သက်တမ်းလွန် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ မီးရှို့ဖျက်ဆီး

6

မော်လမြိုင်၊ ဧပြီ ၂၆

မော်လမြိုင်မြို့၊ မုရောင်းကျေးရွာရှိ အမှိုက်ကျင်း၌ ဧပြီ ၂၅ ရက်နေ့ကဈေးကွက်အတွင်းမှ သိမ်းဆည်းထားသည့် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ၊ ဆေးကုမ္ပဏီနှင့်ဆေးဆိုင်များမှ အပ်နှံသော သက်တမ်းလွန်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီဝင်များ၏ ကြီးကြပ်မှုဖြင့် မီးရှို့ဖျက်ဆီးခဲ့သည့် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများမှာ မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်နှင့် ကျိုက်မရောမြို့နယ်တို့ရှိ ဈေးကွက်အတွင်း ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ရာမှ သိမ်းဆည်းရမိခဲ့သော ပစ္စည်းများနှင့် ဆေးကုမ္ပဏီများ၊ ဆေးဆိုင်များမှ အပ်နှံသော သက်တမ်းလွန်ဆေးဝါးများ ဖြစ်သည်။

မော်လမြိုင်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ဧပြီ ၉ ရက်နေ့က Mobile laboratory activity ဖြင့် မော်လမြိုင်မြို့၊ မောင်ငံဈေးရှိ စားသောက်ကုန်ရောင်းချသည့် ဆိုင် (၂၂)ဆိုင်၊ ဆေးဝါးရောင်းချသည့်ဆိုင် ( ၅) ဆိုင်၊ အလှကုန်ရောင်းချသည့်ဆိုင် (၅) ဆိုင်တို့ကို ၊ဈေးကွက်ကွင်းဆင်း စစ်ဆေးရာ တားမြစ်ဓာတုပစ္စည်းပါဝင်သော အလှကုန် (၄) မျိုး ၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင် မရှိသောဆေးဝါး( ၂) မျိုး ၊ သက်တမ်းလွန်ဆေးဝါး (၂) မျိုးတို့ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ကော်မတီ၏ စီမံခန့်ခွဲမှု နည်းလမ်းအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။

မီးရှို့ဖျက်ဆီးခဲ့သည့် အဆိုပါ အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ တန်ဖိုးငွေစုစုပေါင်းမှာ (၁၅,၆၉၅,၄၂၈) ကျပ်ရှိကြောင်း ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ကလည်း မော်လမြိုင်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မော်လမြိုင်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီတို့က ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးရာမှ သိမ်းဆည်းခဲ့သော အစားအသောက်၊ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ၊ဆေးကုမ္ပဏီနှင့် ဆေးဆိုင်မှအပ်နှံသော သက်တမ်းလွန်ဆေးဝါးများ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ (၃၇,၈၆၈,၉၅၇) ကျပ် ကို မွန်ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ၏ ရှေ့မှောက်တွင် မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကေအမ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်