြင့် ရပ်ကွက်နေပြည်သူများ၏ တိုင်ကြားချက်များကြောင့် ယင်းစျေးပြောင်းရွှေ့ရန် ရှိမရှိကို ယခင် ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးတစ်ခုတွင် သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက မေးမြန်းခဲ့ဖူးသည်။

လက်ရှိစျေးဟောင်းနေရာတွင် ငါးဒိုင်လုပ်ငန်းရှင် ၂၀ နီးပါးရှိနေပြီး ငါးဒိုင်လုပ်ငန်းအပေါ် မှီခိုလုပ်ကိုင်နေသော အလုပ်သမား ၁၀၀ ကျော်ရှိပြီး သံလွင်စျေးရှိ ငါးဒိုင်ဘက်အပိုင်းသာ ပြောင်းရွှေ့မည်ဖြစ်ကာ အခြားနေရာများမှာ ယခင်အတိုင်း ကျန်ရှိနေမည်ဖြစ်ကြောင်း သိရသည်။

သံလွင်စျေးမှ ငါးရောင်းဝယ်ရေးဒိုင် လုပ်ကိုင်သူ ကိုအောင်မျိုးဦးက အဆိုပါ အပြောင်းအရွှေ့ကိစ္စနှင့်ပတ်သက်၍
“ကျွန်တော်တို့ကတော့ ပေကျယ်ကျယ်ဝန်းဝန်းလေးကို လိုချင်တယ်။ ပေကျယ်ကျယ်ဝန်းဝန်းလေးနဲ့ အလုပ်လုပ်ရလို့ရှိရင် အရောင်းအဝယ်ပြုလုပ်တဲ့အခါ ပိုကောင်းတာပေါ့။ ဆိုင်ခန်း ကျဉ်းကျဉ်းလေးတွေနဲ့ဆို ပုံးတွေချတာနဲ့ ဘယ်လိုမှ အဆင်မပြေဘူးလေ။ ချဖို့လည်း နေရာမရှိဘူး၊ လူမတ်တပ်ရပ်ဖို့လည်း နေရာမရှိဘူး။ ထိုင်ရောင်းဖို့လည်း နေရာမရှိဘူးဖြစ်နေတယ်။ လက်လီရောင်းသလို တစ်ယောက်တည်းထိုင်ပြီး ရောင်းနေလို့ မဖြစ်ဘူးလေ။ ကျန်တဲ့ဥစ္စာတော့ ကျယ်ကျယ်ဝန်းဝန်လေးနဲ့ ပုံးတွေ စီစီရီရီထားပြီးတော့ ချရမှ အဆင်ပြေတာလေ။နယ်ကနေ လာပို့တဲ့ကားတွေဆိုလည်း ကားကြီးကားငယ်တွေနဲ့ လာပို့နေတာပဲ။ အဲဒါတွေကို လက်ခံနိုင်ဖို့က ကျယ်ဖို့လိုတယ်လေ။ နယ်ကနေ လာပို့တာကို ထားစရာနေရာမရှိရင်တော့ အလုပ်လုပ်ဖို့ မဖြစ်ဘူးပေါ့”ဟု သဘောထားမှတ်ချက်ပေးသည်။

၎င်းတို့ လိုအပ်သည့် နေရာမှာ ပေ အတော်အတန် အကျယ်အဝန်း ရှိကြောင်း၊ ကားပါကင်ကိုလည်း ယာဉ်ကြီးယာဉ်ငယ်များ အားလုံး ဝင်ထွက်သွားလာနိုင်စေလိုကြောင်း၊ ယာဉ်အရေအတွက် များများ ရပ်နားနိုင်သည့် အနေအထားမျိုး လိုအပ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။ယင်းသို့ မဟုတ်ပါက တွေ့ကြုံလာနိုင်သည့် အခက်အခဲကို ၎င်းက ယခုလို ပြော၏။

“တကယ်လို့ အဆင်မပြေရင် လမ်းမကြီးမှာ ကားရပ် ငါးတွေကို လမ်းပေါ်မှာ ပုံချ၊ ပုံဆွဲနေရင်လည်း မသင့်တော်ပြန်ဘူး။ မသင့်တော်မှန်းလည်းသိတယ်။ နေရာကျပ်နေရင်တော့ လမ်းမပေါ်မှာပါ သွားပြီး အလုပ်လုပ်နေရမှာပဲ”ဟု ဆိုသည်။ဆိုင်ရှေ့တွင် ယာဉ်မရောက်နိုင်ပါက လုပ်သားဦးရေ သုံးလေးဆယ် အင်အားဖြင့် အတင်အချ၊ အသယ်အပို့ ပြုရန်မှာလည်း ဆိုင်ခန်းကျဉ်းပါက အဆင်မပြေနိုင်ကြောင်း ၎င်းက ပြောသည်။”အခု ကျောက်မီးသွေးရုံမှာ အသစ်ဆောက်ထားတဲ့ဆိုင်ခန်းတွေက လက်လီဆိုင်တွေ ရောင်းသလိုမျိုးဖြစ်တယ်။ ပျံကျတွေ ရောင်းတဲ့ ဆိုင်တွေလိုမျိုး သေးသေးလေးတွေဖြစ်နေတယ်။ကျွန်တော်တို့က ငါးဒိုင်ကြီးတွေလေ။ မွန်ပြည်နယ် တစ်ခုလုံးတောင်မကဘူး။ အနယ်နယ် အရပ်ရပ်က ငါးတွေကိုလည်း လိုအပ်ရင် လိုအပ်သလို ဝယ်ရောင်းရသေးတယ်။ တစ်ခါတလေ ရန်ကုန်က ကားတွေပါ ဝင်လာရင် ပိုပြီး အလုပ်လုပ်ရတယ်”ဟု လည်း ပြောဆိုသည်။လက်ရှိ ပြောင်းရွှေ့ရမည့် နေရာတွင် အလုံအလောက် ဆောက်လုပ်ပေးမည် ထင်၍ အဆိုပြုခဲ့ကြကြောင်း သူက ပြန်ပြောပြသည်။

“ဒါပေမယ့် ကျယ်ကျယ်ဝန်းဝန်း မဖြစ်တဲ့အပေါ်မှာတော့ စိတ်ပျက်မိတယ်။ ကျယ်ကျယ်ဝန်းဝန်း ဖြစ်ရင်တော့ လူတိုင်းက စိတ်ပျက်မိမှာ မဟုတ်ဘူး။ အခုပြောင်း ဆိုရင်တောင် အခုသွားကြမယ့် သူတွေချည်းပဲ။ အခုက ဆောက်လို့ပြီးတော့ နေရာလေးတွေက ကျဉ်းကျဉ်းလေးတွေဖြစ်နေတယ်။ ကျဉ်းတဲ့အပေါ်မှာတော့ လူတိုင်းက စိတ်ပျက်မိတာပဲ၊ အဲလိုပါ။ ကျယ်မယ်ဆိုရင်တော့ တစ်ယောက်ကို ပေ ၄ဝလောက်ရမယ်ဆိုရင်တော့ ပိုအဆင်ပြေတာပေါ့။ အဆင်ပြေနိုင်တဲ့ အခြေအနေကိုပြောတာပါ”ဟု ၎င်းက အကြံပြုသည်။

လက်ရှိ ငါးဒိုင် လုပ်ကိုင်နေသူ လုပ်ငန်းရှင်တစ်ဦးကလည်း သူ၏ သဘောထားအမြင်ကို ယခုလို ဖွင့်ဟ ပြောဆိုခဲ့သည်။
“ကျောက်မီးသွေး စျေးသစ်လို နေရာကျဉ်းကျဉ်းလေးမပြောနဲ့ ၊ ဒီသံလွင်စျေးမှာတောင် မနက်ပိုင်း ၂နာရီ ၃နာရီ ဝန်းကျင်လောက်ဆို လာကြည့်ကြည့်ပါ။ ကားတွေက အရမ်းများရင် လမ်းမပေါ်မှာပဲ ငါးတွေကိုချတယ်။ ပုံးတွေကို ချတယ်။ တင်တယ်။ လူတွေကလည်း အများကြီးနဲ့ လုပ်နေရတာပါ။ နေရာကျဉ်းတဲ့ နေရာမှာဆို ဘယ်လိုမှ အဆင်မပြေဘူး။ ကျွန်တော်တို့ အလုပ်သမားကြီးပဲ လေး ငါးဆယ်လောက်ရှိတယ်။ ငါးတွေထည့်ထားတဲ့ ပုံးသေးတွေ ပုံးကြီးတွေ မပါသေးဘူး။ အလုပ်သမားတွေ ဟိုလှည့် ဒီလှည့်နဲ့ပဲ နေရာက ပြည့်သွားရင် မဖြစ်ဘူးလေ”ဟု ဆို၏။

လက်ရှိ သံလွင်စျေး လူမှုရေးဥက္ကဋ္ဌ ဦးလှဝင်းက သံလွင်ဈေးနှင့်ပတ်သက်၍ ယခုလို ပြန်ပြောင်းပြောပြသည်။

“သံလွင်စျေးသက်တမ်းကတော့ နှစ်ပေါင်း ၃ဝကျော်နေပြီ။ ကြာပြီပေါ့။ ၁၉၈၉ – ၉၀ လောက်ကပေါ့။ အရေးအခင်းပြီး နောက်ပိုင်းမှာ စဆောက်တာ။ အရင်တုန်းက မပြောင်းဖြစ်တာက ဆိုင်တွေရဲ့ ပိုင်ဆိုင်ခွင့်တွေကို မပေးရသေးဘူး”ဟု ဆိုသည်။သံလွင်ဈေးမှ ငါးဒိုင်များ ပြောင်းရွှေ့ပြီးပါက အခြေအနေနှင့်ပတ်သက်၍ “ဒီသံလွင်စျေးကနေ ငါးဒိုင်တွေ ပြောင်းသွားပြီဆိုရင် ထားဝယ်စုစျေးက ဆိုင်ခန်းတွေ ဝင်မယ်” ဟု ပြော၏။

လက်ရှိအနေအထားတွင် အဆိုပါအပြောင်းအရွှေ့ကိစ္စမှာ လက်ရှိ လုပ်ငန်း လုပ်ကိုင်မနေဘဲ နေရာသစ်တွင် ဆိုင်ခန်း ရလိုသူများ ကိစ္စ၊ လက်တွေ့လုပ်ကိုင်နေသူများ၏ မြေနေရာ အကျယ်ဧရိယာလိုအပ်ချက်ကိစ္စတို့ြဖင့် ဝေဖန်ပြောဆိုမှုများ ရှိနေဆဲပင်ဖြစ်သည်။

ထိုက်ထိုက်၊ တေဇ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်