အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် မွန်ပြည်နယ် အစိုးရ တွေ့ဆုံ

8

မော်လမြိုင်၊ မေ၂၁

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရန်အတွက် မေလ ၂၁ ရက်နေ့ က မွန်ပြည်နယ် အစိုးရ အဖွဲ့ လာရောက်တွေ့ ဆုံညှိနှိုင်းခဲ့ကြောင်း အဆိုပါ အဖွဲ့ တာဝန်ရှိသူများ ကပြောကြားသည်။

“ကော်မရှင်ရဲ့ရည်ရွယ်ချက်ကတော့ တစ်နိုင်ငံလုံးမှာ အဂတိလိုက်စားမှုလျော့နည်းရေးအတွက် စုံစမ်းစစ်ဆေး ရေး တွေလုပ်ရသလို အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရတာဖြစ်တယ်” အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် အသိပညာပေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို အစိုးရအဖွဲ့တစ်ဦး၊ စီးပွားရေး လုပ်ငန်းရှင် တစ်ဦး၊ အရပ်ဖက် အဖွဲ့အစည်းများထဲ မှာ ကိုယ်စားလှယ် တစ်ဦး၊ အဂတိတိုက်ဖျက်ရေး ပညာရှင် များမှကိုယ်စားလှယ် နှစ်ဦး မှ အသိပညာပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးမြင့်သန်းဝင်းက ပြောသည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲကို ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP)၏ ငွေကြေးထောက်ပံ့မှုဖြင့် လုပ်မှာဖြစ်ပြီး မွန်ပြည်နယ် ဇွန်လ ဒုတိယအပတ် (သို့မဟုတ်) တတိယအပတ်တွင် လုပ်မည်ဖြစ်ကြောင်း ဦးမြင့်သန်းဝင်းက ပြောသည်။

အသိပညာပေးဆွေးနွေးပွဲကို ၂၀၁၈ခုနှစ် နိုင်ဘာလတွင် မကွေးတိုင်းဒေသကြီးတွင်လည်းကောင်း ဒီဇင်ဘာလတွင် ရန်ကုန်၌လည်းကောင်း ၊ ၂၀၁၉ ဇန်နဝါရီလတွင် ပဲခူးတိုင်း နှင့် မတ်လတွင် ဧရာဝတီတိုင်း တို့ တွင်ကျင်းပပြုလုပ်ခဲ့သည်။

“အရင်တုန်းက မသိတော့ လုပ်ပိုင်ခွင့် ရှိတယ်လို့ ထင်ကြတယ်အခုလို ဆွေးနွေးပွဲလေးလုပ်တော့ ဒါကမကောင်းတဲ့အလုပ်ပါလား ရှောင်ကြည်ရမှာပါလား ဒါမျိုးတွေ ပို သိလာမယ်”ဟု ဦးထွန်းထွန်းဝင်းက ဆိုသည်။

မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းခေါင်းဆောင်သောအဖွဲ့မှ မွန်ပြည်နယ် အစိုးရတွင် ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

Written by ရန်လင်းအောင်

photo – Khit Min

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်