Advertisements

မွန်ပြည်နယ်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ် လေးသောင်းကျော် ပြုလုပ်ပေးခဲ့

မော်လမြိုင် မတ်

မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန အနေဖြင့် မွန်ပြည်နယ်အတွင်း သစ္စာစီမံချက်ကာလဖြစ်သည့် ၂၀၁၈ အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ မတ်လ ၁၅ ရက်အတွင်း အသက် ၁၀ နှစ်ပြည့် နှင့် အသက် ၁၈ နှစ်ပြည့်သူ စုစုပေါင်း ၄၀၀၂၆ ဦးကို နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးနိုင်ခဲ့သည်ဟု ပြည်နယ် ဦးစီးမှူး ဦးတင်ချယ်က ပြောသည်။

မွန်ပြည်နယ်တွင် နိုင်ငံသား စိစစ်ရေး ကတ်ပြား မလုပ်ရသေးသူ ၂၄၇၈၇ ဦးကျန်ရှိနေပြီး ၎င်းတို့သည် စီမံချက် လုပ်ငန်းများဆောင်ရွက်စဉ် ကျေးရွာတွင် ရှိမနေဘဲ တစ်ဖက်နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေသူ အများစုဖြစ်ကာ ၎င်းတို့ကိုလည်း နောက်ပိုင်းတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဦးတင်ချယ်က ဆိုသည်။

“သစ္စာစီမံချက်အနေဖြင့် ကွင်းဆင်းဆောင်ရွက်ရာမှာ အဓိကတွေ့ရတာကတော့ အိမ်ထောင်စု စာရင်းမရှိတာပဲ။ အဲဒီတော့ ကျွန်တော်တို့ အဖွဲ့တွေက အိမ်ထောင်စုစာရင်း လုပ်ပေးနိုင်ခဲ့တယ်။ ပြီးတော့ အိမ်ထောင်ခွဲစာရင်း၊ ကလေးမွေးစာရင်း သွင်းပေးတာ၊ သေတဲ့သူတွေကို အိမ်ထောင်စု စာရင်းက ထုတ်ပယ်တာ၊ အိမ်ထောင်စုစာရင်းထဲကို နိုင်ငံသား စိစစ်ရေးကတ်ပြား နံပါတ်တွေ ထည့်သွင်းပေးတာတွေ လုပ်ပေးနိုင်ခဲ့တယ်” ဟု ၎င်းက ပြောသည်။

Advertisements

စီမံချက် ကာလအတွင်း အိမ်ထောင်စုစာရင်း ငါးသောင်းကျော်၊ အိမ်ထောင်ခွဲစာရင်း နှစ်ထောင့် ငါးရာကျော်၊ မွေးစာရင်းထည့်သွင်းပေးသည့်ကလေးနှစ်ထောင်ကျော်၊ သေဆုံးမှုကြောင့် အိမ်ထောင်စု စာရင်းမှ ထုတ်ပယ်သူ တစ်သောင်းကျော်နှင့် အိမ်ထောင်စု စာရင်းတွင် နိုင်ငံသား စိစစ်ရေး ကတ်ပြားနံပါတ် ဖြည့်သွင်းမှု ငါးသောင်းကျော် ပြုလုပ်ပေးခဲ့ကြောင်း မွန်ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံး စာရင်းအရ သိရသည်။

မွန်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်အတွင်း အသက် ၁၀ နှစ်ပြည့်သူ ၄၁၉၂၂ ဦး၊ အသက် ၁၈ နှစ်ပြည့်သူ ၂၇၂၉၆ ဦးတို့ကို နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

တေဇ

Advertisements

Leave a Reply