Advertisements

လျှပ်စစ်အမြဲတမ်းအတွင်းဝန်နှင့် ဆက်သွယ်မေးမြန်းခြင်း

နိုင်ငံ၏ ဓာတ်အား အကြီးအကျယ် လိုအပ်မှုအတွက် လေ၊ နေစွမ်းအင်သုံး ဓာတ်အားပေး စီမံကိန်း၊ အသေးစား ရေအားလျှပ်စစ်စီမံကိန်းတို့ကို ဖော်ဆောင်ရန် နိုင်ငံတကာ ချေးငွေ၊ အထောက်အပံ့တို့က အရေးပါသည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဋ္ဌာနက ပြောသည်။

ယခင်လ ဝန်ကြီးဋ္ဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မောင်ဦးကို ဆက်သွယ်မေးမြန်းရာ ၎င်းက လတ်တလော ဓာတ်အား ထုတ်လုပ်နိုင်မှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အယူအဆတို့အကြောင်း ပြောပြခဲ့သည်။

Myanmar Now သတင်းထောက် ဖြိုးသီဟချို၏ ဆက်သွယ် မေးမြန်းချက်ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

မေး။    ။ အိမ်နီးခြင်း နိုင်ငံတွေနဲ့ ကျွန်တော်တို့နိုင်ငံ လျှပ်စစ်စွမ်းအင် ထုတ်လုပ်တဲ့ ပမာဏ ဘယ်လောက် ကွာပါသလဲ။

Advertisements

ဖြေ။      ။ ကွာတာပေါ့ဗျာ။ သူတို့က မဂ္ဂါဝပ်  သောင်းချီပြီးတော့ ထုတ်တာပေါ့ဗျာ။ ငါးသောင်းတို့ ဘာတို့လောက် ထုတ်တာပေါ့။ တရုတ်ပြည်ဆိုရင် သိန်းချီနေတာပဲကို။  လောလောဆယ်တော့ ကျွန်တော်တို့က ထောင်ဂဏန်းလေးရှိတာ။ ဘယ်လိုမှကို ယှဉ်လို့မရဘူး။   သူတို့ရဲ့အစွန်းထွက်လောက်လို ဖြစ်နေတာ။ ခုဆိုရင် ကျွန်တော်တို့ ၄၄ ရာခိုင်နှုန်း ကျွန်တော်တို့ မီးပေးနိုင်ပြီ။ ဒီနှစ် ဒီဇင်ဘာမှာ ၅၀ ရာခိုင်နှုန်း တစ်ပြည်လုံး အတိုင်းအတာမှာ။  အဲဒါကို ဝန်ကြီးဋ္ဌာနရဲ့ Target (ရည်မှန်းချက်) ပေါ့နော်၊  ၂၀၂၅မှာ ဆိုရင် မြန်မာတစ်နိုင်ငံလုံး ၇၅ ရာခိုင်နှုန်း၊  ၂၀၃၀ ကို ၁၀၀ ရာခိုင်နှုန်း ရအောင် လုပ်မယ် ဆိုပြီးတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကတောင် ဟိုတလောက ပြောထားတယ်။   ဝေးလံခေါင်ဖျားတဲ့ နယ်စပ်ဒေသတွေ ကျတော့ ဓာတ်အားလိုင်းကြီး ရောက်သွားဖို့ ဆိုတာ တော်တော်ခက်ပါတယ်။ ချောင်းတွေ၊ မြောင်းတွေ၊ တောင်တွေ အများကြီးနဲ့ ဆိုတော့ အဲလိုမျိုးနေရာရောက်ရင်   ရေအားအသေးစားလေးတွေ၊ Solar (နေစွမ်းအင်) လိုဟာမျိုး၊ Wind (လေစွမ်းအင်) လိုဟာမျိုး  လုပ်ဖို့ကိုလည်း ကြိုးစားနေပါတယ်။  ချက်ခြင်း  လုပ်လိုက်ပါလား ဆိုတော့လည်း အဓိကကတော့ ဘတ်ဂျက်ပေါ့၊  ကိုယ့်တိုင် မလုပ်နိုင်တော့ သူများရဲ့ ချေးငွေတို့၊  Grant (အထောက်အပံ့) တို့ ဒီအပေါ်မှာ မျှော်လင့်ပြီး လုပ်နေရတာတွေလည်း အများကြီး ရှိတာပေါ့။

တပ်ဆင်ထားတဲ့ စက်အင်အားက ၅,၄၀၀ ကျော်ကျော်ပဲ ရှိတယ်။ သူတို့ (အိမ်နီးချင်း နိုင်ငံတွေ) က မဂ္ဂါဝပ် ၇၀,၀၀၀၊  ၈၀,၀၀၀ ရှိမှာပေါ့၊   လာအိုတောင်မှ ခုဆို ရေအားတွေက တိုးတက်လာတော့ ကျွန်တော်တို့ကို ရောင်းချင်တယ် ဆိုပြီး ဖြစ်လာပြီ။ ရေအားလျှပ်စစ် ဒီမှာ  ဘာလို့ မထုတ်တာလဲ ဆိုတော့ … အဲဒါတွေ ဆက်ပြောရင်တော့ ပြီးမှာ မဟုတ်တော့ဘူး။  ကျွန်တော်တို့လည်း လုပ်ချင်တာပေါ့၊ လူထု ထိခိုက်စေချင်တာတော့ မဟုတ်ဘူးပေါ့။   ရေလှောင်တမံကို အမြင့်ကြီး မလုပ်ဘဲနဲ့ အနိမ့်တမံပေါ့ဗျာ၊   ရွှေ့ပြောင်းကျေးရွာလည်း နည်းသွားတာပေါ့လေ၊ ဒါမျိုးဆိုရင်တော့ လက်ခံသင့်တာပေါ့ဗျာ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက တီဗီမှာ ထုတ်ကုန် နှစ်ဆ တိုးမြင့်ကြ ဆိုကတည်း၊။   လျှပ်စစ်မီးမရဘဲနဲ့ ထုတ်ကုန် နှစ်ဆ ဘယ်လို တိုးမြင့်မတုန်း။ အဲ့ဒီကတည်းက အရင်တုန်းက ကျွန်တော်တို့ မှားခဲ့ကြတာပေါ့ဗျာ။   ဒါကြီးက လုပ်သင့်နေတာ ကြာပြီလေ။ လမ်းတံတားတွေက နည်းနည်း တည်ငြိမ်လာပြီ။ အခု အကြီးအကဲတွေက စွမ်းအင်ကို ဦးစားတော့ ပေးနေတယ်၊ ပိုပြီးတော့ ဘတ်ဂျက်တွေ ထည့်ပေးနေတယ်။

မေး။    ။ နိုင်ငံရဲ့ လျှပ်စစ် လိုအပ်ချက်က မဂ္ဂါဝပ် ဘယ်လောက်တောင်ရှိ နေပါသလဲ။

ဖြေ။      ။  စက်မှုလုပ်ငန်းတွေရော၊ မြို့ရွာတွေရော မီးပေးတော့ နှစ်စဉ် ၃၀၀ ကနေ ၅၀၀ မဂ္ဂဝပ် တိုးလာတာမျိုးပေါ့။ အဲဒီဟာတွေကို ဖြည့်ဆည်းပေးဖို့အတွက်  စက်ရုံတွေ   ထူထောင်တဲ့အခါမှာ ကျောက်ဆည်က   ၁၄၅ မဂ္ဂါဝပ် ဆိုရင် ခုဆိုရင် စပြီးတော့ စမ်းသပ်နေပြီ။ ဝင်နေပြီ။  မြင်းခြံမှာလည်း ပြီးခဲ့တဲ့လက ဖွင့်ပွဲတွေ လုပ်တယ်၊ ၂၂၅ မဂ္ဂါဝပ် ဆိုတာ။  သုံးစွဲချင်တဲ့ လိုအပ်ချက်က နှစ်စဉ်တိုးနေတာ၊  အဲဒီအတွက်ကို တည်ငြိမ်သွားဖို့အတွက် ကျွန်တော်တို့ကလည်း ကြိုးစားရတာပေါ့။

မေး။    ။   ဆက်လုပ်ဖို့ စီစဉ်ထားတဲ့ ပရောဂျက်တွေရော ရှိပါသလား။

ဖြေ။      ။ ရှိပါတယ်။ ၂၀၁၈ မှာ လက်မှတ်ထိုးခဲ့တဲ့ NTP (Notice To Proceed) ထိုးခဲ့တဲ့ ပရောဂျက် သုံးခု ရှိပါတယ်။ ဧရာဝတီတိုင်း၊ မီးလောင်ချိုင့်မှာလည်း ရှိတယ်။ တနင်္သာရီတိုင်း၊ ကံပေါက်မှာလည်း ၁,၂၃၀ မဂ္ဂဝပ် ထွက်မှာ။ လုပ်မယ့် ပရောဂျက်ပေါ့၊ ကျွန်တော်တို့က ၂၀၂၁ အတွင်းမှာ မှန်းထားပါတယ်။

မေး။    ။ ကျောက်မီးသွေး စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံတွေရော ဆက်လက် လုပ်ဆောင် သွားဖို့ရှိပါသလား။

ဖြေ။      ။ ကျောက်မီးသွေးကတော့ အခု  တီကျစ်လေးတစ်ခု ရှိတာတောင်မှ ဟိုက ကန့်ကွက်၊ ဒီက ကန့်ကွက်နဲ့။ ဒါလည်း   မြင်သာအောင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိ၊ မရှိကိုလည်း ဒီဂျစ်တယ်နဲ့ ပြပြီး ထုတ်ပြန်နေကြတယ်။ တီကျစ်မှာပေါ့၊ အဲဒီတစ်ရုံပဲရှိတယ်။    အခြားလူတွေလည်း မထိခိုက်အောင် ကလေးဝ (မြို့နယ်) လို နေရာမျိုးမှာ ကျောက်မီးသွေး ထွက်တယ်၊ တခြားဒေသနဲ့မနီးတဲ့ ပြည်သူတွေ အများကြီး လူနေထူထပ်တဲ့နေရာ မဟုတ်ဘူး၊ အဲ့လိုမျိုးနေရာ ဆိုရင်တော့ ပိုအဆင်ပြေမယ် လို့တော့ ကျွန်တော်တို့ ယူဆထားတာပဲ။ ခုထက်ထိတော့ အတည်မပြုရသေးဘူး။  Proposal တွေကို (အဆိုပြုလွှာတွေကို) စိစစ်တုန်းပေါ့။

ပြောရင်တော့ ခက်တော့ခက်တာပေါ့။ အကျိုးပြုဘယ်လောက်ရှိသလဲ။ ထိခိုက်မှုဘယ်လောက်ရှိသလဲ ဆိုတာ ဒီနှစ်ခုတော့ နှိုင်းယှဉ်ဖို့ လိုအပ်တာပေါ့။   အကျိုးပြုတဲ့ဘက်က    များတယ်ဆိုရင်တော့ လက်ခံသင့်တာပေါ့။ နေရာတိုင်းမှာ ဘာလုပ်လုပ် ကောင်းတဲ့ အလုပ်လုပ်ရင်လဲ Side Effect (ဘေးထွက်ဆိုးကျိုး) တော့ ရှိတာပေါ့။   အပြစ်ဖက်က ကြည့်ရင်တော့ မှန်နေမှာပေါ့။

ဖွံဖြိုးတိုးတက်အောင် လုပ်မယ်ဆိုရင်တော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့က အားနည်းသွားမှာပါပဲ၊ သဘာဝ ပတ်ဝန်းကျင် အရမ်းကြီး ထိန်းသိမ်း နေပြန်ရင်လည်း ဖွံ့ဖြိုးတိုးတက်မှုက နောက်ကျ သွားပြန်ရော၊ ဒီနှစ်ခုကိုတော့ နည်းနည်းမျှတအောင် လုပ်ပြီးတော့ ဘယ်ဟာ အားသာလဲ ဆိုတာကို Effective (ထိရောက်) တဲ့ဟာ၊ များတဲ့ဟာဆိုရင်တော့ သုံးသင့်တယ်လို့ ကျွန်တော်တို့ကတော့ ယူဆပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကတော့ အတွေးအခေါ် အယူအဆတွေကတော့ မတူနိုင်ဘူးပေါ့။ ဒါပေမယ့် တစ်ဖက်သတ်ကြီး ပိတ်ပြီးတော့၊ မျက်လုံးကြီး စုံပိတ်ပြီးတော့ အော်နေရင်တော့ တစ်မျိုးပေါ့ဗျာ။

ကျောက်မီးသွေးကို အမျိုးမျိုးပြောကြတာပါပဲ။ သူများတွေက အကုန်လုံး လုပ်ပြီးသွားတော့မှ ကျွန်တော်တို့ကို လာအော်နေတာ။ ကျွန်တော်တို့ တိုင်းပြည်က မတိုးတက်သေးဘူး၊ သက်သာဖို့ ဆိုတာက ကျောက်မီးသွေးတို့၊ ဘာတို့ကမှ သက်သာတာ။ ဂက်စ်ဆိုတာက ကျွန်တော်တို့ မဖြစ်လို့သုံးနေတာ။

ကိုယ့်တိုင်းပြည်က (လျှပ်စစ်) မလုံလောက်လို့ နိုင်ငံခြားက ဝယ်မယ်ဆိုရင် တစ်ယူနစ်ကို တစ်ရာကျော်မှာပဲ။  လူကြီးတွေက   ပြည်သူကို မီးပေးချင်လို့ စဉ်းစားကြတဲ့သဘော ရှိတာပေါ့။ တကယ်တမ်းကျတော့ ကျောက်မီးသွေးတို့၊ ရေအားတို့ လုပ်နိုင်ခဲ့ရင်   တိုင်းပြည် တိုးတက်မှုကိုလည်း အများကြီး အထောက်အကူ ပြုတာပေါ့။ ကျွန်တော်တို့လည်း အမြဲတမ်း ပြောနေကြတာပဲ။ တစ်နှစ်ကို ဘီလီယံ ၅၀၀ လောက်  စိုက်နေရတယ်၊ ဒီထက် တိုးလာဖို့ပဲရှိတယ်။     တစ်နှစ် ၅၀၀ ဘီလီယံဆိုတာ နောက်ထပ် စက်ရုံတစ်ရုံ အသစ်တည်လို့ ရတယ်လေ။   ။

Advertisements

Leave a Reply