၂၀၂၀ ရွေးကောက်ပွဲအပေါ် ပြည်သူယုံကြည်မှုမကျအောင် ပြုပြင်ပြောင်းလဲပါဟု စောင့်ကြည့်အဖွဲ့တိုက်တွန်း

20
ပုံစာ - ၂၀၀၈ ကြားဖြတ်ရွေးကောက်ပွဲ မဲပေးနိုင်သူစာရင်းကို ကြည့်ရှုနေသူများ (ဓာတ်ပုံ - အောင်ငြိမ်းချမ်း/Myanmar Now)

By ဝင်းနန္ဒာ / Myanmar Now
29/03/2019

ရန်ကုန် – ရွေးကောက်ပွဲအပေါ် ပြည်သူမယုံကြည်မှုများမဖြစ်ပေါ်အောင် တားဆီးသည့်အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်သည် လာမည့်၂၀၂၀ရွေးကောက်ပွဲမတိုင်မီ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သင့်သည်ဟု ရွေးကောက်ပွဲဆိုင်ရာစောင့်ကြည့်လေ့လာသည့်အဖွဲ့တစ်ဖွဲ့က အကြံပြုချက် ထုတ်ပြန်လိုက်သည်။

ရန်ကုန်မြို့တွင် ယမန်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုအစီရင်ခံစာ ထုတ်ပြန်ပွဲ၌ အဆိုပါအစီရင်ခံစာကိုပြုစုခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE) ၏ဦးဆောင်သူများက ပြောခြင်းဖြစ်သည်။

လစ်လပ်နေရာ ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပခဲ့ပြီး အမျိုးသားလွှတ်တော်တစ်နေရာ၊ ပြည်သူ့လွှတ်တော် လေးနေရာနှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ရှစ်နေရာတို့ဖြစ်သည်။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ခုနစ်နေရာဖြင့် အများဆုံးအနိုင်ရခဲ့ပြီး အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သုံးနေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများက တစ်နေရာစီ အနိုင်ရရှိခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်လာမည့်၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်ရန်အကြံပြုချက်ခြောက်ချက်ကို PACE အဖွဲ့က အစီရင်ခံစာတွင်ထည့်သွင်းထုတ်ပြန်ခဲ့သည်။

ယင်းတို့တွင် ကော်မရှင်အနေဖြင့်ရွေးကောက်ပွဲကျင်းပမည့်နေ့အပါအဝင်လုပ်ငန်းစဉ်အသေးစိတ်၏အချိန်စာရင်းကိုတစ်ချိန်တည်းတစ်ပြိုင်နက်တည်းထုတ်ပြန်ကြေညာရန်၊ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက် အလက်များကိုအသေးစိတ်ထုတ်ပြန်ပေးရန်၊ကြိုတင်မဲများအားလုံးကိုမြို့နယ်ကော်မရှင် အဖွဲ့ခွဲများတွင်ရေတွက်ခြင်းမပြုလုပ်တော့ဘဲသက်ဆိုင်ရာမဲရုံများသို့ပေးပို့ကာရေတွက်ရန်အကြံပြုထားသည်။

ထို့ပြင် မဲဆွယ်စည်းရုံးရေးရန်ပုံငွေရယူလက်ခံခြင်းနှင့်ပတ်သက်ပြီးတိကျသည့်လုပ်ထုံးလုပ်နည်းများကိုပါတီများအားလုံးလက်ခံသည့်မူဘောင်ဖြစ်လာစေရန်၊မဲဆန္ဒရှင်စာရင်း၏အရည်အသွေးနှင့်ပတ်သက်ပြီးနိုင်ငံရေးပါတီများအပါအဝင်အရပ်ဘက်အဖွဲ့အစည်းများကိုဆန်းစစ်လေ့လာမှုများပြုလုပ်ခွင့်ပြုရန်၊လွတ်လပ်ပြီးအမှီအခိုကင်းသည့်ရွေးကောက်ပွဲကော်မရှင်တစ်ရပ်ဖြစ်လာစေရန်စသည်အချက်များကိုလည်းဆက်လက် အကြံပြုထားသည်ကိုတွေ့ရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏လက်ရှိဥပဒေမူဘောင်နှင့်လုပ်ထုံးလုပ်နည်းများအရကော်မရှင်သည်အနိုင်ရပါတီကိုဘက်လိုက်မှုရှိသည်ဟူသည့်အမြင်ကိုသက်ရောက်စေသည့်အတွက်ကော်မရှင်အနေဖြင့်၎င်းတို့လုပ်ဆောင်ချက်ကိုပွင့်လင်းမြင်သာမှုရှိရှိထုတ်ပြန်သင့်သည်ဟုရွေးကောက်ပွဲ ဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE) မှအမှုဆောင်ဒါရိုက်တာကိုစိုင်းရဲကျော်စွာမြင့်ကပြောသည်။

“ကော်မရှင်သက်တမ်းကအစိုးရသက်တမ်းနဲ့အတူတူပဲ။တက်လာတဲ့အစိုးရကပဲကော်မရှင်ကိုဖွဲ့ထားတဲ့အတွက်ဘက်လိုက်တယ်ဆိုတဲ့အမြင်ကိုသက်ရောက်စေတယ်။၂၀၂၀ကယှဉ်ပြိုင်မှုကြီးနိုင်တယ်။ကော်မရှင်ဟာအဲ့ဒီယုံကြည်မှုကိုတည်ဆောက်ဖို့လိုတယ်။ပါတီတွေနဲ့ပုံမှန်တွေ့ဆုံမှုတွေလုပ်ဖို့လိုတယ်” ဟု၎င်းကပြောသည်။

ပြီးခဲ့သည့်၂၀၁၈ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲဖြစ်စဉ်တွင်မဲဆန္ဒနယ်၁၂ခုလုံးတွင်ရွေးကောက်ပွဲဖြစ်စဉ်ကိုထိခိုက်စေသည့်ပြဿနာကြီးကြီးမားမားမရှိခဲ့သော်လည်းလာမည့်၂၀၂၀ရွေးကောက်ပွဲအတွက်ကိုတော့နိုင်ငံရေးပါတီများ၏ရွေးကောက်ပွဲမယုံကြည်မှုဖြစ်ပေါ်စေရန်ကြိုတင်ပြင်ဆင်မှုများပြုလုပ်သင့်ကြောင်းကိုစိုင်းရဲကျော်စွာမြင့်ကအကြံပြုပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်ရွေးကောက်ပွဲဆိုင်ရာမဟာဗျူဟာစီမံချက်ရေးဆွဲထားပြီဖြစ်ကာသက်ဆိုင်ရာနိုင်ငံရေးပါတီအသီးသီးသို့ပေးပို့ထားပြီး ဖြစ်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်ကMyanmar Now ကို ယမန်နေ့က ပြောသည်။

“တက်လာတဲ့အစိုးရက (ရွေးကောက်ပွဲကော်မရှင်ကို) ဖွဲ့ရတာကတော့ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့ရတာဖြစ်တယ်။ကျွန်တော်တို့နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံဖို့လည်းရှိပါတယ်။ခုလာမယ့်ရွေးကောက်ပွဲကိုပြည့်စုံမှန်ကန်တဲ့မဲပေးမှုဖြစ်ဖို့၊ဘက်မလိုက်မျှတတဲ့ဥပဒေအတိုင်းပဲလုပ်ဖို့သန္နိဋ္ဌာန်ချထားတယ်” ဟု၎င်းကပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် အငြင်းပွားစရာအချို့ရှိခဲ့ရာ အမျိုးသားလွှတ်တော် လစ်လပ် တစ်နေရာဖြစ်သော ကချင် (၂) မဲဆန္ဒနယ်တွင် အနိုင်ရသွားသည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးဆီဟူးဒွေ့သည် တပ်မတော်သားတို့၏မဲများပါဝင်သောကြိုတင်မဲ၄,ဝဝဝကျော်ထဲမှအများအပြားကိုရရှိသွားရာမှထိုမဲဆန္ဒနယ်တွင်ကြိုတင်မဲကအငြင်းပွားဖွယ်ဖြစ်လာသည်။

ထို့ပြင် ရန်ကုန်တိုင်းလွှတ်တော် ဆိပ်ကမ်းမဲဆန္ဒနယ် (၂) တွင် အနိုင်ရသွားခဲ့သည့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် လောင်း ဦးနေမျိုးအောင်သည် ရွေးကောက်ပွဲအကြိုကာလက ၎င်းအပါအဝင် ပြည်ခိုင်ဖြိုးပါတီဝင် အချို့သည် မဲဆန္ဒနယ်ပြည်သူများအတွက် ပြင်ပပုဂ္ဂလိက ငွေချေးလုပ်ငန်းတစ်ခုနှင့် ပူးပေါင်းပြီးငွေချေးနိုင်အောင် ဆောင်ရွက်ခဲ့ခြင်းနှင့် စပ်လျဉ်းပြီး အမှုဖွင့်ခံထားရသည်။

==

 

ပုံစာ – ၂၀၀၈ ကြားဖြတ်ရွေးကောက်ပွဲ မဲပေးနိုင်သူစာရင်းကို ကြည့်ရှုနေသူများ (ဓာတ်ပုံ – အောင်ငြိမ်းချမ်း/Myanmar Now)

Advertisements

Leave a Reply