ပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒ မလိုက်နာသော စက်မှုလက်မှုလုပ်ငန်းများကို အရေးယူမည်

ပြည်သူများ ပူးပေါင်းမှု အားနည်း၍ သယံဇာတများ တရားမဝင် ထုတ်လုပ်မှု ဖြစ်ပွားနေဟုပြောသည်

မော်လမြိုင်၊ မေ ၁၅

မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဋ္ဌာနတွင် ဦးစားပေး စက်မှုလက်မှုကဏ္ဍ (၉) ခုရှိပြီး လည်ပတ် လျက်ရှိသော စက်ရုံများ၊ ပြည်နယ်အတွင်း စီမံကိန်းလုပ်ငန်းများ ဦးစီးဋ္ဌာန၏ သဘောထား မှတ်ချက်နှင့်အညီ ဆောင်ရွက်ခြင်း မရှိသော လုပ်ငန်းစီမံကိန်းများကို အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဋ္ဌာန၏ ဦးစားပေးစက်မှုလက်မှုကဏ္ဍ (၉) ခုမှာ အရက်၊ ဝိုင်၊ ဘီယာ ထုတ်လုပ်ခြင်းလုပ်ငန်း၊ အစားအစာနှင့်အဖျော်ယမကာထုတ်လုပ်ခြင်းလုပ်ငန်း၊ ပိုးသတ်ဆေးအမျိုးမျိုး ထုတ်လုပ်ခြင်း၊ ဖော်စပ်ခြင်း နှင့်ထည့်သွင်းထုတ်ပိုးခြင်းလုပ်ငန်း၊ ဘိလပ်မြေနှင့်ထုံးထုတ်လုပ်ခြင်းလုပ်ငန်း၊ အဝတ်အထည်နှင့် ဆေးဆိုး ပန်းရိုက်လုပ်ငန်း၊ သတ္တုအရည်ကျိုပုံလောင်းခြင်းလုပ်ငန်း၊ သားရေနယ် စက်ရုံလုပ်ငန်း၊ ပျော့ဖတ်နှင့် စက္ကူထုတ်လုပ်ခြင်းလုပ်ငန်းနှင့် သကြားစက်ရုံလုပ်ငန်းတို့ဖြစ်သည်။

အဆိုပါ ဦးစားပေး စက်မှုလက်မှုကဏ္ဍ (၉) ခုအောက်တွင် လည်ပတ်ဆောင်ရွက်လျက်ရှိသော စက်ရုံများကို သတ်မှတ်ကာလအတွင်း သဘာပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် ရေးဆွဲတင်ပြရန်အတွက် သက်ဆိုရာဋ္ဌာနများနှင့်ပူးပေါင်းပြီး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။

ယင်းအပြင် ပြည်နယ်အတွင်း စီမံကိန်းလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု အနည်းဆုံး ဖြစ်စေရန်နှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ၏ သဘောထားမှတ်ချက်နှင့်အညီ ဆောင်ရွက်ခြင်းမရှိသော လုပ်ငန်းစီမံကိန်းများအား သတိပေးစာထုတ်ပြန်ခြင်း၊ လုပ်ငန်းလိုင်စင်ချထားပေးသော ဆက်စပ်ဌာနများနှင့်ပေါင်းစပ်၍ လုပ်ငန်း ယာယီရပ်စဲစေခြင်း၊ အရေးယူဆောင်ရွက်ခြင်း ကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကို ၂၀၁၂ ခုနှစ်တွင် ဥပဒေအမှတ် (၉) နှင့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်သလို ယင်းဥပဒေအရ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း ကိုလည်း ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် အမိန့်ကြေညာချက်များလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

အဆိုပါ ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်းအခန်း (၂)၊ အပိုဒ် (၄)၏ ပြဋ္ဌာန်းချက်အရ“လုပ်ငန်း၊ လုပ်ငန်းခွင် နေရာ (သို့မဟုတ်) စက်ရုံ၊ စီးပွားရေးလုပ်ငန်းများတွင် အကျုံးဝင်သည့် မည်သည့်စီမံကိန်းလုပ်ငန်းကိုမဆို ကြိုတင်ခွင့်ပြုချက် ရယူရမည်ဖြစ်ပြီး ယင်းစီမံကိန်းတွင် လုပ်ထုံးလုပ်နည်းမထုတ်ပြန်မီက ဆောင်ရွက်ဆဲ စီမံကိန်းများလည်း အကျုံးဝင်စေရမည်”ဟုဖော်ပြပါရှိသည်။

“ဒီပြဋ္ဌာန်းချက်အရဆိုရင် သက်ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဋ္ဌာနအနေနဲ့ ပြည်နယ်အတွင်း အကျုံးဝင်တဲ့ စီးပွားရေးလုပ်ငန်းစီမံချက်အလိုက် လုပ်ထုံးလုပ်နည်းနဲ့အညီ ပတ်ဝန်းကျင်ထိခိုက်မှုဆန်း စစ်ခြင်းဆိုင်ရာ ဆောင်ရွက်နိုင်ဖို့ ညွှန်းကြားတာတွေ ကြီးကြပ်တာတွေ လိုအပ်သလို စစ်ဆေးမှုတွေ ဆောင်ရွက်ဖို့ လိုအပ်မယ်”ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

သက်ဆိုင်ရာဦးစီးဌာနအနေဖြင့် မွန်ပြည်နယ်အတွင်းရှိရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေအရဖြစ်စေ၊ အခြားတည်ဆဲ ဥပဒေအရဖြစ်စေ၊ ခွင့်ပြုဆောင်ရွက်ထားပြီးသောလုပ်ငန်းကဏ္ဍအလိုက် လုပ်ထုံးလုပ်နည်းပါ ပြဋ္ဌာန်းချက်များ နှင့်အညီ လုပ်ငန်းတစ်ခုချင်းအပေါ်မူတည်ပြီး IEE,EIA,SIA,EMPစတဲ့ မဖြစ်မနေဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်း ရွေးချယ်သတ်မှတ်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိမွန်ပြည်နယ်အတွင်းတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ စာရင်းများအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပိုင်းမှာစက်မှုကဏ္ဍ (၅)ခု၊ ဝန်ဆောင်မှုကဏ္ဍ (၅)ခု၊ ဟိုတယ်ကဏ္ဍ (၁)ခု၊ စွမ်းအင်ကဏ္ဍ (၁၈)ခု ရှိ၍ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာစက်မှုကဏ္ဍ (၇)ခု၊ ရော်ဘာကဏ္ဍ (၂)ခု၊ လျှပ်စစ်ကဏ္ဍ (၂)ခု၊ သားငါးကဏ္ဍ (၂)ခု၊ ဆက်သွယ်ရေးကဏ္ဍ (၅)ခု ရှိသည်။

အောင်မြတ်

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်