ထိုင်း ရွေးကောက်ပွဲ ရလဒ် ထုတ်ပြန်

46

ဗန်ကောက် မေ ၈

လွန်ခဲ့သော တစ်လ အကြာက ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲရလဒ်များကို ထိုင်းနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

ရလဒ်များ ထုတ်ပြန်ကြေညာပြီးနောက် ထောက်ခံမဲ အများဆုံးရရှိကြသည့် နိုင်ငံရေးပါတီများက ညွန့်ပေါင်း ဖွဲ့စည်းရန် ဆွေးနွေးမှုများစတင်မည်ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်က အောက်လွှတ်တော် အမတ်နေရာ ၃၅၀ အတွက် အတည်ပြုကြေညာခဲ့သည်။

မတ်လအတွင်း ကျင်းပခဲ့သည့် ပါတီစုံရွေးကောက်ပွဲ သည် ၂၀၁၄ ခုနှစ် ထိုင်းတပ်မတော်က အာဏာ သိမ်းပိုက်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည့်အပြင် ပြည်သူများ လိုလား တောင့်တနေသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ရန် ဆုံးဖြတ်ပေးမည့် အရေးကြီးသော ခြေလှမ်းတစ်ခုလည်း ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာအား ထောက်ခံသည့် ပွေ့ထိုင်းပါတီက အမတ်နေရာ ၁၃၆ နေရာ ရရှိခဲ့ပြီး ထိုင်းတပ်မတော်ထောက်ခံ ပန်လန်းပရာချရာ့ ပါတီက အမတ်နေရာ ၉၇ နေရာရရှိခဲ့ကြောင်း သိရသည်။

ကျန်ရှိသော အမတ်နေရာ ၁၅၀ ကို အခြားသော နိုင်ငံရေးပါတီများက အသီးသီးရရှိသည်။ ထောက်ခံမဲ အနိုင်ရရှိသော ပါတီများ၏ အမတ်လောင်းများကို မေ ၉ ရက်တွင် ကြေညာမည်ဖြစ်ကြောင်း သိရသည်။

ပွေ့ထိုင်းပါတီက အခြားပါတီ ခြောက်ခုနှင့် ညွန့်ပေါင်းတစ်ရပ်ဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း ပါတီ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

အလားတူ စစ်တပ်ထောက်ခံ ပန်လန်းပရာချရာ့ ပါတီ အနေဖြင့် ညွန့်ပေါင်းတစ်ရပ်ဖွဲ့စည်းပါက ဝန်ကြီးချုပ် အသစ်ရွေးချယ်တင်မြှောက်ရန် လုံလောက်သော အမတ်နေရာကို ရရှိမည်ဖြစ်သည်။ အကြောင်းမှာ ဝန်ကြီးချုပ်အသစ်ကို အောက်လွှတ်တော်နှင့် ထိုင်း တပ်မတော်က ခန့်အပ်ထားသော အမတ် ၂၅၀ ပါရှိသည့် အထက်လွှတ်တော်တို့က ရွေးချယ်ရမည်ဖြစ်သောကြောင့်ပင် ဖြစ်သည်။

Ref: NHK

Advertisements

Leave a Reply