တရုတ်ရပ်ဝန်းနဲ့ပိုးလမ်းမ မြန်မာအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်သင့်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ် သမ္မတ ရှိကျင့်ဖျင် (ဓာတ်ပုံ - MOI)

ကမ္ဘာတဝန်းမှာ တရုတ်နိုင်ငံရဲ့ သြဇာ ဖြန့်ကြက်ဖို့ ကြိုးစားမှုတွေကို အထင်အရှား တွေ့ရမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက အကောင်အထည်ဖော်မယ့် စီမံကိန်းတွေနဲ့ ပတ်သက်ပြီးလည်း ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ပထဝီဝင် နိုင်ငံရေးအရ တခြားနိုင်ငံတွေ အားပြိုင်မှုမှာ မြန်မာနိုင်ငံဟာ မဟာဗျူဟာမြောက်နိုင်ငံဖြစ်နေပါတယ်။

အိမ်နီးချင်းတွေနဲ့ ထိတွေ့ဆက်ဆံရမှာက နိုင်ငံတိုင်း ကြုံနေရတာ ဖြစ်ပေမယ့် အခုအချိန်မှာတော့ တရုတ်ဟာ မြန်မာအပေါ် အသာစီးအနေအထားနဲ့ မြန်မာ အခက် – တရုတ်အချက်လို့ သဘောထားပြီး ပိုမိုထိတွေ့ ဆက်ဆံလာတာလည်း တွေ့ရပါတယ်။ အထူးသဖြင့်တော့ ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခတွေနဲ့ ဆက်နွယ်နေပြီး နိုင်ငံတကာရဲ့ ဖိအားတွေ များပြားလာနေတာကို မြန်မာအစိုးရ ရင်ဆိုင်နေရပေမယ့် ဒီအတွက် ထွက်ပေါက်ဟာ တရုတ်ကို ချဉ်းကပ်ခြင်း သက်သက်နဲ့ မရနိုင်ပါဘူး။

ယခင်ကတည်းက တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေဟာ အငြင်းပွားမှု အမြောက်အများကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အထင်ရှားဆုံးသော ဥပမာကတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက လက်ပံတောင်းတောင် ကြေးနီ တူးဖော်ရေး စီမံကိန်းပါ။ အခုထိတိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ ဒေသခံတွေကြား အငြင်းပွားမှု၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေကို ပြေလည်အောင် မဖြေရှင်းနိုင်သေးပါဘူး။

မြန်မာပြည်သား အများစု သဘောမတူကြတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကို သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်မှာ ဆိုင်းငံ့ထားခဲ့ပြီးတဲ့နောက်တရုတ်အစိုးရဘက်က နိုင်ငံရေးပါတီတွေ၊ သတင်းမီဒီယာတွေ၊ လူနည်းစု တိုင်းရင်းသားတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေက ပုဂ္ဂိုလ် အသီးသီးကို တရုတ်နိုင်ငံကို အလည်အပတ် ခရီးတွေ ဖိတ်ခေါ်ခဲ့တာ တွေ့ရပါတယ်။ အခုတလောမှာတော့ တရုတ်ဘက်က ပြောင်ပြောင်တင်းတင်းပဲ မြစ်ဆုံရေကာတာ စီမံကိန်းကို ပြန်လည် အကောင်အထည်ဖော်လိုကြောင်း လေသံပစ်လာပါတော့တယ်။

အစိုးရမဖြစ်ခင်တုန်းက ယခုလက်ရှိ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာက အစိုးရဖွဲ့နိုင်ခဲ့ရင် မြစ်ဆုံစာချုပ်နဲ့ ပတ်သက်ပြီး ပြည်သူကို ချပြမယ်လို့ ဟောပြောခဲ့ပေမယ့် အခုထိတိုင် ချပြတာမျိုး မရှိသေးတာကြောင့် ပြည်သူတွေကြား စိုးရိမ်မှုတွေနဲ့ မြစ်ဆုံစီမံကိန်းကို ခွင့်ပြုတော့မှာလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ် စေခဲ့တာပါ။

အိန္ဒိယ သမုဒ္ဒရာရဲ့ ထွက်ပေါက်လည်းဖြစ်၊ မဟာဗျူဟာ အရလည်း အင်မတန်အရေးပါတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်း အတွက်လည်း မြန်မာနဲ့ တရုတ် သဘောတူ စာချုပ် လက်မှတ်ရေးထိုးပြီးပါပြီ။ ဘယ်လို ဘယ်ပုံ သဘောတူညီချက်တွေ ပါဝင်တယ် ဆိုတာတော့ အခုထိ ပြည်သူတွေ ပြည့်ပြည့်စုံစုံ သိခွင့်မရသေးပါဘူး။

ရပ်ဝန်းနှင့် ပိုးလမ်းမ အစီအစဉ်အောက်က မြန်မာ-တရုတ် စီးပွားရေး  (China-Myanmar Economic Corridor – CMEC) အတွက် နားလည်မှု စာချွန်လွှာကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ကတည်းက ဘေဂျင်းမှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပြီး တရုတ်ဘက်က ဦးစားပေး အစီအစဉ် ၄ ချက် ထုတ်ပြန်ထားပါတယ်။

(၁) နှစ်နိုင်ငံ ဖွံ့ဖြိုးရေးမူဝါဒနဲ့ စီမံကိန်းတွေ ချိတ်ဆက်ဖို့၊

(၂) ကျောက်ဖြူစက်မှုဇုန်၊ မူဆယ်-မန္တလေးရထားလမ်း စတဲ့ စီမံကိန်းတွေ ဦးစားပေးလုပ်ဆောင်ဖို့၊

(၃) လိုအပ်မယ့် စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေး စီမံကိန်းတွေ ချိတ်ဆက်ဖို့၊

(၄) နှစ်နိုင်ငံက သုတေသန အဖွဲ့တွေ၊ ငွေကြေးအဖွဲ့တွေ၊ တရုတ်ကုန်သည်ကြီးများ အသင်းလို ကုန်သည်အသင်းတွေ ကနေ သတင်းအချက်အလက်ပေးဖို့၊ နောက်ထပ်ဖွံ့ဖြိုးရေး အစီအစဉ်ဖော်ထုတ်ဖို့…. စသဖြင့် ဖြစ်ပါတယ်။

အဲဒီ အချက်တွေထဲက နံပါတ် (၃) ဦးစားပေးဖြစ်တဲ့ စွမ်းအင်လိုအပ်ချက်တွေ အတွက် တရုတ်ဘက်က မြစ်ဆုံရေကာတာ စီမံကိန်းကို အကောင်အထည် ဖော်ချင်နေတာ မှန်းဆနိုင်ပါတယ်။

ဒါအပြင် တရုတ်ဘက်က သကာလောင်းထားတဲ့ အကြောင်းပြချက်ဖြစ်တဲ့ စီမံကိန်းတွေ ဖော်ဆောင်မှုဟာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို အထောက်အကူ ပြုစေတယ် ဆိုတဲ့ အချက်ဟာ လက်တွေ့အခြေအနေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

သိပ်မကြာသေးမီ ကပဲဘေကျင်းမြို့မှာ ကျင်းပတဲ့ ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။ ဧပြီ ၂၅ ရက်နေ့မှာ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ  ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (၂၀၁၉-၂၀၃၀)  ဆိုင်ရာ နားလည်မှု စာချွန်လွှာကို စီမံကိန်းနှင့် ဘဏ္ဍာရေး  ဒုတိယ ဝန်ကြီး ဦးဆက်အောင်၊ တရုတ်နိုင်ငံ အမျိုးသား ဖွံံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှု ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ H.E Mr. Zhang Yong တို့ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

ဒါပေမယ့်အဲဒီအစီအစဉ်ထဲမှာ ဘယ်လို စီမံကိန်းတွေ ပါဝင်တယ် ဆိုတာကို ပြည်သူတွေ အသေးစိတ် သိခွင့်မရသေး ပါဘူး။

ဒီနေရာမှာ သတိပြုရမှာက – တရုတ်ရဲ့ အကြွေးထောင်ချောက်ထဲ သက်ဆင်းခဲ့ရတဲ့ သီရိလင်္ကာ၊ အီကွေဒေါ၊ ကာဇက်ကစ္စတန် နိုင်ငံတွေရဲ့ အဖြစ်အပျက်တွေ ရှိနေတာကိုပါ။ တရုတ်ကနေ ငွေထုတ်ချေးပေး၊ စီမံကိန်းတွေ အကောင်အထည် ဖော်ရင်း လှုပ်လေ မြုပ်လေ ဖြစ်နေရတဲ့ နိုင်ငံတွေ များလာနေပြီး တရုတ်ရဲ့ ကြွေးမြီထောင်ချောက် နိုင်ငံရေးအမည်ပေးလာကြတာလည်း ဖြစ်ပါတယ်။

မြန်မာမှာလည်း တရုတ်နိုင်ငံကို ပြန်လည်ပေးဆပ်ရမယ့် အကြွေး ပမာဏဟာ NLD ဦးဆောင်တဲ့ လက်ရှိ အစိုးရ လက်ထက်အထိ တိုးတက်များပြားလာနေဆဲပါ။ ဒါကြောင့်အတိုးနှုန်းမြင့်မားတဲ့ တရုတ်   ချေးငွေကို သတိကြီးကြီး ထားပြီးမှ ယူဖို့၊ ပြန်ဆပ်နိုင်မယ့် နည်းလမ်းတွေ ရှာကြဖို့ အတွက်   လွှတ်တော်မှာ ဆွေးနွေးရတဲ့ အဆင့်ထိ ဖြစ်လာပါတယ်။

အစိုးရ အဆက်ဆက် ပြည်ပချေးငွေတွေရဲ့ ၉၇ ရာခိုင်နှုန်းကျော်ဟာ တရုတ်ကို ပြန်လည်ပေးဆပ်ရမယ့် ချေးငွေတွေပါ။ ဒါကြောင့် ကြွေးမြီ ဝန်ထုပ်ဝန်ပိုး  မဖြစ်စေဖို့… “ရှဉ့်လည်း လျှောက်သာ၊ ပျားလည်း စွဲသာဆိုသလို တစ်ဖက်သတ် မဖြစ်စေဘဲ နှစ်ဦး နှစ်ဖက် ပြေလည်စေမယ့် နည်းလမ်းတွေ ရှာဖွေဖို့ လိုအပ်နေပါတယ်။

တရုတ်ရဲ့ ပိုးလမ်းမ အစီအစဉ်အောက်မှာ ရှိတဲ့ မြန်မာ-တရုတ် စီးပွားရေး စင်္ကြံဟာ မြန်မာရဲ့ ဘယ်ဒေသတွေနဲ့ အကျုံးဝင် သလဲ ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

ပထမဆုံး အနေနဲ့ ဒီစီးပွားရေး စင်္ကြံဟာ ထိလွယ်ရှလွယ် အနေအထား ဖြစ်နေတဲ့  လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားရာ လူမျိုးစု ဒေသတွေကို ဖြတ်သန်းသွားတာ တွေ့နိုင်ပါတယ်။ ဒါကြောင့် လူမျိုးစုတွေကြား ချစ်ကြည်ရေးကို ဦးတည်စေမှာလား၊ ပိုမိုကွဲလွဲသွားစေမှာလား ဆိုတာ မေးခွန်းကြီးကြီး ထုတ်စရာ ဖြစ်လာပါပြီ။

ပြီးတော့ ဒေသခံတွေ၊ လူမျိုးစုတိုင်းရင်းသားတွေရဲ့ သဘောတူညီမှု မပါဘဲ ဖော်ဆောင်ခဲ့ရင် ဖွံ့ဖြိုးရေးကို လက်နက်အဖြစ် သုံးလာမှာကို စိုးရိမ်စရာပါ။ လမ်း၊ တံတား၊ ဆိပ်ကမ်းလို အခြေခံအဆောက်အအုံတွေကို တရုတ်ပြည်ဘက် ချိတ်ဆက်ရေးဟာ လက်တွေ့မှာ လွယ်ကူနိုင်ပါ့မလား ဆိုတာလည်း စဉ်းစားစရာ ကောင်းပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံဘက်က လမ်း၊ တံတားတွေ တည်ဆောက်ရေးမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနဲ့ ဒေသခံတွေရဲ့ စီးပွားရေး လူမှုရေး ယဉ်ကျေးမှု အပါအဝင် အထွေထွေ ထိခိုက်မှုတွေ ရှိလာနိုင်လို့ပါ။ အဲဒီလို ရှိလာရင်တော့ ဆင်းရဲသူတွေက ဆင်းရဲမြဲ ဆင်းရဲနေပြီး လူချမ်းသာတွေကတော့ ပိုမို ချမ်းသာလာမှာပါ။

တရုတ်နဲ့ ရေးထိုးခဲ့တဲ့ နားလည်မှု စာချွန်လွှာအရ မူဆယ်-မန္တလေး ရထားလမ်း အပါအဝင် စီမံကိန်း ၉ ခု ဖော်ဆောင်မှာကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုးရိမ် ပူပန်စရာ မလိုဘဲ နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်တဲ့ခေတ် ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် – ဒီစီမံကိန်း ၉ ခုဟာ ဘယ်လို စီမံကိန်းတွေ ဖြစ်တယ်၊ ဘယ်လို သဘောတူညီချက်တွေ ပါဝင်တယ်၊ ဘယ်သူတွေ ဘယ်လို အကျိုးကျေးဇူးခံစားရနိုင်တယ်ဆိုတဲ့ အချက်တွေကိုတော့ ဒီနေ့ထိတိုင် ပြည်သူတွေ သိခွင့် မရသေးပါဘူး။ အဲဒီအပြင် တိုင်းရင်းသား ဒေသတွေမှာ ဒီစီမံကိန်း အပါအဝင် အခြားစီမံကိန်း အများအပြားနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် အမှန်တွေ၊ ပြည့်စုံတဲ့ စီမံခန့်ခွဲမှု မူဘောင်တွေ သိရှိဖို့ အလှမ်းဝေးနေသလို…  ဖြေရှင်းပေးရမယ့် မြေယာပြဿနာတွေ အလွန်များပြားစွာ ရှိနေပါသေးတယ်။  ပြည်သူတွေ နစ်နာမှု မရှိအောင် ဘယ်လို ဆောင်ရွက်သွားမယ် ဆိုတဲ့ ပြဋ္ဌာန်းချက်မူဘောင်လည်း မတွေ့ရ သေးပါ။

ဒီနေရာမှာ နှိုင်းချင့် စဉ်းစားသင့်တဲ့ အချက်တစ်ခုကို ပြောပြချင်ပါတယ်။ ပိုးလမ်းမ စီမံကိန်းအောက်က တရုတ်-လာအို ရထားလမ်း ဖောက်မယ့် စီမံကိန်းပါ။ အဲဒီမှာ လာအိုနိုင်ငံက ထည့်ဝင်ရမယ့် ငွေကြေးပမာဏဟာ ကနဦးမှာပဲ အမေရိကန် ဒေါ်လာ ၂ ဘီလီယံ ရှိပါတယ်။ တရုတ်ဘက်ကတော့ ၁ ဒသမ ၆ ဘီလီယံ ရှိနိုင်တယ်လို့ ခန့်မှန်းထားတယ် လို့ သိရပါတယ်။

အဲဒီမှာ အတိုးနှုန်းပမာဏကို လေ့လာကြည့်ရင် လာအိုအတွက်က လာအို ဂျီဒီပီရဲ့ တစ်ဝက်လောက် ရှိပါတယ်။ လတ်တလောမှာ ဒီ စီမံကိန်း အတွက် လာအိုမှာ အိမ်ထောင်စု ၄,၄၀၀ လောက် နေထိုင်ရာ ဒေသကနေ ရွှေ့ပြောင်း ပေးခဲ့ပြီးပါပြီ။

ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ခေါင်းစဉ်လှလှအောက်မှာ ကျွန်မတို့ မြန်မာပြည်သူတွေ အထိမနာစေဖို့၊ ကျွန်မတို့ နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် မထိခိုက်စေဖို့၊ နောက်ပြီး တရုတ်ရဲ့ အကြွေးထောင်ချောက်မှာ ကျွန်မတို့ မြန်မာပြည်သူတွေ မနစ်မွန်းစေဖို့အတွက် ကျွန်မတို့ လေးစားထောက်ခံရွေးချယ်ခဲ့တဲ့ ပြည်သူ့ အစိုးရ အနေနဲ့ အထူးသတိပြု ချင့်ချိန်စဉ်းစား ရပါလိမ့်မယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကနေ ဖော်ဆောင်မယ့် စီမံကိန်းတွေရဲ့  အကျိုးနဲ့ အပြစ်ကို ပြည်သူတွေကို ပွင့်ပွင့်လင်းလင်းချပြပြီးမှ ဆက်လက် ဖော်ဆောင်တာကသာ နိုင်ငံနဲ့ ပြည်သူအတွက် အကောင်းဆုံး ဖြစ်မယ်လို့ ယုံကြည် ယူဆမိပါတယ်။      ။

(ရည်ညွှန်း – ဆရာမောင်မြင့်ဇော်၏ ခေတ်သစ် တရုတ်ပြည်နှင့် ပိုးလမ်းမဆိုင်ရာ မှတ်ချက်များစာအုပ်)

ပြင်ပဆောင်းပါးရှင် သွေး (စစ်ကိုင်း) သည် လူ့အခွင့်အရေး၊ နိုင်ငံရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့်အကြောင်းအရာများ ရေးသားသည့် ရန်ကုန်အခြေစိုက် စာရေးဆရာမတစ်ဦး ဖြစ်သည်။

Myanmar Now

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်