သစ်တောနယ်မြေတွင် စိုက်ပျိုးမြေများ ကြိုးဝိုင်းကျူးအဖြစ် အရေးယူနေဟုဆို

ထားဝယ် ဧပြီ

တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၁၃ခုနှစ်နောက်ပိုင်းမှ သစ်တောနယ်မြေအတွင်း ဝင်ရောက်စိုက်ပျိုးထားရှိသော မြေဧရိယာများကို ကြိုးဝိုင်းကျူးကျော်သူများအဖြစ် သစ်တောဦးစီးဌာနက သစ်တောဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးလှထွေးက ပြောကြားသည်။

“သစ်ပင်ရဲ့သက်တမ်းအချိန်အပေါ်မူတည်ပြီး ၂၀၁၃ရဲ့ အရှေ့ပိုင်းစိုက်ပျိုးမှုအခြေအနေ၊ နောက်ပိုင်းစိုက်ပျိုးမှုအခြေအနေတွေကို ခန့်မှန်းသိရှိနိုင်တာဖြစ်တဲ့ အတွက် အဲဒီလိုမျိုး စိစစ်တွေ့ရှိမှုအပေါ်လည်း လုပ်ထုံးလုပ်နည်းညွန်ကြားချက်နဲ့အညီ ဆောင်ရွက်လျက်ရှိတယ်”ဟု ဦးလှထွေးက ဆိုသည်။

ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများအတွင်း ကျရောက်သွားသော ဒေသခံတောင်သူများ၏ ဥယျာဉ်ခြံမြေများအား မည်သို့သော ပိုင်ဆိုင်မှုအထောက်အ ထားများပေး၍ ဒေသခံတောင်သူများ စိုးရိမ်ပူပင်မှုကင်းစွာလုပ်ကိုင် စားသောက်နိုင်ရေးအတွက် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း ဧပြီလ ၁၀ရက်က ပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးရဲမြင့်ဆွေက မေးမြန်းစဉ် ဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။

သစ်တောတွင် ဘိုးဘေးနေထိုင်သူများသည် သစ်တောဥပဒေအရ သစ်တောကျူးဖြစ်နေရသူများနှင့် ကိုယ်ကျိုးစီးပွား၊ ပုဂ္ဂလိက အကျိုးစီးပွားအရကျူး ကျော်သူများဟု နှစ်မျိုးနှစ်စားတွေ့ရတတ်ကြောင်း ဦးရဲမြင့်ဆွေက ထောက်ပြသည်။

ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများအတွင်း နှစ်ကာလအတိုင်းအတာတစ်ခုထိ တရားမဝင်ကျူးကျော်ခြေချနေထိုင်သည့် ရွာစု/အိမ်စုများကို ရွာမြေ၊ လယ် မြေ၊ အများပိုင်/သာသနာ့မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေ၊ နှစ်ရှည်စိုက်ခင်းမြေစသည့် အတန်းအစားအလိုက် စာရင်းကောက်ယူရန် (၁၁.၁.၂၀၁၃) ရက်နေ့က နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားလာခဲ့သည်ဟု ဝန်ကြီးထံမှသိရသည်။

ယင်းလမ်းညွှန်ချက်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ (၂၉.၁.၂၀၁၃)စာဖြင့် တနင်္သာရီမြို့နယ်အတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဥက္ကဌ၊ သစ်တောဦးစီးဌာနမှ အတွင်းရေးမှူးနှင့်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ရဲ၊စိုက်ပျိုးရေး၊မြေစာရင်း၊ လဝကတို့မှ အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ် ပြီး မြေပြင်စာရင်းကောက်ယူစေခဲ့သည်ဟု သိရသည်။

အဆိုပါစာရင်းကောက်ယူရရှိသော မြေအတန်းစားအနက် ဥယျာဉ်ခြံမြေနှင့်နှစ်ရှည်စိုက်ခင်းမြေများအတွက် သစ်တောဦးစီးဌာနလုပ်ထုံးလုပ်နည်းနှင့်အညီ နှစ်ရှည်မြေဌားစနစ်ဖြင့် ဆက်လက်လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုလျက်ရှိပြီး ယင်းဥယျာဉ်/နှစ်ရှည်စိုက်ခင်းစာရင်းတွင် ပါဝင်ပါက စိစစ်၍ နှစ်ရှည်မြေဌားစနစ် ဖြင့် စာချုပ်ချုပ်ဆိုခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဝန်ကြီးက ပြောသည်။

ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောအတွင်း ဒေသခံတောင်သူများ၏ ဥယျာဉ်ခြံမြေ၊ နှစ်ရှည်စိုက်ခင်းမြေများပါရှိပါက ၎င်းဧရိယာ၏ နယ်နိမိတ်လားရာများကို မြေပုံညွှန်းများဖြင့် တိကျစွာသတ်မှတ်ပြီး ချန်လှပ်ကွက်အဖြစ် ထုတ်နုတ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။

၂၀၁၈ခုနှစ်သစ်တောဥပဒေအရသော်လည်းကောင်း ပြည်သူလူထုထိခိုက်နစ်နာမှုများကို ဖြေရှင်းနိုင်ရန်အတွက် စိစစ်ရေးအဖွဲ့များ ဖွဲ့စည်းပြီး လုပ်ထုံးလုပ် နည်းအဆင့်ဆင့်ဖြင့် ပြန်လည်စာရင်းကောက်ယူပြီ အမှန်တကယ်ထိခိုက်နစ်နာသော ပြည်သူများအတွက် ပြန်လည်ဖြေရှင်းဆောင်ရွက်ရန်စီစဉ်ရှိ/မရှိ ဦး ရဲမြင့်ဆွေက ထပ်ဆင့်မေးခွန်းမေးမြန်းခဲ့သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ၂၉.၁.၂၀၁၃ရက်ကစိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ၂၀၁၃ခုနှစ်တွင်စိစစ်ရေးအဖွဲ့က ကွင်းဆင်းစာရင်းကောက် ယူတွှဲနေရာမှာ အကြောင်းအမျိုးမျိုးကြောင့် စာရင်းကောက်ယူရာမှာမပါသည် အခြေအနေတွေ ကို ယနေ့အချိန်မှာ ပြန်လည်စိစစ်ပြီးဆောင်ရွက်လို့ရမည့် အခြေအနေမျိုးရှိပါကြောင်း ဝန်ကြီးဦးလှထွေးက ပြန်လည်ရှင်းပြခဲ့သည်။

တင့်လွင်
==

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်