ဒေါ်လာ ၅၀ တန် သန်းပေါင်းများစွာ စာလုံးပေါင်းမှား ရိုက်နှိပ်မိကြောင်း သြစတေးလျ ဗဟိုဘဏ် ထုတ်ပြန်

မဲဘုန်းလ် မေ ၉

သြစတေးလျ ဒေါ်လာ ၅၀ တန် သန်းပေါင်းများစွာကို စာလုံးပေါင်းမှားပြီး ရိုက်နှိပ်ဖြန့်ဝေခဲ့တာကြောင့် အသုံးပြုသူတွေကို တောင်းပန်ကြောင်း သြစတေးလျ ဗဟိုဘဏ် (RBA)က ထုတ်ပြန်ကြေညာပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ခုလို ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဓိက မှားယွင်းနေတာကတော့ ဒေါ်လာပေါ်မှာပါတဲ့ “responsibility” ဆိုတဲ့နေရာမှာ “responsibilty” ဆိုပြီး သုံးကြိမ်တိုင်တိုင် i တွေကျန်ပြီး ရိုက်ထုတ်ထားတာဖြစ်ပါတယ်။ မှားယွင်းရိုက်နှိပ်ပြီး ဖြန့်ဝေခဲ့မိတဲ့ ဒေါ်လာ ၅၀တန်တွေကို ပြန်လဲလှယ်ပေးဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စာလုံးပေါင်းမှားနေတဲ့ ဒေါ်လာတွေကို ၂၀၁၈ ခုနှစ် အောက်တိုဘာလကတည်းက ဖြန့်ဝေထားတာဖြစ်ပါတယ်။ ဒီလိုမှားယွင်းနေတာကို ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဝေဖန်သူတွေများလာတာကြောင့် စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒေါ်လာ ၅၀တန်မှာဆိုရင် အနောက်ပိုင်းသြစတေးလျနိုင်ငံရဲ့ ပါလီမန်အဆောက်အဦးကို ထည့်သွင်းဖော်ပြထားပြီး အရှေ့ဘက်မှာတော့ ၁၉၂၁ – ၂၄ ခုနှစ်က ရွေးကောက်ပွဲမှာပထမဦးဆုံး အနိုင်ရခဲ့တဲ့ အမျိုးသမီး အိဗ်ကိုဝမ်ရဲ့တစ်ပိုင်းပုံနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ဗဟိုဘဏ်ရဲ့ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးကတော့ စာလုံးပေါင်းတွေကို နောက်တစ်ကြိမ်မဖြစ်အောင် သေချာစိစစ်ထားပြီး မှားနေတဲ့ ပိုက်ဆံတွေကိုလည်း လဲဖို့ လုပ်ဆောင်နေတယ်လို့ မီဒီယာတွေကို ဖြေကြားထားပါတယ်။

ယခုအကြိမ်စာလုံးပေါင်းမှားယွင်းတဲ့ ဒေါ်လာပေါင်း ၁၈၄ သန်းရှိပြီး အသစ်ထုတ်လုပ်တဲ့အခါမှာ လဲလှယ်ဖို့အတွက် ဒေါ်လာအသစ်တွေကို ပြန်လည်ရိုက်ထုတ်ဖို့ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Ref: CNBC

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်