လုပ်ခလစာလျှော့ပေးလို့ McDonald’s ကုမ္ပဏီ ဆန္ဒပြခံရ

21

ဝါရှင်တန် မတ် ၂၇

နာမည်ကျော် ဘာဂါနဲ့ ကြက်ကြော်တွေရနိုင်တဲ့ Fast foodစားသောက်ကုန်ထုတ်လုပ်ငန်းကုမ္ပဏီ McDonald’s ဟာ ဆိုင်တွေရဲ့ အသုံးစရိတ်နဲ့ ဝန်ထမ်းတွေရဲ့လုပ်ခလစာတွေအပေါ် အနည်းဆုံးပမာဏအထိလျှော့ချခဲ့တာကြောင့် ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အထူးသဖြင့် McDonald’s ဆိုင်ခွဲတွေရဲ့ ဝန်ထမ်းတွေဟာ အသုံးစရိတ်တွေနဲ့ ရပိုင်ခွင့်လျှော့ချတဲ့အပေါ်မှာ သူတို့ရဲ့ အလုပ်သမား အခွင့်အရေးကိုလျှော့ချခံရတယ်ဆိုပြီး ကန့်ကွက်နေကြတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံရဲ့ စားသောက်ဆိုင်များအဖွဲ့အစည်းကနေ ကြားဝင်ဖြေရှင်းပေးနေရပါတယ်။ အမေရိကန် ထိပ်တန်းအစိုးရအရာရှိတွေကိုယ်တိုင် စားသောက်ဆိုင်များအဖွဲ့ကို စာပို့ပြီး ကူညီဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး လုပ်ခလစာနဲ့ အသုံးစားရိတ်တွေကို ယခင်အတိုင်း ခံစားခွင့်ပေးအောင်လုပ်ဆောင်ပေးဖို့ တိုက်တွန်းထားပါတယ်။

အသုံးစားရိတ်တွေလျှော့ပြီး လုပ်ငန်းတိုးတက်အောင်လုပ်တယ်ဆိုတာ တစ်ဖက်မှာ ဝန်ထမ်းတွေရဲ့ အခွင့်အရေးကို ဖိနှိပ်လိုက်ရာရောက်ပြီး အလုပ်ချိန်လည်း အလျှော့မပေးပဲ ပုံမှန်အတိုင်းထားရှိကာ ခံစားခွင့်ကိုပဲလျှော့ချတာကို မကျေနပ်ဘူးလို့ ဆန္ဒပြတဲ့ ဝန်ထမ်းတွေက ပြောပါတယ်။

ဆိုင်ခွဲက ဝန်ထမ်းတွေဟာ တစ်နေ့ကို ၁၀နာရီအလုပ်လုပ်ကိုင်ရပေမဲ့ အသုံးစရိတ်နဲ့ ခံစားခွင့်ကတော့ အခြား အလုပ်ချိန် ၈နာရီသာရှိတဲ့ စားသောက်ဆိုင်တွေထက်ကို နည်းနေပါသေးတယ်။ ဒါဟာ အလုပ်သမားထုကို စီးပွားရေးအရ အမြတ်ထုတ်ရာ ရောက်တယ်ဆိုပြီး ဝန်ထမ်းတွေက ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ သူတို့ရဲ့အသုံးစရိတ်ခံစားခွင့်နဲ့ လစာလျှော့ချတယ်ဆိုတဲ့အချက်ကို ငြင်းဆိုခဲ့ပါတယ်။

အလုပ်ချိန်များနေပေမဲ့ ပိုနေတဲ့အလုပ်ချိန်အတိုင်း အချိန်ပိုကြေးခံစားခွင့်ပေးထားတယ်လို့လည်း သူကပြောပါသေးတယ်။

McDonald’s လုပ်ငန်းဟာ ကမ္ဘာပေါ်မှာ ဝန်ထမ်းအများဆုံး စားသောက်ကုန်လုပ်ငန်းတစ်ခုဖြစ်ပြီး လာမဲ့ ၂၀၂၄မှာ အလုပ်ချိန်ကို ၁၅နာရီအထိ တိုးပြီးလုပ်ခိုင်းဖို့ စဉ်းစားထားတယ်လို့ဆိုပါတယ်။ အချိန်ပိုကြေးအတွက် အခြေခံ တစ်နာရီကို ၇ဒသမ၂၅ဒေါ်လာအပိုဆောင်း ပေးဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လက်ရှိ ဆန္ဒပြနေတဲ့ အလုပ်သမားတွေဘက်ကတော့ လစာကိုတန်းတူပေးထားသလိုမျိုး အလုပ်ချိန်ကိုလည်း အခြားစားသောက်ဆိုင်တွေလို တန်းတူလျှော့ချပေးဖို့ ဒါမှမဟုတ် ခံစားခွင့်ကို တိုးမြှင့်ပေးဖို့ တောင်းဆိုနေကြပါတယ်။

CNBC

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်