တနင်္သာရီဂျာနယ်အမှု မေလ ၃ ရက် အမိန့်ချမည်

ထားဝယ် ဧပြီ

တနင်္သာရီတိုင်းဒေသကြီးအစိုးရက တနင်္သာရီဂျာနယ်ကို သရော်စာကိစ္စ တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ ထားဝယ်ခရိုင်တရားရုံးသို့ အယူခံဝင်ထားရာ လာမည့် မေလ ၃ရက်တွင် အမိန့်ချမည်ဖြစ်ကြောင်း ဖော်ပြပါ ဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်က ပြောသည်။

“ ဒီနေ့ ခရိုင်တရားရုံးကို အယူခံတင်ထားတာနဲ့ပတ်သက်ပြီး သီးသန့် လျှောက်လဲချက်ပေးတယ်၊ လာမယ့် မေလ ၃ ရက်နေ့မှာ အမိန့်ချမယ်”ဟု ဦးမျိုးအောင်က ဧပြီ ၁၉ ရက်တွင် ဆိုသည်။

ယင်းအမှုနှင့်ပတ်သက်၍ အပြစ်ရှိသည်ဟု ထားဝယ်မြို့နယ်တရားရုံးက ဖေဖော်ဝါရီ ၁၈ရက်တွင် ဆုံးဖြတ်ပြီး ဒဏ်ငွေ ကျပ် ၅သိန်း ပေးဆောင်ရန် အမိန့်ချခဲ့ရာ မတ်လ ၁၃ ရက်တွင် ထားဝယ်ခရိုင်တရားရုံးသို့ အယူခံဝင်ပြီး ဧပြီ ၁၉ရက်တွင် နှစ်ဖက် အပြီးသတ် လျှောက်လဲချက်ပေးခဲ့သည်ဟု သိရသည်။

သို့သော် ဧပြီ ၁၉ရက်တွင် ၎င်းတို့ လျှောက်လဲချက်ပေးပြီးချိန်အထိ တိုင်းအစိုးရဘက်မှ ပေးလာခြင်း မရှိကြောင်း တနင်္သာရီဂျာနယ်ဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ပြောသည်။

“တရားသူကြီးပြောတာကတော့ ဒီနေ့ ရုံးချိန်ကုန်အထိ သူ စောင့်ချိန်းပေးမယ်လို့ ပြောတယ်၊ ရေးသား လျှောက်လဲချက်ကို ရုံးချိန်ကုန်တဲ့အထိ စောင့်မယ်လို့ပြောတယ်” ဟု ဦးအောင်ဇာနည်စိုးက ဆိုသည်။

ထားဝယ်ခရိုင်တရားရုံးသို့ တနင်္သာရီဂျာနယ်ဘက်မှ အယူခံ အကြောင်းပြချက် ၇ချက်ဖြင့် လျှောက်လွှဲချက်ပေးထားကြောင်း ၎င်းက ပြောသည်။

ယင်းတရားရုံးသို့ အယူခံဝင်ရန် တနင်္သာရီဂျာနယ်ဘက်မှ တရားလွှတ်တော်ရှေ့နေ နှစ်ဦး လိုက်ပါ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

မဲဆွယ်အပြုံးသရော်စာ ရေးသားဖော်ပြခြင်းကြောင့် တိုင်းအစိုးရနှင့် ဝန်ကြီးချုပ်ဟောင်းပါ မိသားစု ဂုဏ်သိက္ခာကျဆင်းသည်ဟုဆိုကာ ဂျာနယ်တာဝန်ခံအယ်ဒီတာဦးမျိုးအောင်အား တိုင်းအစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအေးလူက ၂၀၁၇ ခုတွင် သတင်းမီဒီယာဥပဒေပုဒ်မ၂၅(ခ)အရ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

တင့်လွင်

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်