သင်္ကြန်ပွဲတော်ရက် အတွင်း မြို့ဝင်ကြေးကောက်ခံမှု ရပ်နားပေးမည်

28

မော်လမြိုင်၊ ဧပြီ ၁၀

မွန်ပြည်နယ် ၁၀ မြို့နယ်တွင် ယခုလာမည့် မဟာသင်္ကြန်ပွဲတော်ရက်အတွင်း မြို့ဝင်ကြေးကောက်ခံနေမှုကို ရပ်နားပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“ပြည်သူတွေ နဲ့ လူငယ်တွေရဲ့ လွတ်လပ်လိုမှုကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့ သင်္ကြန်ကာလအတွင်းမှာ ၁၀ မြို့နယ်အတွင်းက မြို့ဝင်ကြေးဂိတ်တွေကို ရပ်နားပေးထားမှာ ဖြစ်တယ်။ ဘာအခကြေးငွေမှ ပေးစရာမလိုဘဲ လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်မှာဖြစ်တယ်”ဟုစည်ပင်သာယာရေးဝန်ကြီးက ဆိုသည်။

စည်ပင်သာယာရေးအဖွဲ့မှ ကောက်ခံနေသည့် မြို့ဝင်ကြေးကို သင်္ကြန်န်ကာလအပြီး ဧပြီ ၁၈ ရက်နေ့မှ စတင်၍ ယခင်ပုံမှန်အတိုင်း ပြန်လည်ကောက်ခံသွားမည် ဖြစ်ကြောင်း ဦးမင်းကျော်လွင်က ပြောသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်းမှ ကောက်ခံရရှိခဲ့သည့် မြို့ဝင်ကြေးများကို ပြည်နယ်အစိုးရ၏ ရသုံးဘဏ္ဍာငွေစာရင်း၌ ထည့်သွင်းခဲ့ရပြီး ၎င်းမှပြန်လည်ထုတ်ယူရရှိခဲ့သော ငွေများကို ပြည်နယ်အတွင်းရှိ ရေးမြောင်း၊ လမ်းတံတားနှင့် ပလက်ဖောင်းများ ပြုပြင်ဆောက်လုပ်ခြင်း လုပ်ငန်းများ၌ အဓိကထား အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

မွန်ပြည်နယ်အတွင်းရှိ မြို့ဝင်ကြေးကောက်ခံမှုကို ၂၀၁၇ ခုနှစ် ဇွန်လမှ စ၍ ကုမ္ပဏီလေလံစနစ်ကို ဖျက်သိမ်းခဲ့ပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က ပြန်လည်ကောက်ခံခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလအထိ ၅ လအတွင်း ကျပ်ငွေ သိန်း ၈,၆၀၀ ခန့် ကောက်ခံရရှိထားပြီးဖြစ်ကြောင်း စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

လျှမ်းထက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်