ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှင်သန်နေဆဲ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)နှင့် NCA လက်မှတ်မရေးထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆွေးနွေးပွဲများ နေပြည်တော်တွင် ဆွေးနွေးခဲ့ကြသည်။ ထိုအထဲတွင် AA အဖွဲ့လည်း ပါဝင်ကြောင်းသိရသည်။ မတ်လ ၂၂ ရက်တွင် စပြီး တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် တစ်ဖွဲ့ချင်းစီ သီးခြားတွေ့ဆုံသွားဖို့ ရှိနေသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှာ – ‘O’ အဖွဲ့ (UWSA)၊ ကချင်အဖွဲ့ (KIA)၊ ရှမ်းအဖွဲ့ (SSPP) ၊ မိုင်းလားအဖွဲ့ (NDAA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့(AA) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ဖြစ်သည်။

ယခင်တွေ့ဆုံမှုများနှင့် ယခုတွေ့ဆုံမှုတွေက ဘယ်လိုသဘောတူညီချက်တွေ၊ ဘယ်လိုကတိကဝတ်တွေ ရကြသည်ဆိုတာ သတင်းထုတ်ပြန်ချက်တွေ ထင်ဟပ်နေသည်။ အများအားဖြင့် ယေဘုယျဆန်သော မှတ်ချက်တွေသာများသည်။ သိသာမြင်သာတဲ့အဆင့်တစ်ခုကို မရောက်သေး။

ကချင်ပြည်နယ်၊ ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မြောက်ပိုင်းတိုက်ပွဲ ပဋိပက္ခတွေက တိုင်းပြည်အတွက် နစ်နာမှုတွေရှိနေသည်။ ထိုဒေသက ပြည်သူတွေ ဒုက္ခပင်လယ်ဝေကြရသည်။ နိုင်ငံတကာအလယ်မှာနိုင်ငံမျက်နှာပျက်ရသည်။ တိုက်ပွဲတွေ ဘာကြောင့် ဖြစ်ရသလဲ။ သမိုင်းတွင် ဗိုလ်ချုပ်၏ ပင်လုံကတိကဝတ်ရှိသည်။ ထိုကတိကဝတ်အတွက် အာမခံချက်မရှိသေး။ ယနေ့အခြေအနေတွင် ပိုမိုရှုပ်ထွေးသောပြဿနာတွေ ရင်ဆိုင်နေရသည်။ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စသည်။

ငြိမ်းချမ်းရေးကို ရှေးရှုးသောတွေ့ဆုံမှုများက ရှိနေသည်။ ၂၁ ရာစုပင်လုံကတိကဝတ်တချို့ ပေါ်ထွက်လာသည်။ ငြိမ်းချမ်းရေးအတွက် ပြည်သူ့အသိတွေပိုမိုကျယ်လောင်လာသည်။ ၂၀၂၀ မှာ ငြိမ်းချမ်းရေးပေးနိုင်ဖို့ တပ်မတော်ကပြောသည်။ ယခုတွေ့ဆုံမှုတွင် တပ်ပိုင်းဆိုင်ရာများအတွက် တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့က အလေးထားလာသည်။ နှစ်ဖက်ထိတွေ့မှုများမရှိရေးကောင်း သောလက္ခဏာပင်ဖြစ်သည်။

အချုပ်ဆိုရသော် အစိုးရ၊ တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အခါမလပ်တွေ့ ဆုံဆွေးနွေးမှုများရှိနေခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှင်သန်နေခြင်းပင်ဖြစ်သည်။ ငြိမ်းချမ်းရေးအပြည့်အဝရဖို့အားလုံးက ပိုမိုအားထည့်လုပ်ဆောင်ကြဖို့တော့လိုပါသည်။

အယ္ဒီတာ

၂၂ မတ် ၂၀၁၉

Leave a Reply