ဂုဏ်သိက္ခာကျဆင်းစေရန် မမှန်မကန်ရေးသားသူကို လွှတ်တော်ကိုယ်စားလှယ်အမှုဖွင့်

6

မော်လမြိုင်၊ မေ ၂၁

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၏ကောင်းသတင်းနှင့် ထင်ပေါ်ကျော်ကြားမှုကို နစ်နာစေရန် နှင့် ဂုဏ်သိက္ခာကျဆင်းစေရန် Facebook လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်ဟုဆိုကာ သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ က Win Zaw Oo Facebook သုံးစွဲသူ ကို အမှုဖွင့်တိုင်ကြားထားကြောင်း သထုံမြို့မ ရဲစခန်း မှသိရှိရသည်။

Win Zaw Oo Facebook Account အသုံးပြုသူကို နိုင်ငံသားများ၏ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေဖြင့် မေလ ၁၉ ရက်က သထုံမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြား ခဲ့ခြင်းဖြစ်သည်။

မေလ ၁၃ ရက်က Win Zaw Oo Facebook User Name ဖြင့် လူမှုကွန်ယက် အသုံးပြုသူ ဦးဝင်းဇော်ဦး ကFacebook စာမျက်နှာတွင် ဒေါ်ခိုင်ခိုင်လဲ့၏ အမည်နှင့် မွန်ပြည်နယ်လွှတ်တော်ရုံးတံဆိပ်များကို အသုံးပြုကာ “သထုံက လွှတ်တော်ကိုယ်စားလှယ်အမတ် ဒေါ်ခိုင်ခိုင်လဲ့ ဆင်းရဲသား ပပျောက်ရေးအတွက် ဘီးလင်းအထွက်လေးနားမှာ ကွမ်းယာဆိုင်ကို ကားနဲ့ ဝင်ရောက်ရှင်းလင်းပြီ” ဟု ရေးသားခဲ့ခြင်း ဖြစ်သည်။

အဖြစ်မှန် ကို မစုံစမ်းဘဲ မှားယွင်းစွာ ရေးသားသော အဆိုပါ Post ကိုဖျက်ပေးရန် ၊ ဦးဝင်းဇော်ဦး အနေနှင့် မှားယွင်းရေသားမိကြောင်းဝန်ခံရန် နှင့် ကာယကံရှင် ဒေါ်ခိုင်ခိုင်လဲ့အား တောင်းပန်ရန် မေလ ၁၄ ရက်က သထုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး စုပေါင်းရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးညှိနှိုင်း ခဲ့ကြောင်း သထုံမြို့မရဲစခန်း၏ မှတ်တမ်းအရ သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှုယ် ဒေါ်ခိုင်ခိုင်လဲ့ ၊ ဦးဝင်းဇော်ဦး၊ သက်သေများအဖြစ် သထုံခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဦးသန်းကြည်၊ မြို့နယ် NLD ပြန်ကြားရေး ဦးထွန်းစိုး၊ ပြည်နယ်လွှတ်တော်ရေးရာကော်မတီဝင် ဦးစောကျော်မိုး၊ ဇရစ်ချောင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညိုမင်းနိုင်၊ သထုံမြို့နယ် ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သက်လွင်၊ သထုံမြို့နယ် ဒုဦးစီးမှူး ဦးဝင်းထက်အောင်တို့ ပါဝင်ညှိနှိုင်းခဲ့သည်။

ယင်းသို့ ညှိနှုင်းရာတွင် ဦးဝင်းဇော်ဦးက မိမိတင်ထားသော Post ကို ဖြုတ်မပေးနိုင်ကြောင်း ရည်ရွယ် ချက်ရှိရှိ မဟုတ်မှန်းသိလျက်နှင့် တင်ခြင်းဖြစ်ကြောင်း နစ်နာသည်ဟု ယူဆပါက ကြိုက်သလို လုပ်နိုင်ကြောင်း ညှိနှိုင်းအစည်းအဝေးတွင် ရင့်သီးစွာ ပြောကြားခဲ့ကြောင်း ယင်းအစည်းအဝေး မှတ်တမ်းအရ သိရသည်။

မေလ ၁၃ ရက် မနက် ၁၁ နာရီခွဲခန့်တွင် လွှတ်တော်ရေးရာကော်မတီအနေဖြင့် ကျိုက်ထိုမြို့နယ်ကို ကွင်းဆင်းသွားသည့်အချိန်မှာ ကော်မတီဝင်တစ်ဦးဖြစ်သည့် ဒေါက်တာပြုံးချို၏ကားသည် Accident ဖြစ်နေကြောင်း မိမိတို့ စီးလာသည့်ကားသည် ယင်း Accident ဖြစ်နေသည့်ကား၏ နောက်တွင် ဘီးလင်းမြို့တိုးဂိတ်တွင် လမ်းအသုံးပြုခပေးပြီး ထွက်လာမှ Accident ဖြစ်နေသည်ကို တွေ့ရကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

“အဲဒီမှာ လူတော့ ဘာမဖြစ်ဘူး၊ ကွမ်းယာဆိုင်ကတော့ လဲသွားတယ်၊ ဒေါက်တာရဲ့ကားမှာ လွှတ်တော် ယာဉ်ဝင်/ထွက်ခွင့် ကတ်ပြားလေး ကပ်ထားတယ်၊ နေ့လယ် ၁၂ နာရီကျော်ကျော်လောက်မှာ ထမင်းစားတော့ Facebook Organization က ကျွန်မဓာတ်ပုံကို လူတစ်ယောက်က တင်ထားပါတယ်ဆိုလို့ ဝင်ကြည့်လို့ တွေ့ရတယ်။ အဲဒီမှာ အဖြစ်မှန်က ကျွန်မ Comment ဝင်ရေးခဲ့တယ်”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှုယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သထုံမြို့မရဲစခန်းမှ Win Zaw Oo Facebook User Name ဖြင့် လူမှုကွန်ယက်အသုံးပြုသူ ဦးဝင်းဇော်ဦးကို (ပ) ၁၅၅၉/၂၀၁၉ ၊ နိုင်ငံသားများ၏ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ အရ တိုင်ကြားထားခြင်းဖြစ်သည်။

Written by အောင်မြတ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်