မြောက်ကိုရီးယားအရေး အမေရိကန်နှင့် တောင်ကိုရီးယား သမ္မတနှစ်ဦး ဖုန်းဖြင့် ဆွေးနွေး

56

ဝါရှင်တန် မေ ၈

မကြာသေးမီက မြောက်ကိုရီး ယားဒုံးကျည်ပစ်လွှတ်မှုများနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တောင်ကိုရီးယား သမ္မတ မွန်းဂျယ်အင်းတို့ တယ်လီဖုန်းမှ တစ်ဆင့် အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း ယနေ့သတင်းများအရ သိရသည်။

မေ ၇ ရက်တွင် ခေါင်းဆောင်နှစ်ဦးက ကိုရီးယား ကျွန်းဆွယ်ဒေသတွင်း နျူကလီးယားလက်နက် ကင်းစင် ပပျောက်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး နာရီဝက်ခန့် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မေ ၄ ရက်က ပြုံယမ်း၏ ဒုံးကျည်များ ပစ်လွှတ်မှုနှင့်ပတ်သက်ပြီး အလေးထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက် ကင်းစင်ပပျောက်ရေးလုပ်ငန်းစဉ်များ အဆုံးသတ်နိုင်ရေး အတွက် မည်သို့ကိုင်တွယ်ဖြေရှင်းမလဲဆိုသည့် အကောင်း ဆုံးနည်းလမ်းများကို ခေါင်းဆောင်နှစ်ဦးက အမြင်ချင်း ဖလှယ်ခဲ့ကြသည်ဟု အိမ်ဖြူတော်က ဆိုသည်။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျူကလီးယား လက်နက်ကင်းစင်ပပျောက်ရေးအတွက် အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိရာမှ လမ်းကြောင်းပြောင်းကာ ဒုံးကျည်ပစ်ခတ်မှုများကို ပြန်လည်လုပ်ဆောင်လျက်ရှိ သည်။

ထို့ကြောင့် ဆွေးနွေးပွဲများသို့မြောက်ကိုရီးယား ပြန်လည်ခြေဦးလှည့်လာစေရန် လုပ်ဆောင်ရမည့်နည်းလမ်းကောင်းများကို ခေါင်းဆောင်နှစ်ဦးက ဆွေးနွေးခဲ့ကြသည်ဟု တောင်ကိုရီးယားသမ္မတရုံးက ဆိုသည်။

မြောက်ကိုရီးယား၏ နောက်ဆုံးအကြိမ် ဒုံးကျည်ပစ်ခတ်မှုများနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတ ထရန့် က သဘောထားမပြောင်းလဲဘဲ အကောင်းမြင်ဝါဒ ကိုင် ဆောင်ထားသည့်အတွက် အမေရိကန်သမ္မတထရန့်၏ တုံ့ပြန်ချက်ကို သမ္မတမွန်းက ချီးကျူးစကားဆိုခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံးက ဆက်လက်ပြောကြားခဲ့ သည်။

ပြုံယမ်း၏ နောက်ထပ်လုပ်ဆောင်မည့် အခြေအနေ များကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်ဟု သမ္မတ ထရန့်က ပြောသည်။

မြောက်ကိုရီးယားနိုင်ငံသို့ လူသားချင်းစာနာ ထောက်ထားသည့် အစားအစာများနှင့် ထောက်ပံ့ပစ္စည်း များကို တောင်ကိုရီးယားနိုင်ငံက ပေးပို့မည့်အစီအစဉ်နှင့် ပတ်သက်ပြီး အပြုသဘောဆောင်သည့် လုပ်ရပ်ဖြစ်သည့် အပြင် အချိန်အခါသင့်သည်ဟု သမ္မတထရန့်က ဆိုသည်။

မြောက်ကိုရီးယားပစ်လွှတ်ခဲ့သည့် ဒုံးကျည်များတွင် တိုက်ချင်းပစ်ဒုံးလက်နက်များ ပါဝင်သည်ဆိုသည်နှင့် ပတ်သက်ပြီး အမေရိကန်နှင့် တောင်ကိုရီးယားတာဝန်ရှိသူ များက အသေးစိတ်လေ့လာဆန်းစစ်လျက်ရှိသည်။

အကယ်၍ တိုက်ချင်းပစ်ဒုံးလက်နက်များ ပါဝင်မည် ဆိုပါက ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထားသည့် ဖြေရှင်း ချက်များကို ပြုံယမ်းအနေဖြင့် ချိုးဖောက်ခဲ့သည်ဟု ယူဆရမည်ဖြစ်သည်။

Ref: NHK

Advertisements

Leave a Reply