Advertisements

မော်လမြိုင် – သံဖြူဇရပ် လမ်းပိုင်း အချိန်မီ ပြုပြင်ရေး လွှတ်တော်တွင် အဆိုတင်

မော်လမြိုင် မေ ၃

မွန်ပြည်နယ် မော်လမြိုင် – သံဖြူဇရပ် (BOT) လမ်းပိုင်းအား အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းတို့မှ စိစစ်သုံးသပ်၍ အချိန်မီ ပြုပြင်ပေးရန် တိုက်တွန်းကြောင်း အဆိုကို သထုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက တင်သွင်းခဲ့သည်။

မေလ ၃ ရက်တွင်ပြုလုပ်သော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန် အစည်းအဝေး ဒုတိယနေ့ အစီအစဉ်တွင် ယင်းသို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

အဆိုကို တင်သွင်းရခြင်းမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မော်လမြိုင်သို့ လာရောက်စဉ်က ပြည်သူတစ်ဦးက ‘အမေ၊ ထမင်း ငတ်နေပါတယ်’ဟု ပြောဆိုလိုက်သည့်အပေါ် အတိုင်ပင်ခံက တစ်ဦးချင်းစီ၏ ကိစ္စဖြစ်သည့်အတွက် အစိုးရအနေဖြင့် စိတ်ဝင်စားသင့်သည်ဟု ပြောကြားသွားသည့်ပုံ ဖြစ်သည့်အတွက် ယခုလမ်းကိစ္စမှာ ထမင်းငတ်ရုံသာမက အသက်ပါ သေနေကြကြောင်း ဦးအောင်ကျော်သူက ပြောသည်။

Advertisements

၎င်းအနေဖြင့် သက်ဆိုင်ရာကုမ္ပဏီများကို တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ပြောသည်။
“ဒါပေမယ့် ဒီကုမ္ပဏီကျတော့ သူ့သက်ဆိုင်ရာ ဌာန မေးမြန်းကြည့်တဲ့အခါမှာ ဘာဖြစ်လဲဆိုတော့ သူ့အရင်းမကျေသေးလို့ လို့ဆိုတယ်။ သူ့အရင်းကျေကာလဆို ကျွန်တော်တို့မွန်ပြည်နယ်ကလူတွေ ဘယ်လောက်တောင် အသက်တွေ စတေးရမလဲပေါ့ ၊ ဒါတွေကို စဉ်းစားပြီး အဓိက တင်ပြဖြစ်တာ” ဟု ၎င်းကပြောသည်။

အဆိုပါကိစ္စကို ပြည်နယ်အစိုးရအနေဖြင့်လည်း မိမိအိမ်တွင်းရေးကိစ္စဖြစ်သည့် အတွက်မသက်ဆိုင်ဟု ပြော၍မရကြောင်း ၊ လိုက်နာခြင်းမရှိပါက ဖျက်သိမ်းမည်ဖြစ်သည့် စာများပို့ခဲ့သည့်အတွက် သက်ဆိုင်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

“ဘာကိစ္စပဲလုပ်လုပ် ပြည်နယ်ရဲ့ သဘောထားမှတ်ချက်ကို ပြည်ထောင်စုက ယူရတာချည်း။ ပြည်နယ်အစိုးရရဲ့ ညွှန်ကြားချက်ကိုမလိုက်နာဘူး ၊ အမှန် တကယ်မြေပြင်မှာလည်း အန္တရာယ်ဖြစ်နေတယ်ဆိုရင် ဒါတွေဟာ စာချုပ် ဖျက်သိမ်းတဲ့ အထိတောင်လုပ်လို့ရတယ်” ဟု ၎င်းကရှင်းပြသည်။

ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် အကျိုးအမြတ်တစ်ခုအတွက် လုပ်သူများမဖြစ်စေလိုဘဲ ဒေသဖွံ့ဖြိုးတိုးတက်ရေး ၊ ဒေသရှိပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး ၊ ပြည်သူများအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှု ရရှိရေးအတွက် စေတနာဖြင့် ပြုလုပ်စေလိုကြောင်းနှင့် ဂုဏ်သိက္ခာ ရှိသော ရင်းနှီးမြှုပ်နှံသူများ ဖြစ်စေလိုကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

Written by လျှမ်းထက်

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်