လူနည်းစု တိုင်းရင်းသားတို့ရဲ့ ဆန္ဒကို လေးစားပါ

34
ပုံစာ - ဖေဖော်ဝါရီလအတွင်းက လွိုင်ကော်တွင် ပြုလုပ်သည့် ကြေးရုပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ (ဓာတ်ပုံ - Union of Karenni State Youth – UKSY)

By သွေး (စစ်ကိုင်း)
29/03/2019 / Myanmar Now

မြန်မာနိုင်ငံဟာ တိုင်းရင်းသား ပေါင်းစုံ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံ တခု ဖြစ်သလို ဖက်ဒရယ် ပြည်ထောင်စုဆီ ဦးတည်သွားနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်တာ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်တာ၊ တိုင်းရင်းသားတို့ရဲ့ ယဉ်ကျေးမှုပွဲတော်တွေကို ကျင်းပနိုင်ခဲ့တာ ကြိုဆိုရမှာ ဖြစ်ပေမယ့် အနှစ်သာရ ပြည့်ဝတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့ အတွက်တော့ “တန်းတူညီမျှရေး” ဟာ အထူးပဲ အရေးကြီးပါတယ်။

တိုင်းရင်းသားတွေဟာ ခေတ်အဆက်ဆက်သော အစိုးရတွေ လက်ထက်မှာ ပဋိပက္ခတွေကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရပါတယ်။ တချို့သော တိုင်းရင်းသားဒေသတွေမှာ “ခွဲခြားဆက်ဆံ ခံရတာတွေ၊ လက်နက်ကိုင် အဖွဲ့တွေရဲ့ အနိုင်ကျင့် ခံရတာတွေ ရှိနေခဲ့သလို ဒီနေ့ထိတိုင်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေ” ရှိနေတာပါ။

လူမျိုးတစ်မျိုးတိုင်းမှာ သူတို့ လေးစားရတဲ့၊ စံပြုရတဲ့ ပုဂ္ဂိုလ်တွေ ရှိနေတာ သဘာဝကျပါတယ်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ ချုပ်ဆိုနိုင်ခဲ့တဲ့ “ပင်လုံစာချုပ်” ဟာ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှုကြား ယုံကြည်မှု တည်ဆောက်နိုင်ခဲ့လို့သာ ဖြစ်ပါတယ်။ ဒါပေမယ့်… ပင်လုံ ကတိကဝတ်တွေ အတိုင်း “အမျိုးသားတန်းတူညီမျှရေး” မရရှိသေးတာဟာလည်း တိုင်းရင်းသားတွေဘက်က အဓိက ထောက်ပြတဲ့ အချက်ဖြစ်နေတာကို လေ့လာရပါတယ်။

အထူးသဖြင့်တော့ ပြည်နယ်တွေက ထွက်ရှိတဲ့ သယံဇာတွေကို ပြည်ထောင်စု အစိုးရကပဲ စီမံခန့်ခွဲခွင့်ရှိနေတာ၊ သယံဇာတ ရောင်းချရငွေကို ပွင့်လင်းမြင်သာစွာ သိခွင့်မရတာ၊ တိုင်းရင်းသားတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်တဲ့ စီမံကိန်းတွေ ရှိနေတာတွေက ထင်သာမြင်သာတဲ့ ဥပမာတွေပါ။ ကချင်ပြည်နယ်မှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ရလောက်အောင် ကျောက်စိမ်းတွေ တူးဖော်နေပေမယ့် ကျောက်စိမ်းက ရတဲ့ အကျိုးအမြတ်ကို ကချင်လူထုက ခံစားခွင့် မရသေးပါဘူး။

ရခိုင်ပြည်နယ်ဆိုရင်လည်း ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့ကနေ အစိုးရအတွက် ဘီလီယံနဲ့ ချီတဲ့ ဝင်ငွေတွေ ရနေပေမယ့် ရခိုင် တိုင်းရင်းသားတွေဟာ ဒေသတွင်း အလုပ်အကိုင် ရှားပါးမှုကြောင့် ပြည်ပထွက် အလုပ် လုပ်ကိုင်နေရသလို မြန်မာနိုင်ငံမှာ ဒုတိယ အဆင်းရဲဆုံး ပြည်နယ်တစ်ခု ဖြစ်နေဆဲပါ။

“ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း” ကနေ ဒေသခံတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်သလား ဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ထိခိုက် ခံစားနေရတဲ့ ရခိုင်တိုင်းရင်းသားတွေ အများကြီး ရှိပါတယ်။

အခုလို အခြေအနေတွေမှာ တိုင်းရင်းသားတွေရဲ့ သဘောဆန္ဒနဲ့ ဆန့်ကျင်တဲ့ လုပ်ဆောင်ချက်များဟာ “ကောင်းကျိုးထက် ဆိုးကျိုးကိုပဲ” ဖြစ်စေမှာပါ။ ဥပမာအားဖြင့် ယခင်က “ကရင်နီပြည်” လို့ ခေါ်ခဲ့တဲ့ အခု “ကယားပြည်နယ်” ဟာ ကိုလိုနီခေတ် တလျှောက်မှာတောင် အင်္ဂလိပ်လက်အောက် မကျရောက်ခဲ့တဲ့ သီးခြား လွတ်လပ်တဲ့ ပြည်နယ်တစ်ခုလို့ မှတ်သားရပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် တောင်တန်း ပြည်မ မခွဲခြားဘဲ လွတ်လပ်ရေးရယူဖို့ ကြိုးစားကြတဲ့အချိန်ထိ ကရင်နီပြည်ဟာ သီးခြား လွတ်လပ်တဲ့ပြည်နယ်အနေနဲ့ ရှိနေခဲ့ပါတယ်။ ကရင်နီပြည်နယ်မှာ ကရင်နီ၊ ကယန်း၊ ကယော၊ မနုမနော၊ ယင်းတလဲမျိုးနွယ်စုဝင်တွေ ပေါင်းစည်းနေထိုင်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံတွင်းက ပြည်နယ်တစ်ခု ဖြစ်လာခဲ့ပေမဲ့ ကရင်နီပြည်သူတွေ လေးစားတန်ဖိုးထားတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ရှိခဲ့တာ အမှန်ပါ။ ဒါကြောင့် ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူတာကို ကရင်နီလူငယ်တွေက ကန့်ကွက်နေတာဖြစ်ပါတယ်။

သမိုင်းကို ပြန်ကြည့်ရင် ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ “ကရင်နီနယ်” လို့ ဖော်ပြခဲ့ပြီး ၁၉၅၂ ခုနှစ်မှာတော့ “ကယားပြည်နယ်” လို့ အမည်ပြောင်းခဲ့တာ ဖြစ်ပါတယ်။

လူနည်းစု တိုင်းရင်းသားတွေဟာ ဗိုလ်ချုပ်အောင်ဆန်းကို မချစ်လို့၊ အသိအမှတ် မပြုတာမျိုး မဟုတ်ကြပေမယ့် ဗိုလ်ချုပ်ရဲ့ ပင်လုံကတိကဝတ်က အရေးကြီးသလား၊ ဗိုလ်ချုပ်ကြေးရုပ်က အရေးကြီးသလား ဆိုပြီး မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။ အတန်တန် ကန့်ကွက်နေတဲ့ ကြားက ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခဲ့လို့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကရင်နီလူငယ်တွေ အပါအဝင် ကရင်နီပြည်သူတွေကို ရဲတပ်ဖွဲ့က ရော်ဘာကျည်၊ ရော်ဘာတုတ်တွေနဲ့ ပစ်ခတ် ရိုက်နှက် ဖြိုခွဲမှုဟာ နိုင်ငံတော်ရဲ့ အထင်ကရ အလေးထားရတဲ့ ပြည်ထောင်စုနေ့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

တွေ့ဆုံညှိနှိုင်း အဖြေရှာရင် ရနိုင်ပေမယ့်… အခုလို ပစ်ခတ်ရိုက်နှက်တဲ့ အထိ ဖြစ်ခဲ့တာဟာ လက်ရှိ နိုင်ငံတော်ကို ဦးဆောင်နေတဲ့ NLD အရပ်သား အစိုးရရဲ့ ရပ်တည်မှုကိုပါ မေးခွန်းထုတ်စရာ ဖြစ်လာပါတော့တယ်။ ကရင်နီ လူငယ် ၂၁ ဦးခန့် ဒဏ်ရာရရှိခဲ့လို့ အံ့သြစရာ ဖြစ်ရသလို ဒီလူငယ်တွေဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းအမှောင်ချ ခံထားခဲ့ရတဲ့ စစ်အာဏာရှင် အဆက်ဆက် လက်ထက်မှာ အာဇာနည်နေ့အခမ်းအနားကို မဖြစ် ဖြစ်အောင်ကျင်းပဖို့ ကြိုးပမ်းခဲ့ကြတဲ့ လူငယ်တွေ ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စည်သူက ထုတ်ဖော်ပြောကြားခဲ့တာလည်း တွေ့ရပါတယ်။

ပြည်နယ်အစိုးရ အဖွဲ့နဲ့ ကရင်နီ လူငယ်တွေ ပြည်ထောင်စုနေ့ မွန်းလွဲပိုင်းမှာ တွေ့ဆုံခဲ့ပြီး ဆန္ဒထုတ်ဖော်ခဲ့တဲ့ လူငယ်တွေကို တရားစွဲဆိုတာတွေ ရုပ်သိမ်းပေးသွားမယ် လို့ … ပြည်နယ် အစိုးရဘက်ကလည်း သဘောတူခဲ့ပါတယ်။ ဒါပေမယ့် အခုလို ဆန္ဒထုတ်ဖော်တဲ့ သူတွေကို ရော်ဘာကျည်ဆန်တွေ၊ ရော်ဘာတုတ်တွေနဲ့ ဖြိုခွင်းခဲ့တာဟာ ဥပဒေနဲ့ အညီ ဖြစ်တယ်လို့ ကယားပြည်နယ် ဝန်ကြီးချုပ်က ပြောဆိုခဲ့တာကတော့ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ဘယ်လိုမှ ဘယ်လိုမှ အထောက်အကူ ပြုနိုင်မှာ မဟုတ်ပါ။ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ ပတ်သက်ပြီး မတ်လ ၂၀ ရက်နေ့မှာ ကယားပြည်နယ် အစိုးရ အဖွဲ့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၊ ဗိုလ်ချုပ်မြင်းစီးကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီ၊ ကရင်နီပြည်လူငယ်များ အင်အားစု သပိတ်ကော်မတီနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့က ကိုယ်စားလှယ်တွေ ငါးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် တိကျတဲ့ သဘောတူညီချက် မရခဲ့ပါဘူး။

ကရင်နီပြည် လူငယ်များ အင်အားစု သပိတ်ကော်မတီက လွိုင်ကော်မြို့ ကန္ဒဟေဝန် ပန်းခြံအတွင်းမှာ စိုက်ထူထားတဲ့ ဗိုလ်ချုပ်ကြေးရုပ် ရုပ်တုကို ပြည်နယ်ပြင်ပ ရွှေ့ပြောင်းပေးဖို့ လိုလားနေတာ ဖြစ်ပြီး အဆင်မပြေမှသာ အများနဲ့ မသက်ဆိုင်တဲ့ နေရာများမှာ ထားရှိဖို့ အဆိုပြုထားပါတယ်။

သို့ပေမယ့် အဲဒီ ဆွေးနွေးပွဲမှာ အားလုံး ကျေနပ်လောက်တဲ့ အဖြေ မထွက်ခဲ့တာကြောင့် ဧပြီလ မကုန်ခင်မှာ ထပ်မံတွေ့ဆုံဖို့ပဲ သဘောတူညီနိုင်ခဲ့ကြပါတယ်။

ဖက်ဒရယ် ပြည်ထောင်စု စနစ်ဟာ ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Self-rule) နဲ့ အဲဒီ အဖွဲ့ဝင် ပြည်နယ်တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကို စုပေါင်းအုပ်ချုပ်ခွင့် (Share-rule) တို့ကို ပေါငျးစပျထားတဲ့ စနဈ ဖွဈပါတယျ။ဖကဒြရယြ ပှညထြောငစြု အစိုးရနဲ့ ဖကဒြရယြ ပှညထြောငစြု အဖှဲ့ဝငြ ပှညနြယအြစိုးရတှကှေားမှာ နိုငငြံတောရြဲ့ ဖှဲ့စညြးပုံ အခှခေံ ဥပဒနေဲ့ အညီ အာဏာခှဲဝေ ကငွ့သြုံးမှု (Divisions of Powers) ရှိစေရမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဘယ်လောက်ပဲ ကျင်းပနေစေကာမူ ဖက်ဒရယ် ပြည်ထောင်စုဆီ အမှန်တကယ် ဦးတည်ချင်တယ် ဆိုရင် တိုင်းရင်းသားတွေ မလိုလား၊ မထောက်ခံတာတွေကို အာဏာရှင်ဆန်ဆန် မလုပ်ဆောင်မိဖို့ အထူးပဲ အရေးကြီးပါတယ်။

ပင်လုံညီလာခံမှာလည်း ဖြစ်စေချင်တဲ့ ဆန္ဒတွေကို ကယားပြည်နယ်မှာ ရှိတဲ့ ဌာနေတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ပါဝင် ဆွေးနွေးခွင့် မရသေးပါဘူး။ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြီးဆုံးပြီးတဲ့ အချိန်မျိုးမှာ ကရင်နီလူထုရဲ့ သဘောဆန္ဒနဲ့ ကိုက်ညီတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကိုပဲ ဖြစ်ဖြစ်၊ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ကြေးရုပ်ပဲ ဖြစ်ဖြစ် ထားရှိဖို့ လုပ်ဆောင်သွားသင့်တယ် လို့ ထောက်ပြကြတဲ့ သူူတွေလည်း ရှိပါတယ်။

NLD အစိုးရ အနေနဲ့ သတိပြုရမှာက မွန်ပြည်နယ် ချောင်းဆုံတံတား ကိစ္စမှာလည်း တိုင်းရင်းသားတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး ဗိုလ်ချုပ်အောင်ဆန်းတံတား လို့ အမည် ပေးခဲ့တဲ့ အတွက် ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရတဲ့ ကိစ္စပါ။ ပြည်ထောင်စု ဆိုတာ လူမျိုးတစ်မျိုးတည်းနဲ့ ဖွဲ့စည်းထားတာ မဟုတ်သလို အစိုးရအဖွဲ့ ဆိုတာကလည်း လူမျိုးတစ်မျိုးတည်းရဲ့ ထောက်ခံမှုနဲ့ ဖွဲ့စည်းလို့ မရဘူး ဆိုတာပါပဲ။

တိုင်းရင်းသား လူနည်းစုတွေရဲ့ နှလုံးသားမှာ “ဆူး” အဖြစ် “စူး” ဝင်စေမယ့် လုပ်ဆောင်ချက်တွေကို သတိရှိရှိ ရှောင်ရှားနိုင်မှ တန်းတူရည်တူ ရှိမှုကို ဖော်ဆောင်နိုင်မှာပါ။ “ဖက်ဒရယ်ပြည်ထောင်စု”၊ “ပင်လုံကတိကဝတ်”၊ “တန်းတူရည်တူ ရှိမှု” တို့ကို စကားလုံး သက်သက် မဟုတ်ဘဲ လက်တွေ့ဖော်ဆောင်နိုင်ဖို့ တိုင်းရင်းသား လူနည်းစုတွေရဲ့ ဆန္ဒကို လေးစားဖို့ လိုအပ်ပြီ ဖြစ်ပါကြောင်း။ ။

By သွေး (စစ်ကိုင်း)

(ပြင်ပဆောင်းပါးရှင် သွေး (စစ်ကိုင်း) သည် လူ့အခွင့်အရေး၊ နိုင်ငံရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့်အကြောင်းအရာများ ရေးသားသည့် ရန်ကုန်အခြေစိုက် စာရေးဆရာမတစ်ဦး ဖြစ်သည်။Myanmar Now)
==
ပုံစာ – ဖေဖော်ဝါရီလအတွင်းက လွိုင်ကော်တွင် ပြုလုပ်သည့် ကြေးရုပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ (ဓာတ်ပုံ – Union of Karenni State Youth – UKSY)
==

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်