‘အစိုးရအဆက်ဆက် ထောင်ကို ဂရုမစိုက်ခဲ့ဘူး’ (အင်တာဗျူး)

251

မြန်မာ့နှစ်သစ်ကူးတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က အကျဉ်းသား ၂၀၀၀၀ ကျော်ကို သုံးကြိမ်တိတိခွဲ၍ လွှတ်ပေးခဲ့ရာ အများဆုံးလွတ်မြောက်ခဲ့သူများမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုနှင့် ဆက်စပ်ပြီး ပြစ်ဒဏ်ကျခံရသူများ ဖြစ်သည်။ ပထမဆုံးအကြိမ် လွတ်ငြိမ်းသက်သာခွင့် ကြေညာပြီးသည့်အချိန်မှစ၍ မလွတ်မြောက်လာသော အကျဉ်းသားများက ၎င်းတို့လည်း လွတ်ငြိမ်းသက်သာခွင့်တွင် တန်းတူအခွင့်အရေးများ၊ လွတ်ငြိမ်းသက်သာမှု တစ်စုံတစ်ရာ ရလိုမှုအကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြရာ စစ်ကိုင်းတိုင်း ရွှေဘိုထောင်တွင် အကြီးမားဆုံး ဆန္ဒထုတ်ဖော်ပွဲများ ဖြစ်ခဲ့သည်။ ယခုရက်သတ္တပတ် လွတ်ငြိမ်းချမ်းသာခွင့် ဖြစ်ပေါ်လာပြီးနောက်တွင် ရွှေဘိုထောင်တွင် ဆန္ဒပြမှုများ မေလ ၉  ရက်နေ့မှစ၍ ပေါ်ပေါက်ခဲ့ပြီး အကျဉ်းသား လေးဦး သေဆုံးကာ အခြေအနေ ထိန်းမရသည့်အတွက် တပ်မတော်က ထောင်တွင်းသို့ ယနေ့မနက်က စတင်ဝင်ရောက်ခဲ့သည်။ မြန်မာနိုင်ငံတွင် အကျဉ်းသား လက်ရှိ ၈၀,၀၀၀ ကျော် ရှိနေဆဲဖြစ်ပြီး၊ သုံးပုံတစ်ပုံမှာ မူးယစ်မှုနှင့် ပတ်သက်ကြောင်း အကျဉ်းဦးစီးဌာန မှတ်တမ်းများအရ သိရသည်။ လွတ်ငြိမ်းချမ်းသာပေးခဲ့ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်သမ္မတရုံးတို့ ပူးတွဲစိစစ်လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ ရွှေဘိုထောင်ကဲ့သို့ မြစ်ကြီးနားထောင်နှင့် မော်လမြိုင်ထောင်တို့တွင်လည်း မငြိမ်သက်မှုများ ဖြစ်ပေါ်နေသည်ဟု သတင်းများ ပေါ်ထွက်နေသည်။ ယခုအခြေအနေများနှင့် ဆက်စပ်၍ အကျဉ်းဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် ၁၀ နှစ်ပါး တာဝန်ထမ်းဆောင်ကာ ၂၀၁၄ ခုနှစ်က အငြိမ်းစားယူခဲ့သော ဦးဇော်ထွန်းအား Myanmar Now သတင်းဌာနမှ အောင်ငြိမ်းချမ်းက ဖုန်းဖြင့် မေးမြန်းထားပါသည်။

မေး။      ။ မြန်မာနှစ်ဆန်း ၁ ရက်နေ့ကစလို့ ပေးခဲ့တဲ့ သမ္မတရဲ့ နှစ်သစ်ကူးလွတ်ငြိမ်းသက်သာခွင့်တွေအပေါ်မှာ တချို့အကျဉ်းသားတွေက မကျေနပ်ကြတာရှိတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်လဲ။

ဖြေ။       ။ ကျွန်တော်တို့သိမီသမျှ နောက်ပိုင်းမှာတော့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် (General Amnesty) က အခုနောက်ပိုင်းမှာ ပေးတာမရှိဘူး။ အခုနောက်ပိုင်းမှာ ကျင့်ထုံးဥပဒေ ၄၀၁ နဲ့ ပေးနေတာ။ ကျင့်ထုံးဥပဒေ ၄၀၁ က နိုင်ငံတော်သမ္မတသည် အကျဉ်းသားအား ခြွင်းချက်ထားပြီးဖြစ်စေ၊ ခြွင်းချက် မထားဘဲ ဖြစ်စေ၊ ပြစ်ဒဏ်အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ လွတ်ငြိမ်းချမ်းသာခွင့် ပြုနိုင်သည်တဲ့။ ခြွင်းချက်ထားတယ်ဆိုတာက လွတ်ဖို့ သုံးနှစ်ကျန်သေးတယ်ထားပါတော့ သူ့ကို လက်မှတ်ထိုးပြီး လွှတ်ပေးလိုက်တယ် နောက်တစ်ခါ ပြစ်မှုဖြစ်လို့ ပြစ်ဒဏ်ခံရပြီဆိုရင်တော့ သူကျန်ခဲ့တဲ့ သုံးနှစ်ကိုပါ ပြန်ခံရမယ် ဆိုတဲ့ ခြွင်းချက်မျိုးတွေ ပေါ့။ သတ်မှတ်ချက်တွေလည်း ရှိသေးတယ်။ ကျွန်တော်တို့တုန်းကဆိုရင် မူးယစ်ဆေးဝါးမှုကို လုံးဝမလွှတ်ရဘူးဆိုပြီးတော့ သတ်မှတ်ပေးတယ်။ နောက်တစ်ခါ ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်မှုတွေ မလွှတ်ရဘူးပေါ့။ သတ်မှတ်ပေးတာကလည်း တစ်ကြိမ်နဲ့ တစ်ကြိမ် မတူဘူးဗျ။ အခုဖြစ်နေတာက ခံစားခွင့်ကို အားလုံးမခံစားရဘူးပေါ့၊ သူတို့သတ်မှတ်ပေးတဲ့ အတိုင်းအတာလေးအတွင်းမှာပဲ ခံစားရတယ်။ ဟိုတုန်းကဆိုရင်တော့ အရေအတွက်ပါ သတ်မှတ်ပေးတယ်။ ဒီကိစ္စက ဟိုတုန်းကတည်းက ပြဿနာရှိတယ်။ အဲဒီလိုမျိုး တစ်ခါတစ်ခါ ပေးရင် အကျဉ်းသားတွေရဲ့ စိတ်ခံစားချက်က ပြင်းထန်လာတယ်။ လျှော့ရက်မရတာတို့၊ ဘယ်သူကတော့ လွတ်သွားတယ်၊ ဘယ်သူကတော့ မလွတ်ဘူးတို့ပေါ့။ ရက်သတ်မှတ်ချက်က ကျန်ကာသုံးနှစ်ထက်ပိုပြီး မများရဘူးဆိုတော့။ သုံးနှစ်ကို လွှတ်ပေးတော့ သုံးနှစ်နဲ့ နှစ်ရက်ကောင်က ဒုက္ခရောက်ပြီလေ။ အဲဒီလိုတွေလည်း ဖြစ်ဖူးတယ်။ နောက်တစ်ခုက သင်္ကြန်နီးပြီဆိုရင်၊ သင်္ကြန်ကာလဆိုရင် ထောင်တွေမှာက အိမ်ကို သတိရတာ၊ အိမ်ကိုလွမ်းတာ ဖြစ်တတ်တယ်။ လွတ်ချင်စိတ်တွေ ပိုပြီးတော့ များလာတယ်။ စိတ်တွေ ဂယောက်ဂယက် ဖြစ်လာတယ်။ အဲဒီလိုတွေဖြစ်လာရင် ထိန်းရသိမ်းရတာ သိပ်ခက်တာပဲ။ အခုဟာကတော့ စံချိန်လို့ပဲ ပြောရမှာပေါ့။ ထောင်တွေအများကြီး အကျဉ်းသားတွေ ဆူပူ၊ ဆန္ဒပြတယ်ပေါ့။ အဲဒါမျိုးက ကျွန်တော်ထင်တယ် ဒါပထမဆုံးအကြိမ်ဖြစ်တာပဲ။

မေး။    ။ အခုလို ထောင်ဆူပူမှုတွေ ဘာ့ကြောင့်ဖြစ်လာပါသလဲ။

ထောင်ကို ထောင်လို မအုပ်ချုပ်ဘူး၊ အကျဉ်းသားကို အကျဉ်းသားလို မအုပ်ချုပ်လို့ ဖြစ်သွားတာပဲ။ ထောင်အုပ်ချုပ်ရေးယန္တရား ပျက်သွားလို့ပဲ။ နောက်ပြီး အစိုးရအဆက်ဆက် ထောင်ကို ဂရုမစိုက်ခဲ့ဘူး။ ထောင်တွေကို ပစ်ထားကြတယ်။ ထောင်တွေ တအားကြပ်နေပြီ ပြေလည်အောင် မဖြေရှင်းခဲ့ဘူး။ ဒါတွေအားလုံးစုပြုံပြီး အကျိုးဆက်အနေနဲ့ ခုလိုဖြစ်လာတာပဲ။

မေး။      ။ အကျဉ်းသားတွေဘက်လည်း လူ့အခွင့်အရေးကော်မရှင်တို့ ဝန်ကြီးချုပ်တို့ကို တွေ့ခွင့်ရဖို့ တောင်းဆိုတဲ့အထိကို တွေ့လာရတယ် သူတို့ နစ်နာမှုက ဘယ်လောက်ရှိလဲ။

ဖြေ။      ။ တဖြည်းဖြည်းနဲ့ ဒီဘက်ရောက်လာတဲ့ အခါမှာ သူတို့မှာ အခွင့်အရေးတွေ ပိုများလာတယ်။ လူအခွင့်အရေး၊ ထောင်တွင်းအခွင့်အရေးတွေ၊ ပြောဆိုခွင့်တွေ၊ မကျေနပ်ရင် တင်ပြခွင့်တွေ ရှိလာတယ်။ ရှိလာတော့ သူတို့က သာမန်ထက် ပိုတက်ကြွနေတယ်။ ပြောခွင့်ဆိုခွင့်တွေရှိလာတော့ ဒီလွတ်ငြိမ်းချမ်းသာ ပေးတဲ့ဟာကို မကျေနပ်တာနဲ့ ပတ်သက်ပြီး ဆန္ဒပြတဲ့ သဘောမျိုး ဖြစ်သွားတာပေါ့ဗျာ။ ကျွန်တော်တို့ ဟိုးတုန်းကတည်းကလည်း ပြောခဲ့တယ်။ ဒီပြဿနာက အမြဲ ထောင်မှာ အခက်အခဲ ကြုံနေကျပဲ။ ဒီလိုအကြီးအကျယ်သာ မဖြစ်တာပေါ့။ ဟိုတုန်းကတည်းက တိုက်တွန်းပါတယ်။ ဘယ်လောက်ပဲ နည်းနည်းပေါ့ဗျာ။ အကျဉ်းသားအားလုံး ခံစားခွင့်ရအောင် လုပ်သင့်တာပေါ့။   သဘောကတော့  သုံးနှစ်အောက် လွှတ်မယ်ဆို လွှတ်ပေးလိုက်၊ ကျန်အကျဉ်းသားတွေကိုလည်း လျှော့ရက် ခြောက်ဆို ခြောက်လ။ သုံးဆို သုံးလ၊ တစ်နှစ်ဆိုတစ်နှစ်ပေါ့ လျှော့ပေးလိုက်။ အဲဒါမျိုး လွတ်ငြိမ်း သက်သာခွင့် ပြုသည်လို့ ပြောရင်တော့ အားလုံးဝမ်းသာမှာပေါ့။ စဉ်းစားတာကတော့ ၂၀၁၈ မှာ မူးယစ်ဆေးဝါး ဥပဒေကို ပြန်ပြင်တာရှိတယ်။ အဲဒီဥပဒေ ပုဒ်မ ၁၅ ပေါ့၊ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို အရေးမယူတော့ဘူးလို့ ပြောထားတာရှိတယ်။ အဲဒါဆိုရင် အရင်တုန်းက ပုဒ်မ ၁၅ နဲ့ ကျတဲ့သူတွေကို ပြန်မစဉ်းစားတော့ဘူးလားဆိုတဲ့ အပိုင်းရှိတာပေါ့။ ပုဒ်မ ၁၆ ကတော့ လက်ဝယ်တွေ့ရှိမှုပေါ့။ ပုဒ်မ ၁၅၊ ၁၆ နဲ့ကျသူတွေကို သူတို့လွှတ်တယ်။ တချို့ မကြေည်မှုတွေလည်း ရှိတယ်။ တချို့နေရာတွေမှာ အဲဒီ ၁၅၊ ၁၆ တွေလည်း မလွတ်တာရှိတယ်။ ပုဒ်မ ၂၁ က အားပေး ကူညီတာ။ ကိုယ်တိုင်လုပ်တဲ့ ပုဒ်မ ၁၅၊ ၁၆ တွေတောင် လွတ်သွားပြီးတော့ ပုဒ်မ ၂၁ တွေ မလွတ်ဘူးဆိုတော့ ချွတ်ချော်မှု ဖြစ်သွားတယ်ပေါ့ဗျာ။ ဝန်ကြီးချုပ်တွေလည်း ဝင်မေးပြီးတော့ နောက်ဆက်လုပ်သွားမှာတွေလည်း ရှိတယ်လို့ ပြောသွားတယ်။ အဲဒါကလည်း မကောင်းဘူးဗျ။ အကျင့်ပါသွားလိမ့်မယ်။ နောက်လည်း တစ်ခါလွှတ်ပေးရင် တစ်ခါဆန္ဒပြ တိုင်ကြ တောကြ လုပ်လာနိုင်တာပေါ့။ ဒါက တော်တော်တော့ ခွကျတယ် ဘယ်လိုလုပ်မလဲမသိဘူး။ တချို့နိုင်ငံတွေမှာက အထွေအထွေလွတ်ငြိမ်းအရ ပုံမှန်လွှတ်ပေးလေ့ရှိတယ်။ သေဒဏ်ဆိုရင် တစ်ကျွန်းလျှော့တာတို့ဘာတို့ပေါ့ဗျာ။ အားလုံးခံစားခွင့်ရတာပေါ့။ သဘောက ငါးနှစ်၊ သုံးနှစ်အောက်တွေ လွတ်သွားနိုင်တယ်ပေါ့။ သူ့သတ်မှတ်ချက်ပေါ် မူတည်တာပေါ့။ ဆိုလိုချင်တာကတော့ အားလုံးခံစားခွင့်ရတာပေါ့။

မေး။      ။ ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၀၁ အရ လွှတ်ပေးတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ။      ။ ၄၀၁ နဲ့ပေးတာမျိုးက ဟိုကပေးတဲ့ သတ်မှတ်ချက်တွေနဲ့ လုပ်နေရပေမဲ့လို့ ကျွန်တော်တို့လည်း သိပ်ပြီး ဘဝင်မကျတာလေးတွေရှိတယ်။ ကျွန်တော်တို့တုန်းကတော့ စစ်အစိုးရလက်ထက်ကိုး။ လူကြီးတွေက ခိုင်းတယ်။ ကျွန်တော်တို့က ခိုင်းတဲ့အတိုင်း၊ သတ်မှတ်ပေးထားတဲ့အတိုင်း လုပ်တယ်ပေါ့။ ဒါပေမဲ့လို့ ကျွန်တော်တို့မမီခဲ့တဲ့ ခေတ်တွေက လုပ်ကြတာတွေကတော့ ဒါတွေကို စိစစ်တဲ့အခါမှာ တရားရုံးကလည်း ပါတယ်။ ရှေ့နေရုံးကလည်း ပါတယ်။ ရဲကလည်း ပါတယ်။ အကျဉ်းဦးစီးကလည်း ပါမယ်ပေါ့။ အကျဉ်းဦးစီးဌာနက တင်ပြတာတွေ သူတို့စဉ်းစားတယ်၊ ပေးသင့်တဲ့သူ မပေးသင့်တဲ့သူ စဉ်းစားတယ်။ အဲဒီအထဲမှာမှ ဘာထူးခြားလဲ ဆိုတော့ နစ်နာသူ ကာယကံရှင်ရဲ့ သဘောကိုလည်း မေးတယ်။ ကျွန်တော်တို့တော့ မမီလိုက်ဘူး။ ဥပမာ ဆိုပါတော့ မုဒိမ်းမှုပေါ့ဗျာ။ မုဒိမ်းမှုဆို နစ်နာသူကာယကံရှင် ရှိတယ်လေ။ လူသတ်မှုဆိုရင် အသတ်ခံရတဲ့ မိသားစုရှိတယ်လေ။ ဟိုတုန်းကတော့ နစ်နာသူ ကာယကံရှင်ရဲ့ ဆန္ဒကိုလည်း မေးတယ်လို့ သိရတယ်။ ဒါက လုပ်သင့်တဲ့အလုပ်ဗျ။ နစ်နာသူ ကာယကံရှင်ရဲ့ ဆန္ဒကိုလည်း မေးရမယ်။ စစ်အစိုးရ လက်ထက်မှာတော့ အကျဉ်းထောင်က ပြုစုပေးတယ်။ ဝန်ကြီးနဲ့ အထက်အရာရှိတွေက စစ်ဆေးတယ်။ အဲဒီလိုမျိုးဆိုတော့ ပေး၊ မပေး ဆိုတဲ့ ဆုံးဖြတ်ချက်က မြန်တယ်။ တစ်စုံတစ်ယောက်ရဲ့ တစ်ဖွဲ့ရဲ့ လက်ထဲမှာပဲရှိတယ်။ ပြောချင်တာကတော့ ဒီလိုလွှတ်ပေးတာမျိုးဆိုရင် စနစ်တကျ စစ်ဆေးတာတို့ နစ်နာသူ ကာယကံရှင်တွေရဲ့ ဆန္ဒတို့ လိုတယ်။

မေး။     ။ မူးယစ်ပုဒ်မချင်းတူတာတောင်မှ လွတ်တဲ့သူချင်းမတူဘူးဆိုတော့ ဘာတွေလိုအပ်ချက်ရှိနေလို့လဲ။

ဖြေ။     ။ အဲဒါက စိစစ်တဲ့အပိုင်းရဲ့ အားနည်းချက်ပေါ့။ စစ်ဆေးတာက တကယ် စနစ်တကျနဲ့ စစ်ဆေးဖို့ လိုတာပေါ့။ ကျွန်တော်တို့တုန်းကတော့ ကန့်သတ်ချက်ကို အပေါ်ကပေးတယ်။ သဘောက လွတ်ရန်ကျန်ကာလ ဘယ်နေ့ဘယ်ရက်မှာ သုံးနှစ်အထက် မဖြစ်စေရ၊ ဘယ်လိုအမှုတွေ မဖြစ်စေရ၊ အဲဒီလိုသူတို့က ချပေးလိုက်ရင် ချပေးတဲ့ အတိုင်း ဘောင်ဝင်အောင်လို့ အကျဉ်းဦးစီးဌာနက လုပ်ရတယ်။ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူး။ ထောင်တွေအားလုံး စာရင်းတွေ တောင်းရတယ်၊ ရုံးချုပ်က စာရင်းတွေနဲ့ ပြန်စစ်ရတယ်။ ပြီးတော့မှ စာရင်းကို ပြန်ပြုစုရတယ်။ ပြီးတော့ ထောင်ထဲက အရာရှိတွေနဲ့ အထပ်ထပ်ပြန်ပြီး စစ်ရတယ်။ ပြီးတော့မှ အထက်ကို ပြန်အစစ်ခံရတယ်။ ဒုဝန်ကြီးနဲ့ စစ်တဲ့အဖွဲ့ရှိတယ်၊ ဝန်ကြီးနဲ့ စစ်တဲ့အဖွဲ့ ရှိတယ်။ ပြီးတော့မှ ကောင်စီဝင် ဗိုလ်ချုပ်ကြီးတွေအဖွဲ့နဲ့ပေါ့ ဗိုလ်ချုပ်ကြီးရွှေမန်း လုပ်လေ့လုပ်ထ ရှိတယ်၊ ဗိုလ်ချုပ်ကြီးမောင်အေး လုပ်လေ့လုပ်ထ ရှိတယ်။ အဲဒီကျရင် ပြည်ထဲရေးဝန်ကြီးက၊ အကျဉ်းဦးစီး ညွှန်ချုပ်က ဒီဖိုင်တွေကိုင်ပြီး သူတို့ဆီ တက်သွားတယ်။ တစ်မှုချင်း၊ တစ်ယောက်ချင်း ရှင်းပြတယ်။ ဒါဆိုရင် ဘယ်သူ့ကို လွှတ်လိုက်၊ ဘယ်သူ့ကိုတော့ မလွှတ်နဲ့ဦးဆိုပြီးတော့ ဘုတ်ကနေ ဆုံးဖြတ်တယ်။ ပုဒ်မ ၁၅၊ ၁၆ လွှတ်တယ် ပုဒ်မ ၂၁ မလွှတ်ဘူးဆိုတာတွေက အဆင့်ဆင့်စစ်ဆေးတဲ့ စာရင်းဇယား လုပ်တဲ့အချိန်မှာ ချွတ်ချော်မှုတို့၊ အားနည်းမှုတို့ဖြစ်မှာပေါ့။ အဲဒါလုပ်ရတာလည်း တကယ်တော့ တော်တော်ကို မလွယ်ပါဘူး။

မေး။      ။ တစ်လအတွင်းမှာ လူ ၂၀,၀၀၀ ကျော်ကို သုံးကြိမ်ခွဲပြီး လွှတ်သွားခဲ့တာမျိုး အရင်က အဲဒီလိုလွှတ်ပေးဖူးလား။

ဖြေ။       ။ အဲဒါကတော့ ကြိုက်သလောက် ပေးလို့ရတယ်။ တစ်နှစ်မှာ တစ်ကြိမ်ပေးလည်းရတယ်၊ သုံးကြိမ်ပေးလည်းရတယ် ကန့်သတ်မထားဘူး။ သို့သော် ကိုယ့်ဘက်က မှားယွင်းချက်ဖြစ်လိုက်လို့ အကျဉ်းသားတွေက ဆူပူတယ်၊ ဆန္ဒပြတယ်ဆိုလို့ ရက်ပိုင်းအတွင်း လပိုင်းအတွင်း လွှတ်ပေးလိုက်မယ်ဆိုရင် နောင်အခါမှာ အကျင့်ပါသွားလိမ့်မယ်။ မကောင်းတဲ့အစဉ်အလာ ဖြစ်သွားမယ်။ အရင်ကတော့ အဲဒီလိုမျိုး မရှိခဲ့ဖူးဘူး။ ကျွန်တော်တို့တုန်းကတော့ အဲဒီလိုမျိုး လွှတ်ပေးလိုက်ရင် ထောင်တွေက တစ်ယောက်စ နှစ်ယောက်စ ပေါ့ဗျာ အတူတူအမှုလုပ်တယ်၊ အတူတူထောင်ကျတယ်နှစ်လည်းမတူဘူး တစ်ယောက် လွတ်တယ် တစ်ယောက် မလွတ်ဘူးဆိုရင် တင်ပြတာတွေရှိတယ်။ အဲဒီလိုတင်ပြလည်း များသောအားဖြင့် အဲဒါတွေကို ပြန်ပြီးတော့ အရေးယူတာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ လျှော့ရက်က မတူနိုင်ဘူးလေ၊ ကောင်းကောင်းမွန်မွန် နေတဲ့သူက လျှော့ရက်များမယ်၊ မနေတဲ့သူက နည်းမယ်၊ အဲဒီတော့ ကျခံဖို့ ကျန်တဲ့ရက် တွက်လိုက်တဲ့အခါမှာ ကွာသွားတာပေါ့။

မေး။      ။ လတ်တလောဖြစ်သွားတဲ့ ကိစ္စတွေကို ခြုံငုံပြီးတော့ သုံးသပ်ပေးပါ။

ကြားရတဲ့ ပုံအရဆိုရင်တော့ အခုဖြစ်သွားတဲ့ ကိစ္စတွေက ချွတ်ချော်မှုတွေပဲ။ ဘယ်သူ့မှာတာဝန်ရှိလဲ ဆိုတာပေါ့ ကျွန်တော်တို့ မသိနိုင်ဘူး။ နောက်တစ်ခုကတော့ အကျဉ်းသားတွေ စိတ်ပိုင်းဆိုင်ရာ မြင့်တက်တဲ့၊ ဂယောက်ဂယက် ဖြစ်တတ်တဲ့ ဒီလိုနှစ်သစ်ကူးကာလမျိုးမှာ တခြားနိုင်ငံတွေမှာ လုပ်သလိုမျိုး အားလုံးခံစားလို့ရအောင် လွတ်ငြိမ်းချမ်းသာခွင့် ပေးတာမျိုး လုပ်သင့်တာပေါ့။ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာကိုလည်း တချို့က မကြိုက်ပြန်ဘူး မကြိုက်တာက သေဒဏ်ကနေ အလိုအလျောက် တစ်သက်တစ်ကျွန်းဖြစ်၊ တစ်ကျွန်းကနေ ၁၀ နှစ်ဖြစ်၊ နှစ်ဖြစ် ဒါမျိုးတွေ ဖြစ်တတ်တယ်လေ။ လူမှုကွန်က်မှာလည်း တွေ့ခဲ့မှာပေါ့ လွှတ်တာတွေကြောင့် ရဲကိုတောင် သတ်သွားတဲ့ တင်မြင့်လိုကောင်မျိုးတွေ၊ ဘယ်သူတွေ လွတ်တယ်ဆိုပြီး ဝေဖန်ကြတယ်။ ဒါကြောင့် လွှတ်တာလည်း သိပ်ကောင်းတဲ့အလုပ်တော့ မဟုတ်ဘူး။ ဟိုတုန်းက ကန့်သတ်ချက်တွေတော့ ပါတယ်။ ရက်စက် ကြမ်းကြုတ်တဲ့ လူသတ်မှုတွေ မပါရဘူးဆိုတာပေါ့။

မေး။     ။ အရင်တုန်းကအခြေအနေနဲ့ အခုအခြေအနေ အကျဉ်းထောင်၊ အကျဉ်းသားအခွင့်အရေး ဘာတွေပြောင်းလဲသွားလဲ။

ဖြေ။      ။ အကျဉ်းထောင်တွေကတော့ နာမည်ဆိုးနဲ့ သမိုင်းကြောင်းမှာ ရှိခဲ့တာပေါ့။ သို့သော်လည်းပဲ အကျဉ်းထောင်နဲ့ ပတ်သက်ပြီးတော့ မပြုပြင်ဘူးလားလို့ မေးရင် အာဏာပိုင်တော်တော်များများပေါ့လေ၊ ဦးနေဝင်းတို့လက်ထက်ကတည်းကစလို့ ပြင်ဖို့ပြောထားခဲ့တယ်၊ ပြင်ခဲ့ကြတယ်။ ဥပမာအားဖြင့် စံပြ အကျဉ်းထောင်တို့ ဘာတို့လုပ်တယ် နောက်ပြီး ရဲဘက်ဆိုတဲ့ စနစ်တွေလုပ်တယ် ဒီလိုပေါ့ ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်။ နိုင်ငံတကာနဲ့ ကိုက်ညီအောင် ပြောင်းလဲဖို့ စတင်ကြိုးစားခဲ့တာကတော့ (စစ်အစိုးရခေတ် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း) ဦးခင်ညွန့်လက်ထက်မှာပေါ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အဖွဲ့မျိုးတို့ကို ထောင်တွေ အဝင်ခံတာက စပြီးတော့ အဲဒီလိုပြုပြင်ဖို့ ကြိုးစားခဲ့တာ။ အဲဒီမှာ နေထိုင်၊ စားသောက်မှုတွေဘာတွေကို ICRC က ဝင်စစ်ဆေးပြီး အားနည်းချက်တွေကို အကျဉ်းထောင်အာဏာပိုင်တွေကိုပြော၊ အကျဉ်းထောင်အာဏာပိုင်တွေက ပြန်ပြင်ပေါ့။ လုပ်ခဲ့ကြတယ်။ သို့သော်လည်း အရှိန်အဟုန်နဲ့ တကယ်လုပ်ခဲ့ကြတာကတော့ ၂၀၀၃၊ ၂၀၀၄ ခုနှစ် ဝန်းကျင်လောက်ပေါ့။ (အကျဉ်းဦးစီးဌာနညွှန်ချုပ်ဟောင်း နှင့် လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌဟောင်း) ဦးဇော်ဝင်းတို့ ကျွန်တော်တို့လက်ထက်မှာ အရှိန်အဟုန်နဲ့ လုပ်ခဲ့တယ်။ ကျွန်တော်တို့လက်ထက်မှာ ကုလားပဲ ကျွေးတယ်။ အစားစုံရအောင်၊ အသားကောင်းရအောင် ကျွေးတယ်။ အခုဆိုရင် အမဲသား မစားတဲ့သူကို ကြက်ဥ သုံးလုံး ပေးတယ်။ နောက်ပြီး ထောင်တွေထဲမှာ စာကြည့်တိုက်တွေ ထောင်ပြီး စာဖတ်ဖို့ အားပေးလာတယ်။ ထောင်တွေမှာ တရားစခန်းတွေ လုပ်တယ်။ ဆရာတော်ကြီးတွေ ဝင်ဟောပြောတယ်။ ပြင်ပအလှူရှင်တွေ ကျွေးတာမွေးတာကို လက်ခံပြီး ကျွေးမွေးပေးတယ်။ ကျွန်တော်ရှိတုန်းက တစ်ပတ်မှာ နှစ်ကြိမ် အသား ကျွေးတယ်။ အခု တစ်ပတ်မှာ လေးကြိမ် အသား ကျွေးတယ်။

Written by Aung Nyein Chan

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်