အိန္ဒိယအချမ်းသာဆုံး သူဌေး ဗြိတိန် နာမည်ကျော် အရုပ် ကုမ္ပဏီကို ဝယ်ယူ

လန်ဒန် မေ

အိန္ဒိယနိုင်ငံရဲ့အချမ်းသာဆုံးသူဌေးအဖြစ် သတ်မှတ်ခံထားရတဲ့ မူကီရာ့အန်ဘနီဟာ ဗြိတိန်နိုင်ငံရဲ့ သက်တမ်းရှည် နာမည်ကျော်အရုပ်ချုပ်ကုမ္ပဏီ Hamleys ကို လုပ်ငန်းပိတ်လုဆဲဆဲမှာ ဝယ်ယူလိုက်ပါတယ်။

Hamleys ကုမ္ပဏီကို ယခင်က တရုတ်ကုမ္ပဏီတစ်ခုက ဝယ်ယူဖို့လုပ်ဆောင်ခဲ့ပေမဲ့ မရောင်းဖြစ်ခဲ့တာကြောင့် ဆက်လက်ရပ်တည်ရာမှ အရှုံးပေါ်လာတာဖြစ်ပါတယ်။ အန်ဘနီကတော့ သူရဲ့ လုပ်ငန်းတွေနဲ့ပူးပေါင်းပြီး Hamleysကို ဈေးကွက်မှာပြန်လည်ဦးမော့အောင်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

Hamleysကို ၁၇၆၀ခုနှစ်ကတည်းက စတင်ထူထောင်ခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်မှာသက်တမ်းအရှည်ဆုံး အရုပ်ချုပ်ဆိုင်ဖြစ်ပါတယ်။ ကမ္ဘာ့ ၁၈နိုင်ငံမှာ ဆိုင်ခွဲပေါင်း ၁၆၇ဆိုင်ရှိပါတယ်။

အိန္ဒိယနိုင်ငံရဲ့ မြို့ပေါင်း ၂၉မြို့မှာ Hamleysဆိုင်ခွဲပေါင်း ၈၈ဆိုင်အထိရှိပါတယ်။ ဒါကြောင့် အန်ဘနီက လုပ်ငန်းတစ်ခုလုံးကို လက်လွှဲဝယ်ယူဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

Fobesမဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ မစ္စတာအန်ဘနီဟာ အသက် ၆၂နှစ်ရှိပြီး လက်ရှိမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ငါးသောင်းကျော်ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

Hamleys တံဆိပ်ဟာ ဗြိတိန်နိုင်ငံနဲ့တွဲပြီး လူသိပြီးသားဖြစ်တဲ့လုပ်ငန်းဖြစ်တာကြောင့် ဆက်လက်လုပ်ဆောင်မဲ့သူရှိပြီး တည်တံ့နေဦးမှာကို ဝမ်းသာပါတယ်လို့ Hamleys ရဲ့ ဒါရိုက်တာအဖွဲ့ဝင်ဟောင်းတွေက ပြောပါတယ်။

အစီရင်ခံစာတွေအရ Hamleysတံဆိပ်ဟာ ၂၀၁၈ခုနှစ်မှာ စတာလင်ပေါင် ၉ဒသမ ၂သန်း အရှုံးပေါ်ခဲ့ပါတယ်။

ဗြိတိန်နိုင်ငံတွင်းမှာ အရင်က ဆိုင်ခွဲ ၄ဆိုင်ရှိပေမဲ့ ၂၀၁၈ခုနှစ်မှာ ၂ဆိုင်ပိတ်ခဲ့ရပါတယ်။

လန်ဒန်မှာရှိတဲ့ ရီဂျန့်လမ်းပေါ်က ဆိုင်ဟာဆိုရင် ၁၈၈၁ခုနှစ်ကတည်းက ဖွင့်ထားတာဖြစ်လို့ ခရီးသွားလေ့လာသူတွေ အကြားမှာ ရေပန်းစားပါတယ်။ အဲဒီဆိုင်ဟာ ၇ထပ်ရှိပြီး အရုပ်ပေါင်း ၅၀၀၀၀ကျော် ခင်းကျင်း ရောင်းချနေပါတယ်။

Ref: CNN

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်