ရှေးဟောင်းသမိုင်းဝင် ခရုံဂူ ပြုပြင်မွမ်းမံရေး ကော်မတီဖွဲ့စည်း

27

မော်လမြိုင် မတ်

ကျိုက်မရောမြို့နယ် ခရုံဂူကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ခရုံဂူ ဓမ္မာရုံတွင် မတ် ၂၆ ရက်က ရှေးဟောင်းသမိုင်းဝင် ခရုံဂူပြုပြင်မွမ်းမံရေး ကော်မတီကို စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

“အဓိကတော့ ရှေးဟောင်းသမိုင်းဝင်အချက်အလက်တွေကို လုံးဝမထိခိုက်ဖို့ ရည်ရွယ်ထားပြီးသားပါ။ ဒီခရုံဂူရဲ့ သာယာသန့်ရှင်းလှပရေးအတွက် စနစ်တကျရှိဖို့နဲ့ ခရီးသွားပြည်သူတွေ ဘုရားဖူးပြည်သူတွေ စည်စည်ကားကားရောက်ရှိလာပြီး ၊ရှေးဟောင်းသမိုင်းဝင် ဂူတစ်ဂူအဖြစ် ပြန်လည်ပေါ်ပေါက်လာဖို့ အတွက် ဒီကော်မတီကိုဖွဲ့စည်းတာဖြစ်တယ်” ဟု မွန်ရှေးဟောင်းသုတေသန တွဲဖက်အတွင်းရေးမှူး နိုင်ရဲဇော် က ပြောသည်။

ခရုံဂူပြုပြင်မွမ်းမံရန်အတွက် ရှင်စောပု (မွန်) အမျိုးသမီးစွမ်းဆောင်ရှင်အသင်း ဥက္ကဋ္ဌ မိကျင်သန်းမှ ကျပ်သိန်း ၁၀၀ နှင့် ရန်ကုန်တိုင်းဒေသကြီးမှ ဒေါ်တင်တင်အေးမှ ကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့ပြီး၊ စုစုပေါင်း မတည်အလှူငွေ ကျပ်သိန်း ၂၀၀ ရရှိထားကြောင်းသိရသည်။

“ဒီဘုရားကို ရောက်လာတဲ့အခါမှာ တော်တော်လေးကို ပျက်စီးနေတာကိုတွေ့ရတယ်။ အဲဒါကြောင့်မို့လို ဒီဘုရားကို မပြုမပြင်ဘဲ ဒီအတိုင်း ဆက်ထားမယ်ဆိုရင် ပြည်နယ်အနေနဲ့လည်း မသင့်တော်ဘူး”ဟု ရှင်စောပု (မွန်) အမျိုးသမီးစွမ်းဆောင်ရှင်အသင်း ဥက္ကဋ္ဌ မိကျင်သန်းက ပြောသည်။

ရှေးဟောင်းသမိုင်းဝင် ခရုံဂူဘုရား ပြုပြင်မွမ်းမံရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်၊ ရှေးဟောင်းသုတေသနအဖွဲ့နှင့် ပြည်ထောင်စုအဆင့် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အကြောင်းကြားတင်ပြထားပြီးကြောင်း ၎င်းက ဆိုသည်။

“ကျွန်မဒီခရုံဂူကို တစ်ခေါက်မှမရောက်ဖူးဘူး။ အခုရောက်လာတဲ့အချိန်မှာ ကြည့်လိုက်တော့ စိတ်ထဲမှ အင်မတန်မကောင်းပါဘူး။ ဂူအထဲကဘုရားတွေ ဟောင်းနွမ်းပျက်စီးပြီးတော့ လင်နို့ချေးတွေနဲ့ အရမ်းကို မသပ်မယပ်ဖြစ်နေတဲ့အခါကျတော့ စိတ်ထဲမှာ သဒ္ဓါတရားပေါ်လာပြီးတော့မှ လှူဒါန်းခဲ့တာ” ဟု ငွေလှူဒါန်းမှုဖြစ်ပေါ်ခဲ့သည့်အေပါ်အလှူရှင် ဒေါ်တင်တင်အေးက ရှင်းပြသည်။

ရှေးဟောင်းသမိုင်းဝင် ခရုံဂူပြုပြင်မွမ်းမံရေး ကော်မတီတွင် ဗဟိုဦးစီးနာယကအနေနှင့် ဒေသအတွင်းရှိ ဆရာတော် သံဃာတော် ၇ ပါး၊ ရှင်စောပု အမျိုးသမီးစွမ်းဆောင်ရှင်အသင်း ဥက္ကဋ္ဌ မိကျင်သန်း ဦးဆောင်သည့်အဖွဲ့ဝင် ၅ ဦး၊ ခရုံဂူဘုရား ဂေါပကအဖွဲ့ဝင် ၅ ဦးနှင့် ရပ်ရွာဒေသခံ ၇ ဦးတို့ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

“ခရုံဂူမှာ ဘာကြောင့်မစည်ကားလဲ ၊အထက်ကလူကြီးက မကြည့်လို့ အဲလိုဖြစ်ခဲ့တာကို တင်ပြထားပြီးသား၊ ပြောထားပြီးသားပဲ၊ ဘာကြောင့်လဲ ဒီနေရာက ထိန်းရခက်တယ်။ မြေနေရာ နယ်နိမိတ်အပိုင်းအခြား မရှိတဲ့အတွက်ကြောင့် ပြောရဆိုရခက်တယ် ၊အဲတစ်ခုပဲ မအောင်မြင်တာ” ဟု ယင်းကော်မတီ၏ ဦးစီးနာယကဖြစ်သည့် လက်ပံကျေးရွာရှိ ဝိဝေကာဥတ္တမာရာမ စာသင်တိုက်မှ ဆရာတော် ဦးအာသောက ကမိန့်ကြားသည်။

ရှေးဟောင်းသမိုင်းဝင် ခရုံဂူသည် သဘာဝထုံးကျောက်လိုဏ်ဂူအမျိုးအစားဖြစ်ပြီး ဂူအတွင်း၌ နှောင်းခေတ်အလှူရှင်များ လှူဒါန်းထားသည့် ဗုဒ္ဓဆင်းတုတော်ပေါင်း ၆၅ ဆူ ရှိကာ ယင်းဂူကို ၁၉၇၅ ခုနှစ်မှ စတင်၍ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်ဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားခြင်း ဖြစ်သည်။

ခေတ်မင်း

Advertisements

Leave a Reply