ကော့သောင်းတွင် ICE များ ဖမ်းမိခဲ့မှု နောက်ဆက်တွဲအဖြစ် WY ခြောက်သောင်းကျော် ထပ်မံ ဖမ်းမိ

4

မော်လမြိုင် ဧပြီ ၂၉

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းတွင် ဖမ်းဆီးရမိခဲ့သော ကျပ်သိန်းပေါင်း သုံးသောင်းကျော်တန်ဖိုးရှိ ICE မူးယစ်ဆေးများ၏ အမှုနောက်ဆက်တွဲအဖြစ် WY အပြား ခြောက်သောင်းကျော် မော်လမြိုင်တွင် ထပ်မံ ဖမ်းဆီးရမိခဲ့သည်ဟု မြိုင်သာယာနယ်မြေရဲစခန်း တာဝန်ရှိသူထံမှ သိရသည်။

ဖြစ်စဉ်မှာ ယင်းဖမ်းမိ ICE များကို ပို့ဆောင်ခဲ့သော မိုး​ဇော်​ဦး(ခ)မိုးငယ်​၏ မော်လမြိုင်ရှိ နေအိမ် ၂ လုံးကို ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်တွင် ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (WY) စုစုပေါင်း ၆၁,၃၉၀ ပြားနှင့် အခြား ဆက်စပ်ပစ္စည်းများ ၊ မူးယစ်ဆေးဝါးများကိုပါ ယင်းသို့ ထပ်မံ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

“မူးယစ်ဆေးဝါးတွေနဲ့ အတူ ဖမ်းမိထားတဲ့ တရားခံတွေရဲ့ ထွက်ဆို အစစ်ခံချက်အရ ဇော်ဦးက လာရောက် ပို့ဆောင်တာဖြစ်လို့ အစစ်ခံ ထွက်ဆိုတဲ့အတွက် မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်မှာရှိတဲ့ ဇော်ဦးရဲ့ နေအိမ်တွေကို ဝင်ရောက် ရှာဖွေခဲ့တယ်” ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောသည်။

ဖမ်းမိထားသူများ၏ အစစ်ခံချက်အရ ဧပြီ ၂၈ ရက်တွင် မိုး​ဇော်​ဦး (ခ)မိုးငယ်၏ နေအိမ်၂ လုံးအနက် မွန်ပြည်နယ် မော်လမြိုင်မြို့ တောင်ဝိုင်းရပ် အမှတ် ၅၅ နေအိမ်ဂိုထောင်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ( ၆၀,၅၈၀) ပြားနှင့် အခြားဆက်စပ်ပစ္စည်းများကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရခဲ့သည်။

မြိုင်သာယာရပ်ကွက် ၄ လမ်းရှိ နေအိမ် ဂိုထောင်ဝင်းအတွင်းသို့ ဧပြီ ၂၉ ရက်နေ့က ထပ်မံဝင်ရောက် ရှာဖွေစစ်ဆေးခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၈၁၀ ပြား၊ ICE အဖြူရောင် ပုံဆောင်ခဲ တစ်ကီလိုခန့်ပါ အထုပ်တစ်ထုပ်၊ ICE အဖြူရောင် ပုံဆောင်ခဲ / အမှုန့် ၁၁၀ ဂရမ်ပါ အထုပ်တစ်ထုပ်နှင့် အခြားဆက်စပ်ပစ္စည်းများကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ရဲတပ်ဖွဲ့စစ်ဆေးချက်မှတ်တမ်းအရ ပြီးခဲ့သည့် ဧပြီ ၂၆ ရက်နေ့က တပ်မတော် (ရေ) ရေယာဉ်မှူး ဗိုလ်မှူး သောင်းထူး ဦးစီးသည့် စစ်ရေယာဉ် အမှတ် (၅၆၇) မှ မူးယစ်ဆေးဝါးတင်ဆောင်လာသော ” အောင်ပြည့်စုံ(၁)အမည်ရှိ စက်လှေပေါ်မှ မူးယစ်ဆေးဝါး (ICE) အလေးချိန် ၁,၂၃၈ ကီလိုဂရမ်နှင့် သန့်ဇင် (ခ) မင်းဇော်၊ မြတ်အောင်၊ ဝေလင်း၊ ရဲရင့်၊ နေဇင်၊ ဝင်းနိုင်နှင့် အောင်းလင်းသူတို့ ၇ ဦးကို တွေ့ရှိ ဖမ်းဆီးခဲ့ပြီး ကော့သောင်းမြို့ မူးယစ် တပ်ဖွဲ့စု အမှတ် (၃၄) သို့ လွှဲပြောင်းအပ်နှံခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ၇ ဦးအား ကော့သောင်းမြို့မ ရဲစခန်းရုံးမှ မယ(ပ) ၄၅/၂၀၁၉၊ မူးစိတ်ပုဒ်မ ၁၉(က) ၂၁ ဖြင့် အမှုဖွင့် အရေးယူထားသည်။

လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေသည့် မိုးဇော်ဦး( ခ) မိုးငယ်ကို မြိုင်သာယာနယ်မြေရဲစခန်း၌ မူးယစ်ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားသည်။

ခေတ်မင်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်