အဖြေရှာနေဆဲ ခွေးလေ၊ ခွေးလွင့် ပြဿနာ

ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင်ပင် လမ်းဘေးခွေးကိုက်ခံရ၍ ခွေးရူးပြန်ရောဂါဖြစ်ပွား ပြီးသေဆုံးခဲ့ရသည့် ဖြစ်စဉ်မျိုး ကြုံတွေ့လာရပြီးနောက် လူမှုကွန်ရက်များနှင့် ပြင်ပကမ္ဘာတွင် ခွေးရူးကိုက်ခံရခြင်းနှင့် လမ်းဘေးခွေးကိုက်ခံခြင်း ပြဿနာကို ပြည်သူများအနေနှင့် စိုးရိမ်ထိတ်လန့် လာကြသည်။

တိုင်းနှင့် ပြည်နယ်အစိုးရ တချို့က လမ်းဘေး ခွေးလေခွေးလွင့် ပြဿနာကို ဖြေရှင်းရန် နည်းလမ်းအသွယ်သွယ်ဖြင့် ကြိုးပမ်းနေသော်လည်း ယင်းပြဿနာမှာ လက်ရှိ အချိန်အဖြေမထွက်သေးပေ။

မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည့်သူ့ဆေးရုံကြီးတွင် ယခုကာလအတွင်း လမ်းဘေး ခွေးလေ ခွေးလွင့် အကိုက်ခံရပြီး ခွေးရူးပြန် ကာကွယ်ဆေးလာရောက်ထိုးနှံသူများပြားသည့်အတွက် ကာကွယ်ဆေး ပြတ်လပ်မှုပင် ကြုံတွေ့နေရကြောင်းမော်လမြိုင်ပြည့်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ဒေါက်တာမင်းဗညားချမ်းအိုင်ကပြောသည်။

“ခွေးကိုက်ခံရပြီး ခွေးရူးကာကွယ်ဆေးလာရောက်ထိုးနှံသူ အရေအတွက်ပိုမိုများပြားလာတာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်နှစ်အတွင်း ကုန်နိုင်မယ့်ဆေးအရေအတွက်ကို ခန့်မှန်းတွက်ချက်ဝယ်ယူထားတာဖြစ်လို့ ဆေးဝါးတွေ ပြတ်လပ်သွားတာပါ”  ဟု ၎င်းက ပြောဆိုသည်။

မွန်ပြည်နယ်တွင် ခွေးကိုက်ခံရ၍ ခွေးရူးကာကွယ်ဆေး လာရောက်ထိုးနှံသူ တစ်လလျှင် လူဦးရေ ၈၀ နှင့်၁၀၀ ခန့်ရှိဟု မော်လမြိုင်ပြည်သူ့ဆေးရုံကြီးထံမှသိရှိရသည်။  မော်လမြိုင်မြို့တွင် ခွေးလေ၊ ခွေးလွင့် အတော်များပြားနေသည်ဟုလည်း ယူဆနေသူများလည်းရှိသည်။

“မော်လမြိုင်မှာ ခွေးလေ၊ ခွေးလွင့်တွေ နည်းနည်းတော့များတယ်။ ခွေးလေခွေးလွင့်တွေကိုသုတ်သင်တဲ့နေရာမှာ စနစ်တကျလေး လုပ်စေချင်တယ်” ဟု  မော်လမြိုင်ဒေသခံ တစ်ဦးဖြစ်သူ ကိုဘိုဘိုဝင်း ကဆိုသည်။

ခွေးရူးကာကွယ်ဆေးနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ ပြည်ထောင်စုဘက်ဂျက်အနေနှင့်လည်း ဆေးများကို အပြည့်အဝ ထောက်ပံ့ ပေးနိုင်ခြင်းမရရှိသေးခြင်း၊ ဆေးအလှူရှင်များမှလာရောက်လှူဒါန်းထားဆေးများလည်း မလောက်ငှမှုများဖြစ်ပေါ်နေရသည်ကို တွေ့မြင်ကြားသိနေ
ရကြောင်း သူကပြောသည်။

မြိုင်သာယာ ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးဖြစ်သည့် ဒေါ်ကျော့ကေခိုင်ကမူ  “ရပ်ကွက်ထဲမှာ စျေးဝယ်ဖို့ကုန်စုံဆိုင်ကို သွားရင်တောင် ကလေးငယ်တွေကို ခေါ်မသွားရဲဘူး။ ကိုယ်တစ်ယောက်ထဲ သွားတောင် ခွေးအုပ်တွေက လိုက်လိုက်ဆွဲနေလို့” ဟု သူမ၏ စိုးရိမ်စိတ်ကို ပြောပြသည်။

မွန်ပြည်နယ်အတွင်းရှိ ခွေးလေခွေးလွင့်များကို လျော့နည်းလာစေရန်အတွက် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ စည်ပင်သာယာရေးအဖွဲ့မှ ဆေးကျွေးရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း  မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

“ပြည်သူတွေအနေနဲ့လည်း ဘယ်နေရာ ဘယ်ရပ်ကွက်မှာ ခွေးလေခွေးလွင့်တွေ ပေါများနေလဲ အခြေအနေဆိုးဆိုးဝါးဝါးတွေ ဖြစ်နေတာတွေ့ရင် စည်ပင်သာယာရေးအဖွဲ့ဆီ အကြောင်းကြားပါ ရှင်းလင်းဖို့ ညွှန်ကြားထားတယ်။ ”မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် ကပြောသည်။

မွန်ပြည်နယ်အတွင်း ခွေးလေ၊ ခွေးလွင့် အကောင်ရေ ၄၀၀၀ ကျော် ရှင်းလင်းခဲ့ကြောင်းကိုလည်း သူကပြောသည်။

ပင တိုက်နယ်ဆေးရုံမှ အမျိုးသားသူနာပြုတစ်ဦးကမူ ခွေးလေ၊ ခွေးလွင့်ရှင်းလင်းရန် ပညာပေးခြင်း ကိစ္စရပ်ကို မြို့ကြီးများတွင် ဆောင်ရွက်နိုင်သော်လည်း နယ်ဘက်၊ ကျေးလက်ဘက်အတွက်အခက်အခဲရှိသည်ဟုပြောပြသည်။

“ဒီလိုခွေးလေ ခွေးလွင့်တွေ ထိန်းသိမ်းဖို့ကျတော့ မြို့တွေမှာ ပညာပေးရင် နားလည်မှုပေးလို့ရတာပေါ့။ ရွာမှာကျတော့ သွားမပြောနဲ့ လေခွနဲ့ပါ ပစ်ခံထိမယ်” ဟု သူကဆိုသည်။ ခွေးရူးပြန်ကာကွယ်ဆေးပြတ်လပ်မှုကြောင့် သူတာဝန်ကျရာ ပငနယ်ဘက်တွင်လည်း ခွေးရူးပြန်ကာကွယ်
ဆေးကို အခမဲ့ထိုးပေးနိုင်ခြင်း မရှိဘဲဆေးဆိုင်များက ဝယ်ယူထိုးနှံပေးရနေရကြောင်း အခုလိုရှင်းပြသည်။

“ခါတိုင်းဆိုရင် အစိုးရက ထုတ်ပေးလို့ရှိရင်တော့ ကျွန်တော်တို့ အခမဲ့ထိုးပေးတယ်ပေါ့။ အခုကျ ဆေးပြတ်နေတာကြာလှပြီဆိုတော့ ထိုးချင်ရင် အပြင်မှာ ဝယ်ထိုးကြပေါ့” ဟု သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာတိုက်နယ်ဆေးရုံမှ သူနာပြုတစ်ဦးက ပြောဆိုသည်။

ခွေးရူးကာကွယ်ဆေးများပြတ်လပ်နေမှုကြောင့် ခွေးကိုက်ခံရသည့် ပြည်သူလူထုများအနေဖြင့်ပြင်ပ ဆေးဆိုင် / ဆေးကုမ္ပဏီများထံမှ တစ်လုံးလျှင် ပြင်ပပေါက်စျေးတွင် ငွေ ၁၅,၀၀၀ ကျပ်နှင့် ၁၆,၀၀၀ ကျပ်အတွင်းရှိနေသည်။

ရန်ကုန်ကဲ့သို့မြို့ကြီးများတွင်း ခွေးလေခွေးလွင့်ပေါက်ဖွားမှုထိန်းချုပ်ရေးနှင့် ခွေးရူးပြန် ရောဂါဖြစ်ပွားမှုနှုန်း လျှော့ချနိုင်ရေး၊ ခွေးများကို  သားဆက်ခြားသည့် စနစ်ဖြင့်ထိန်းသိမ်းမှုများလည်းရှိသည့်။

ယင်းကဲ့သို့ ထိန်းချုပ်ခြင်းဖြင့်လည်း ထိုသို့ဆောင်ရွက်ခြင်းမှာ ခွေးလေခွေးလွင့်ပေါက်ဖွားမှု နှုန်းလျှော့ချရန်နှင့် ခွေးရူးပြန် ရောဂါဖြစ်ပွားနှုန်း လျှော့ကျစေရန် ရည်ရွယ်၍ ဆောင်ရွက်နိုင်ကြောင်း အကြံပြုလာသူက  Myanmar Alliance For Rabies Control
(MARC) အဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးသန္တာထက်ဖြစ်သည်။

မော်လမြိုင် အခြေစိုက် ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုဘိုဘိုဝင်း က “   ဒီခွေးလေ၊ ခွေးလွင့်တွေ ကို ထိန်းသိမ်းရေးနေရာဆီ ပို့ဆောင်ပေးတာမျိုးဆိုရင်တော့ ပိုကောင်းတာပေါ့။ နောက်ဆုံး မဖြစ်မနေ သုတ်သင်ရှင်း လင်းမယ်ဆိုရင်လည်း အများပြည်သူမသိအောင် လုပ်သင့်တယ်လို့ စည်ပင်အဖွဲ့ကို အကြံပြုချင်တယ်” ဟုခွေးချစ်သူတစ်ဦးဖြစ်သူ ကိုဘိုဘိုဝင်း က ပြောဆိုသည်။

ဟင်္သာမီဒီယာ

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်