သံလွင်မြစ်အထက်ပိုင်း ရေကာတာစီမံကိန်းများနှင့် မော်လမြိုင်၏ ရင်မအေးစရာ အနာဂတ်

မွန်ပြည်နယ်၏ မြို့တော်မော်လမြိုင်သည် မြန်မာနိုင်ငံတွင်တတိယအကြီးဆုံးမြို့တော်ဖြစ်ပါတယ်။မော်လမြိုင်မြို့ဟာ သံလွင်မြစ်အနီးမှာရှိပြီး “သံလွင်မြစ်ဝမြို့” လို့လည်းခေါ်နိုင်ပါတယ်။ ရှေးဘုရင်မင်းများ လက်ထက်ကပြီး ယနေ့တိုင် ကုန်းကြောင်း၊ ရေကြောင်း ကုန်သွယ်မှုဆုံရာမြို့ဖြစ်လို့လည်း အထူးစည်ကား တိုးတက်လျက်ရှိပါတယ်။

မော်လမြိုင်မြို့အနီး “ခေါင်းဆေးကျွန်း” မှာ ဂျိုင်းမြစ်နှင့် အတ္ထရံမြစ်တို့ သံလွင်မြစ်နဲ့ ပေါင်းဆုံပြီး၊ မုတ္တမပင်လယ်ကွေ့အတွင်းသို့ ဆက်လက်စီးဝင်ပါတယ်။ ဒါ့ကြောင့် မော်လမြိုင်မြို့ဝန်းကျင်ကို “မြစ်ဆုံဒေသ” လို့လည်းခေါ်ကြပါတယ်။ မော်လမြိုင်မြို့တည်နေရာဟာ သံလွင်မြစ်ဝမှာရှိပြီး မြစ်အောက်ပိုင်း မြေသြဇာကောင်းသော၊ မြေနုကျွန်းတွေ ပေါများတဲ့ဒေသဖြစ်ပါတယ်။ အဲဒီမြေနုကျွန်းတွေက မြို့နယ်လူထုနေ့စဉ်စားသုံးနေကြတဲ့ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံတွေကို ရာသီအလိုက် စဉ်ဆက်မပြတ် ထုတ်လုပ်ပေးနေပါတယ်။ ဒါ့ကြောင့်လည်း မော်လမြိုင်မြို့သူ မြို့သားတွေရဲ့ အသားအရေစိုပြေနေကြခြင်းဖြစ်တယ်ဆိုရင် မှားမယ်မထင်ပါဘူး။

မော်လမြိုင်မြို့နယ်မှာ ရေအားလျှပ်စစ်စီမံကိန်း (Hydro Electric Power) မရှိပါဘူး။ သို့ပေမယ့် မော်လမြိုင်မြို့ဟာ သံလွင်မြစ်အထက်ပိုင်း ရေကာတာစီမံကိန်းများကြောင့် ဖြစ်လာနိုင်မယ့်အကျိုးဆက် အန္တရာယ်တွေကိုတော့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။

သို့ဖြစ်၍ မော်လမြိုင်မြို့ရဲ့ အနာဂတ်ဟာ  ရင်မအေးစရာ၊ စိုးရိမ်စရာတွေနဲ့ ကြုံတွေ့လာနိုင်ကြောင်း၊ ပြည်တွင်းပြည်ပပညာရှင်တွေရဲ့ သုတေသနပြုချက်များနဲ့ ဝေဖန်သုံးသပ်ချက်များ၊ ကမ္ဘာမြေပထဝီရဲ့ ဖောက်ပြန်လာမှုများကိုပါဆက်စပ်တင်ပြသွားမှာဖြစ်ပါတယ်။

Advertisements

သံလွင်မြစ်ဟာ တိဗက်ကုန်းပြင်မြင့်မှာ မြစ်ဖျားခံပြီး၊ တိဗက်နိုင်ငံ၊တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ ထိုင်းနိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းလာပြီးနောက် မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်၊ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်ဒေသတွေကို ဆက်လက်ဖြတ်သန်းကာ မွန်တို့ရဲ့မြို့တော် “မော်လမြိုင်” အနီးမှာ မုတ္တမပင်လယ်ကွေ့အတွင်းသို့ အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေပါတယ်။

သံလွင်မြစ်ဟာ (၁၇၄၉) မိုင်ရှည်လျားပါတယ်။ ရေစီးနှုန်း ပျမ်းမျှတစ်စက္ကန့်ကို (၁၆၅၉) ကုဗမီတာ၊ (၅၈၆၀၀) ကုဗပေနှုန်းဖြင့် စီးဆင်းနေပါတယ်။ ရေစီးအဟုန် မြန်လွန်းတဲ့အတွက် ဒေသခံများက စိန်ခေါ်မှုများနဲ့ကြုံတွေ့လာတိုင်း “သံလွင်ကတော့စီးမြဲပင်” ဟု အားမာန်ပါသောစကား
ဖြင့် တုံ့ပြန်လေ့ရှိကြပါတယ်။

သံလွင်မြစ်ဟာ ကမ္ဘာပေါ်မှာ(၂၆) စင်းမြောက် ထင်ရှားတဲ့မြစ်ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ ရေကာတာများကင်းမဲ့ပြီး လွတ်လပ်စွာစီးဆင်းနေတဲ့မြစ် (Free FlowingRiver)တစ်စင်းအနေနဲ့ ရပ်တည်ခဲ့ တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ၂၀၀၇ ခုနှစ်လောက်က သံလွင်မြစ်ပေါ်မှာ ရေကာတာတွေတည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်တော့မယ်ဆိုတဲ့ သတင်း၊ ဒေသခံတွေဆီကအသံထွက်လာပါတယ်။ တဖြည်းဖြည်းနဲ့ (၂၀၁၃) ခုနှစ်ရောက်တော့ တကယ်လုပ်တော့မယ်ဆိုတဲ့အသံတွေကျယ်လောင်လာပါတယ်။

အဲဒီအချိန်ကစပြီး ထဲထဲဝင်ဝင်သိလိုတဲ့ဆန္ဒတွေ ပေါ်လာပါတယ်။ဒါကြောင့် မြန်မာပြည် အပါအဝင်သံလွင်မြစ်ကြောင်းတစ်လျှောက်တည်ဆောက်မယ့် ရေကာတာစီမံကိန်းများနဲ့ပတ်သက်တဲ့အချက်အလက်တွေ ရှာဖွေခဲ့ပါတယ်။ အလားတူ ပြည် တွင်းပြည်ပက ပညာရှင်တွေရဲ့ သုတေသနပြုချက်စာတမ်းတွေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ဝေဖန်သုံးသပ်ချက်တွေကို လေ့လာပြီးမှ ခုလိုတင်ပြလိုက်ရခြင်းဖြစ်ပါတယ်။

တရုတ်ပညာရှင် ဒေါက်တာ “ယူ”(Dr Yu Xiaogang) က သံလွင်မြစ် ပေါ်မှာ တိဗက်နိုင်ငံက ရေကာတာ(၂၇) ခု၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ (၁၃) ခုနဲ့ မြန်မာနိုင်ငံမှာ (၆) ခု၊စုစုပေါင်းစီမံကိန်း (၄၆) ခု တည်ဆောက်ဖို့လျားထားကြကြောင်း တင်ပြထားပါတယ်။ တိဗက်နိုင်ငံမှာ ဒီနေ့အထိစီမံကိန်း (၂) ခုသာ ဆောင်ရွက်နိုင်သေးကြောင်း၊ ယင်းစီမံကိန်းနှစ်ခုမှာ နှစ် (၂) မဂ္ဂါဝပ်ထုတ်နိုင်တဲ့ (Jiqcom)ရေကာတာနဲ့ (၁၀ ဒဿမ ၈) မဂ္ဂါဝပ်ထုတ်နိုင်တဲ့ (Chalong) ရေကာတာတို့ဖြစ်ပါတယ်။

တရုတ်ပြည်မှာတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များက ကန့်ကွက်ကြလို့ မူလစီမံကိန်း (၁၃)ခုအနက် (၄)ခုအထိ လျှော့ချပြီး ပြန်လည်ဆန်းစစ်စေခဲ့ရာ ခုဆို ယင်းစီမံကိန်း (၄) ခုကိုလည်း အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးကြောင်းသိရပါတယ်။ ရေကာတာလျှော့ချရခြင်း အဓိကအကြောင်းအရင်းက ဘူမိဗေဒပညာရှင်ဖြစ်တဲ့ တရုတ်ဝန်ကြီးချုပ် “ဝမ်ကျားပေါင်” က ရေကာတာတွေတည်ဆောက်မယ့် ယူနန်ပြည်နယ်မှာ (၁၉၅၀) ခုနှစ်က (၂၀၁၀) ပြည်နယ်အတွင်း ရစ်ချ်တာစကေး ခုနစ် (၇)အထက်ရှိတဲ့ ငလျင်ကြီးပေါင်း (၁၃) ကြိမ်လှုပ်ခဲ့တာကိုထောက်ပြပြီး ရေကာတာ(၁၃)ခုထိ တည်ဆောက်ရန် မူလကရည်မှန်းထားသော်လည်း (၄)ခုအထိလျော့ကျစေကာသူ့နိုင်ငံအတွက်ပျက်စီးဆုံးရှုံးမှုနဲ့ ပြည်သူတွေ အန္တရာယ်မဖြစ်အောင်ပြန်လည်ဆန်းစစ်စေခဲ့ခြင်းဖြစ်ပါတယ်။

Advertisements

မြန်မာနိုင်ငံမှာတော့ (၂၀၁၃) ခုနှစ်အစောပိုင်းက သံလွင်မြစ်ပေါ်မှာ ရေအားလျှပ်စစ်စီမံကိန်း (၆)ခု တည်ဆောက်ဖို့ လျာထားကြောင်း လေ့လာသိရှိရပါတယ်။ အဲဒီစီမံကိန်းတွေကတော့-
(၁)     ကွန်လုံ (Kun Long) ရေကာတာ(၁၄၀၀) မဂ္ဂါဝပ် ဟိုလီကျေးရွာ၊ ရှမ်းပြည်နယ်မြောက်ပိုင်း။

(၂)     နောင်ဖ (Naung Pha) ရေကာတာ(၁၀၀၀)မဂ္ဂါဝပ်တန့်ဆန်းလျှံကျေးရွာ၊တန့်ယန်းမြို့နယ်။

(၃)မန်တောင်(Mantaung) ရေကာတာ(၂၀၀)  မဂ္ဂါဝပ်မိုင်းမောမြို့နယ်

(၄) တာဆန်း (Tasang) ရေကာတာ (၇၁၁၀) မဂ္ဂါဝပ် မိုင်ပန်းနှင့် မိုင်းတုံမြို့နယ်။

(၅)     ရွာသစ် (Ywa Thit)  ရေကာတာ(၄၀၀၀)  မဂ္ဂါဝပ်            ရွာသစ်ကျေးရွာအနီး  ဘော်လခဲမြို့နယ်၊ ကယားပြည်နယ်။

(၆)     ဟတ်ကြီး (Hat Gyi) ရေကာတာ (၁၃၆၀)  မဂ္ဂါဝပ်          လှိုင်းဘွဲ့မြို့နယ်၊        ကရင်ပြည်နယ်တို့ဖြစ်ပါတယ်။

အကယ်၍သာအဆိုပါစီမံကိန်းရည်မှန်းချက်များအတိုင်းရေကာတာများတည်ဆောက်ဖြစ်ခဲ့မယ်ဆိုရင်သဘာဝပတ်ဝန်းကျင်ဆိုင်ရာဟန်ချက်ပျက်ယွင်းမှုအကျိုးဆက်များ မလွဲမသွေပေါ်လာမှာဖြစ်ပါတယ်။တည်ဆောက်ရေးစီမံကိန်းတချို့မှာ “အေးရှားဝေါလ်ကုမ္ပဏီ” နဲ့“ရွှေတောင်ကုမ္ပဏီ” တို့ပါဝင်တယ်လို့ သိရပါတယ်။

ရေကာတာစီမံကိန်း (၆)ခုအနက် ၊မဂ္ဂါဝပ် (၁၃၆၀) ထုတ်လုပ်မယ့် ဟတ်ကြီးရေကာတာစီမံကိန်းရဲ့ နောက်ကွယ်က ထိုင်းနိုင်ငံရဲ့ဖြစ်စဉ်ကို တင်ပြလိုပါတယ်။

ထိုင်းနိုင်ငံအတွင်းရှိ “ ပင်းမြစ်” ပေါ်မှာ ဘူမိဘော (Bhumbol) ရေလှောင်တမံစီမံကိန်းရဲ့ နောက်ကွယ်ကထိုင်းနိုင်ငံရဲ့ဖြစ်စဉ်ကို တင်ပြလိုပါတယ်။ အလားတူ “နာမ်မြစ်” ပေါ်မှာလည်း “သီရိခေတ်” (Sirikit) ရေလှောင်တမံကို တည်ဆောက်ထားပါတယ်။ ဒီရေကာတာ နှစ်ခုစလုံးဟာ
ထိုင်းနိုင်ငံအတွက်ရေအားလျှပ်စစ်ထုတ်ရန်နဲ့လယ်ယာစိုက်ပျိုးရေးအတွက် ရေပေးဝေရန်တည်ဆောက်ထားခြင်းဖြစ်ပါတယ်။

အဲဒီမြစ်ဝှမ်းတစ်ဝိုက်မှာ (၁၉၉၀) ခုနှစ်ကုန်ပိုင်းအတွင်းကစပြီး (၄-၅) နှစ်ဆက်တိုက် မိုးခေါင်မှုဖြစ်ခဲ့ပါတယ်။ (၁၉၉၃) ခုနှစ်မှာ အထက်ပါရေလှောင်ဆည် (၂) စလုံးအောက်ဆုံးရေမှတ်အထိ ကျဆင်းခဲ့ပါတယ်။ ထိုအချိန်က သောက်သုံးရေနဲ့ စိုက်ပျိုးရေးအတွက် များစွာသော အခက်အခဲများနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒီအခက်အခဲတွေကြောင့် ထိုင်းအစိုးရဟာ “ ချောင်းဖရားမြစ်” အတွင်းသို့ အနီးအနားရှိ အခြားမြစ်ဝှမ်းကြီးများ က ရေကိုလွှဲပြောင်းသုံးစွဲဖို့ စဉ်းစားလာပါတယ်။

၁၉၉၁ ခုနှစ်မှာ ထိုင်းအစိုးရဟာ“မဲခေါင်မြစ်” ရေကို သွယ်ယူခွင့်ပြုဖို့ မဲခေါင်ကော်မတီသို့ တင်ပြခဲ့ပါတယ်။ထိုတင်ပြချက်ကို ဗီယက်နမ်နိုင်ငံက အကြီးအကျယ်ကန့်ကွက်ခဲ့ပါတယ်။

ကန့်ကွက်ရတဲ့အကြောင်းက ဗီယက်နမ်နိုင်ငံဟာ မဲခေါင်မြစ်ဝှမ်းအောက်ဆုံးနိုင်ငံဖြစ်ပါတယ်။ အဲဒီနေရာဒေသဟာ ဗီယက်နမ်နိုင်ငံရဲ့အဓိကစိုက်ပျိုးရေးဒေသဖြစ်ပါတယ်။နဂိုကတည်းက နွေရာသီမှာ ပင်လယ်ဆားငန်ရေးတိုးဝင်မှုကြောင့် မဲခေါင်မြစ်ဝကျွန်းပေါ်တစ်ဝိုက်ထိခိုက်နေ
တဲ့အတွက် တိုင်းအစိုးရက ထပ်မံ၍ရေကာတာတည်ဆောက်မည်ဆိုလျှင်ပင်လယ်ဆားငန်ရေ ပိုမိုဝင်ရောက်လာမှာဖြစ်လို့ ကန့်ကွက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့်မဲ ခေါင်မြစ်ရေကို ရေကာတာမှ တစ်ဆင့် သွယ်ယူမယ့်“ထိုင်းအစိုးရ” ရဲ့ အစီအစဉ်လည်းပျက်ခဲ့ပါတယ်။

ထိုင်းအစိုးရဟာ မဲခေါင်မြစ်ရေ မရတော့လို့မြန်မာနိုင်ငံဘက်က သံလွင်မြစ်ရေကိုသွယ်ယူနိုင်ဖို့ ဦးတည်ခဲ့ပါတယ်။ ထိုင်းအစိုးရဟာ (၁၉၉၉)ခုနှစ်မှာ ရေလွှဲယူရေးအတွက် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုတွေဆောင်ရွက်ဖို့ ဘတ်ဂျက်ငွေ ဘတ် (၁၀၆.၅) သန်းကို ထုတ်သုံးခဲ့ပါတယ်။ ထိုင်း
အတိုင်ပင်ခံ အင်ဂျင်နီယာအဖွဲ့ဟာ ရေရယူနိုင်မယ့်အခြေအနေတွေကို လေ့လာတင်ပြခဲ့ပါတယ်။

နောက်ပိုင်း အပြီးသတ်အစီအစဉ်မှာတော့သောင်းရင်းမြစ် (ပိုးအိမြစ်) ရဲ့ လက်တက်ဖြစ်တဲ့ “ယွမ်” မြစ်က ရေများကို ခေတ္တရေလှောင်တမံကြီးများ တည်ဆောက်ပြီးရေသိုလှောင်ရန်နဲ့ ထိုမှတစ်ဆင့် “ဘူမိဘောလ်” ဆည်အတွင်းသို့ မြေအောက်ဥမင်လိုဏ်များဖြင့် လွှဲပြောင်းရယူရန် ဆုံးဖြတ်ခဲ့ပါတယ်။

သောင်းရင်းမြစ်ရဲ့လက်တက်ဖြစ်တဲ့ “ ယွမ်မြစ်” ဟာ ထိုင်းနိုင်ငံအတွင်းမှာ ရှိနေပါတယ်။ မူလက ယွမ်မြစ်က သောင်ရင်းမြစ်ထဲကို စီးဆင်းပြီး သောင်ရင်းမြစ်ကတစ်ဆင့် သံလွင်မြစ်နဲ့ပေါင်းဆုံကာ မုတ္တမ ပင်လယ်ကွေ့အတွင်းသို့ စီးဆင်းနေရာက  နောက်ဆုံးထိုင်းအစိုးရဟာ ယွမ်မြစ်ကို ရေကာတာနဲ့ တားဆီးလိုက်မှာဖြစ်ပါတယ်။

ထိုင်းအစိုးရအနေနဲ့ ယွမ်းမြစ်ကရေကိုတစ်နှစ်လျှင် (၂၁၈၅) ကုဗမီတာသန်းပေါင်းကို “ဘူမိဘောလ်” ရေလှောင်ကန်သို့ သွယ်ယူနိုင်ခဲ့လျှင် ဘူမိဘောလ်ရေအားလျှပ်စစ်စက်ရုံမှ နှစ်စဉ်ဘတ်သန်းပေါင်း (၁၈၅၅) တန်ဖိုးရှိတဲ့ လျှပ်စစ်ဓာတ်အားကီလိုဝပ် နာရီသန်းပေါင်း (၅၁၆) အထိ တိုးတက်ထုတ်လုပ်ဖို့ လျာထားပါတယ်။

ထိုအခါ “ ချောင်းဖရား” လွင်ပြင်အတွင်းက လယ်ဧက (၃၇၂၀၀၀)အတွက် စိုက်ပျိုးရေ ပိုမိုပေးဝေနိုင်မှာဖြစ်လို့ ထိုင်းနိုင်ငံအတွက် နှစ်စဉ်ဝင်ငွေဘတ် (၃.၁) ဘီလီယံတိုးလာမှာဖြစ်ပါတယ်။

ဒါ့အပြင် (၆၁၂) ကုဗမီတာသန်းခန့်ရှိ မြေအောက်ရေထုတ်ယူသုံးစွဲမှုကိုသက်သာစေမှာဖြစ်လို့ ထိုင်းနိုင်ငံအတွက် တစ်နှစ်လျှင် ဘတ် (၅) ဘီလီယံခန့်အကျိုးအမြတ်ရမှာဖြစ်ကြောင်းထိုင်းအတိုင်ပင်ခံအင်ဂျင်နီယာအဖွဲ့က အစိုးရကို တင်ပြခဲ့ပါတယ်။

ဆက်လက်ပြီး ထိုင်းအစိုးရဟာသူ့နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်မြန်မာပိုင် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှာ မြန်မာအစိုးရနဲ့ ပေါင်းပြီးဟတ်ကြီး (Hat Gyi) ဆည်တည်ဆောက်ဖို့နဲ့ လျှပ်စစ်ဓာတ်အားဝယ်ယူဖို့စီစဉ်ထားပြီး ဖြစ်ပါတယ်။ ဟတ်ကြီးဆည် ရေအမြင့်ဆုံး အချိန်ဟာ သံလွင်မြစ်ကရေများကိုလည်း ထိုင်းနိုင်ငံအတွင်းသို့ သွယ်တန်းယူနိုင်တဲ့ အခွင့်အရေးရှိကြောင်းလည်း လေ့လာသိရှိရပါတယ်။

သံလွင်မြစ်ကြောင်းနဲ့ပတ်သက်ပြီး လေ့လာချက်များအရ မြေပြိုနို်င်တဲ့ဒေသပေါင်း (၆၅၇) ခုရှိတယ်လို့ သိရပါတယ်။ တိဗက်နိုင်ငံအတွင်း သံလွင်မြစ်တစ်လျှောက်မှာ ရေကာတာစီမံကိန်း (၂၇) ခုတည်ဆောက်ဖို့ လျာထားသလို တရုတ်နိုင်ငံကလည်း တိုးတက်မှုနောက်ကျနေတဲ့ ယူနန်ပြည်နယ်အနောက်ဘက်ခြမ်းဒေသကိုဖွံ့ဖြိုးတိုးတက်လာအောင်ရည်ရွယ်ချက်ဖြင့်သံလွင်မြစ်တစ်လျှောက် ရေကာတာ(၁၃ခုတည်ဆောက်ရန်လျာထားပါတယ်။

မြန်မာနိုင်ငံမှာတော့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ ရေကာတာ (၆)ခု တည်ဆောက်ဖို့ စီမံကိန်းရှိပါတယ်။ အားလုံးပေါင်းလိုက်ရင်တော့ သံလွင်မြစ်ကြောင်းတစ်လျှောက် ရေကာတာပေါင်း (၄၆)ခုတည်ဆောင်ဖို့ စီမံကိန်းလျာထားပါတယ်။

ဘူမိသဘောအရကြည့်လျှင် ကြောက်ခမန်းလိလိပါပဲ။ တည်ဆောက်မှုအားလုံးရော အဆင်ပြေနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာပါပဲ။ ရေကာတာတည်ဆောက်တာ ကမ္ဘာမြေလွှာပေါ်မှာဖြစ်လို့မြေလွှာနဲ့ပတ်သက်တဲ့ ငလျင်အန္တရာယ်ကို  အဓိကထားစဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။

သံလွင်မြစ်တစ်လျှောက် အထူးသဖြင့် တရုတ်ပြည် ယူနန်ပြည်နယ်မှာ ယနေ့တိုင် အသက်ဝင်လှုပ်ရှားနေတဲ့ငလျင်ပြတ်ရွေ့ကြောတွေဟာ နက်ရှိုင်းပြီး အလျား (၆၀၀) ကီလိုမီတာ၊ (၃၇၀) မိုင်ရှည်လျားကြောင်း ပညာရှင်များကဆိုပါတယ်။ ဒီငလျင်ကြောတစ်လျှောက် အစီအရီ တည်ဆောက်မယ့်ရေကာတာများဟာ လုံးဝစိတ်ချမှုမရှိကြောင်းပညာရှင်များက တင်ပြကြပါတယ်။ တကယ်လို့ပြင်းအားကြီးတဲ့ ငလျင်ကြောင့် ရေကာတာတစ်ခုကျိုးပြတ်သွားရင် အစီအရီထောင်ထားတဲ့ဖဲချပ်တွေ တစ်ချပ်နဲ့တစ်ချပ်တိုက်မိပြီး ပြိုလဲသွားတတ်တဲ့ (Domino Theory)အရ သံလွင်မြစ်တစ်လျှောက်တည်ဆောက်ထားတဲ့ ရေကာတာများအားလုံးနီးပါး ပြိုပျက်သွားနိုင်တယ်လို့ထောက်ပြကြပါတယ်။

အဲဒီအကျိုးဆက်ကြောင့် တိဗက်နိုင်ငံ၊ တရုတ်နိုင်ငံတို့သာမက မြန်မာနိုင်ငံအပါအဝင် သံလွင်မြစ်ကြောင်းတစ်လျှောက် မှီတင်းနေထိုင်ကြတဲ့ လီဇူး၊ လားဟူ၊ အခါ၊ လွယ်လ၊ ရှမ်း၊ပဒေါင်း၊ ကယန်း၊ ယင်းတလဲ၊ ကရင်၊ထိုင်း၊ မွန်နဲ့မြန်မာ တိုင်းရင်းသား ၁၀သန်းကျော်တို့ဟာ ဆိုးဝါးတဲ့အန္တရာယ်တွေနဲ့ ကြုံတွေ့ရနိုင်ကြောင်း ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။

ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးဟာ တစ်နေ့တခြားပို၍ပို၍ ပူနွေးလာကြောင်းလူတိုင်းသတိပြုကြပါ လိမ့်မယ်။ အခုလို ပူနွေးလာနေတဲ့အတွက် ဘူမိသဘောအရ ကမ္ဘာ့အတွင်းပိုင်းဖောက်ပြန်လာမှုနဲ့ ဆက်စပ်နေကြောင်း ပညာရှင်များက ဆိုပါတယ်။ သတိထားကြည့်မယ်ဆိုရင် (၂၀၀၀)ခုနှစ် နောက်ပို်င်းကစပြီး ဒီနေ့အထိသဘာဝဖောက်ပြန်မှုတွေဖြစ်တဲ့ငလျင်အကြိမ်အရေအတွက်များလာခြင်း၊ ပိုမိုပြင်းထန်တဲ့ ငလျင်များလှုပ်ခတ်လာခြင်း၊ မြေအောက်မီးတောင်များ မကြာမကြာပေါက်ကွဲခြင်း၊ ဆူနာမီရေလှိုင်းကြီးများဖြစ်ပေါ်ခြင်း၊မုန်တိုင်းမျိုးစုံအကြိမ်ကြိမ်ကျရောက်ခြင်းစတာတွေနဲ့ ကြုံတွေ့နေရပါတယ်။

အထက်ပါသဘာဝတရားကြီးဖောက်ပြန်လာမှုတွေကြောင့်ကမ္ဘာ့လူသားတွေအသက်ပေါင်းများစွာ ဆုံးရှုံးခြင်းနှင့်အတူ လူနေအဆောက်အအုံ၊ မြို့ရွာများလည်း မကြာခဏပျက်ဆီးနေကြောင်း ကြုံတွေ့နေရပါတယ်။

မြန်မာနိုင်ငံမှာ တည်ဆောက်မယ့်တာဆန်း (Tasang) ရေကာတာရဲ့အမြင့် (၂၂၈) မီတာရှိမှာဖြစ်ပြီး အရှေ့တောင်အာရှမှာအမြင့်ဆုံးရေကာတာဖြစ်ပါလိမ့်မည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တည်ဆောက်မယ့် ရေကာတာ (၁၃) ခုထဲက၊ တိဗက်နိုင်ငံမှာအစပ်မှာရှိတဲ့ (Song Ta) ဆွန်တာရေကာတာဟာ (၃၀၇)မီတာမြင့်မှာဖြစ်ပြီး (၈ ဒသမ ၆) ရစ်ချ်တာစကေး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောနဲ့ ကီလိုမီတာ(၁၀၀)သာ ဝေးပါတယ်။ အလားတူဆွန်တာရေကာတာအောက်မှာ တည်ဆောက်မယ့် မေဂျီ (Maji) ရေကာတာဟာလည်း မီတာ ၃၀၀ မြင့်မှာဖြစ်ပါတယ်။ (၂၀၄) မီတာနက်ပြီး (၅)မီတာကျယ်တဲ့ ငလျင်ပြတ်ရွေ့ကြောနဲ့နီးကပ်နေကြောင်း၊ ဘူမိဗေဒပညာရှင်တွေရဲ့ တိုင်းထွာချက်အရ စိုးရိမ်စရာဖြစ်နေပါတယ်။

ဒီအခြေအနေတွေကို ခြုံငုံသုံးသပ်ရရင် မြန်မာနို်င်ငံမှာ တည်ဆောက်မယ့် ရေကာတာတွေကိုလည်း ပညာရှင်တွေနဲ့အချိန်ယူ ပြန်လည်ဆန်းစစ်ပြီးမှ လုပ်သင့်/မသင့် ဆုံးဖြတ်ပါက ပို၍ လျှော်ကန်မည်ဟု အကြံပြုလိုပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကဟတ်ကြီး (Hat Gyi) ရေကာတာက ထုတ်မယ့်လျှပ်စစ်ကို ဝယ်ယူမယ့်အစီအစဉ်မဖြစ်ခင်ကထိုင်းအစိုးရဟာ“ ချောင်းဖရားမြစ်” အတွင်းသို့အနီးအနားရှိ မြစ်ဝှမ်းကြီးများက ရေကိုလွှဲပြောင်းယူခွင့်ပြုဖို့ အဆိုပြုချက်ကို မဲခေါင်ကော်မတီသို့ တင်ပြခဲ့ပါတယ်၊ မအောင်မြင်ပါဘူး။

ဆောင်းပါးခေါင်းစဉ်ပါ “ သံလွင်မြစ်အထက်ပိုင်းရေကာတာစီမံကိန်းများနှင့် မော်လမြိုင်မြို့ရဲဲ့ ရင်အေးစရာအနာဂတ်”ဟု ဖော်ပြထာတဲ့အတိုင်း ဘယ်လိုရင်မအေးစရာတွေလဲလို့ မေးရင် ဆက်လက်ဖော်ပြမယ့် ဖြစ်လာနိုင်ခြေရှိသော အကျိုးဆက်များကြောင့်ဟု ပြောရမှာဖြစ်ပါတယ်။

(၁)     မော်လမြိုင်မြို့ဟာ မိုင်ပေါင်း(၁၇၄၉) မိုင်ရှည်လျားတဲ့ သံလွင်မြစ်ရဲ့အဝမှာ တည်ရှိနေပါတယ်။ သံလွင်မြစ်ရဲ့ ရေချိုဆုံးသောနေရာဟာ  မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်က “ကျောက်ဝဲဂူဘုရား” ကမ်းအနီးမှာဖြစ်ပါတယ်။ သံလွင်မြစ်ဝှမ်း မော်လမြိုင်မြို့အနီးမှာနုံးတင်မြေနုကျွန်းပေါများဆုံးနေရာဖြစ်ပါတယ်။ စိုက်ပျိုးရေးဖြစ်ထွန်းအောင်မြင်တဲ့အတွက် မြေနုကျွန်းတွေပေါ်မှာပဲ ကျေးရွာတွေတည်ပြီး ရှေးအခါကတည်းက အခြေတကျနေထိုင်ခဲ့ကြပါတယ်။ မြေနုကျွန်းတွေပေါ်က ရေပိုင်း (၆)ရွာကလည်း မော်လမြိုင်မြို့နယ်အတွင်းမှာ ပါဝင်ပါတယ်။

လက်လှမ်းမီသရွေ့ဖော်ပြရရင် ကော့တွန်ကျွန်း၊ ကော့ပေါက်ကျွန်း၊ ကော့စိန်ကျွန်း၊ ကတိုးကျွန်း၊ ကော့နှပ်မြေနုကျွန်းများ၊ ကော့လှာပိုင် မြေနုကျွန်းများ၊ ထားဝယ်ကျွန်း၊ ဇီးကျွန်း၊ရတနာကျွန်း၊ ကုလားတန်းကျွန်း၊ အဗျက်ကျွန်း၊အလန်းကျွန်းစသည်တို့ဖြစ်ပါတယ်။

အထက်ပါမြေနုကျွန်းအားလုံးဟာ သံလွင်မြစ်အထက်ပိုင်းက မြစ်ရေနဲ့အတူပါလာတဲ့ နုံးမြေတွေကြောင့် မြေသြဇာကောင်းပြီး သီးနှံစိုက်ပျိုးမှုမှာ အလွန်ဖြစ်ထွန်းအောင်မြင်ပါတယ်။ ဒါကြောင့် ကျွန်းတွေမှာပဲ ရွာတည်ပြီး အသက်မွေးနေကြခြင်းဖြစ်ပါတယ်။ အကယ်၍သာ ရေကာတာစီမံကိန်းများအကောင်အထည်ဖော်ခဲ့မယ်ဆိုရင်မြစ်ဖျားက နုံးမြေတွေ ရောက်ရှိအနည်ကျဖို့ နည်းသွားပြီး သံလွင်မြစ်ဝကျွန်းပေါ်စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်ငန်းများကျဆင်းသွားမှာဖြစ်၍ မော်လမြိုင်မြို့နယ်ရဲ့စီးပွားရေးကို တိုက်ရိုက်ထိခိုက်စေမှာ ဖြစ်ပါတယ်။

(၂)     ဒုတိယ ရင်မအေးစရာကတော့သံလွင်မြစ်အထက်ပိုင်းရေကာတာစီမံကိန်းတွေကြောင့် မြစ်ရေကို အထပ်ထပ်ပိတ်လှောင်ထားကြမည်ဖြစ်၍ မြစ်ဖျားက နုံးများရေနှင့်အတူ စီးဆင်းမှုလျော့နည်းသွားပြီး ရေကြည်များသာစီးဆင်းလာတော့မှာဖြစ်လို့ မြေသြဇာ
ရရှိမှုနည်းပါးလာလိမ့်မည်။

ထိုရေကြည်များက မြေနုကျွန်းများကို တိုက်စားပြီးကျွန်းများပြိုပျက်ကာ စီးပွားရေးလုပ်ငန်းများကျဆင်းလာမည့်အပြင် နေရင်းဒေသကစွန့်ခွာကြရမည်ဖြစ်ပြီးမော်လမြိုင်မြို့နယ်အတွက် ရင်မအေးစရာပင်။

(၃)     (၁၉၉၀) ခုနှစ်ထိုင်းအစိုးရသည် သူ့နိုင်ငံအတွက်မဲခေါင်မြစ်ရေကိုလွှဲပြောင်းရယူဖို့ မဲခေါင်ကော်မတီသို့ တင်ပြခဲ့စဉ်က၊ ဗီယက်နမ်နိုင်ငံကအကြီးအကျယ်ကန့်ကွက်ခဲ့တဲ့ သာဓကရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဗီယက်နမ်နိုင်ငံ၏အဓိကစိုက်ပျိုးရေးဒေသသည် မဲခေါင်မြစ်ဝှမ်းမှာရှိနေတဲ့မြေနုကျွန်းတွေဖြစ်ပါတယ်။ အကယ်လို့သာ ထိုင်းအစိုးရရဲ့ တင်ပြချက်အတိုင်း မဲခေါင်မြစ်အထက်ပိုင်း ရေကာတာကိုခွင့်ပြုခဲ့ရင် ဗီယက်နမ်နိုင်ငံကအားထားနေရတဲ့ မြစ်ဝကျွန်းပေါ်တစ်ခုလုံးပင်လယ်ဆားငန်ရေများတိုးဝင်လာရင် စိုက်ပျိုးရေးလုပ်ငန်းများကို
တိုက်ရိုက်ထိခိုက်မှာဖြစ်တဲ့အတွက်ဗီယက်နမ်အစိုးရကအမြော်အမြင်ကြီးစွာဖြင့် ကန့်ကွက်ရခြင်းဖြစ်ပါတယ်။

(၄)     လက်ရှိအခြေအနေမှာ မော်လမြိုင်မြို့သူမြို့သားတို့ နေ့စဉ်သုံးစွဲနေရတဲ့ရေတွေကို အတ္တရံမြစ်က တစ်ဆင့် စက်များနဲ့ စုပ်ယူအကြည်ခံပြီး မြို့ရေပေးရေးလုပ်ငန်းကိုလုပ်နေရပါတယ်။သံလွင်မြစ်အောက်ပိုင်းကိုပင်လယ်ရေငန်ဝင်ခဲ့မယ်ဆိုရင်တော့ မော်လမြိုင်
မြို့ရေပေးရေးလုပ်ငန်းရှိတဲ့ အတ္တရံ (၁)နှင့် (၂) ဆီလည်း ရောက်ရှိလာမှာမို့ မော်လမြိုင်မြို့သူမြို့သားတိအတွက်ရေအခက်အခဲကို ကြီးမားစွာ ရင်ဆိုင်ရမှာဖြစ်လို့မော်လမြိုင်မြို့အတွက် ရင်မအေးစရာဟုကြိုတင်တွက်ဆထားရမှာဖြစ်ပါတယ်။

(၅)     သံလွင်မြစ်ရေနဲ့ မော်လမြိုင်မြို့ရဲ့မြေအောက်ရေဟာ သဘာဝအရ ဆက်စပ်နေပါတယ်။ မြစ်အောက်ပိုင်း ပင်လယ်ဆားငန်ရေများတိုးဝင်လာခဲ့ရင်မော်လမြိုင်ရဲ့ ဥယျာဉ်ခြံစိုက်ပျိုးရေးကိုပါ ထိခိုက်လာနို်င်ကြောင်းနှင့် နာမည်ကျော် မော်လမြိုင် ကျွဲကောသီးတွေလည်းအရည်အသွေးကျသွားနိုင်တယ်လို့စိုးရိမ်ပူပန်မိပါတယ်။

အထက်မှာ တင်ပြခဲ့တဲ့ ပညာရှင်တွေရဲ့ ကျိုးကြောင်းဆက်နွှယ်မှုကို သုံးသပ်အကြံပြုလိုတာကသံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့်ရေကာတာစီမံကိန်းတစ်ခုချင်းအလိုက် လေ့လာဆန်းစစ်သင့်ကြောင်း အကြံပြုလိုပါတယ်။

၂၀၁၂ ခုနှစ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေအရ ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ်ပါဝင်သောပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေအခန်း (၃) ၊ ပုဒ်မ(၄)၊  အပိုဒ်(ခ)တွင် “ကော်မတီသည် ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်ပျက်စီးမှုဖြစ်ပေါ်လျှင်သော်လည်းကောင်း၊ သက်ဆိုင်ရာ အစိုးရဌာန၊အဖွဲ့အစည်းများအားတားမြစ်ခြင်းနှင့် လိုအပ်ပါက ပြည်ထောင်စု အစိုးရအဖွဲ့သို့ “မူဝါဒတောင်းခံခြင်း” ဟု ထည့်သွင်းပြဋ္ဌာန်းထားရာ ထိန်းသိမ်းရေးကော်မတီသည်ဥပဒေပြဋ္ဌာန်းချက်ကို အလေးအနက် ထည့်သွင်းစဉ်းစားသင့်တယ်လို့ မြင်မိပါတယ်။

မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးတွင် “ ရှေ့မျှော်ဝါဒ”  နှင့် “ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ”တို့ကိုလက်တွေ့ကျင့်သုံးနေကြပါတယ်။ယင်းဝါဒများရဲ့ အနက် အဓိပ္ပာယ်ကား ကျယ်ဝန်းလှပါတယ်။ နိုင်ငံတော်အစိုးရဟာ နိုင်ငံတော်အတွက် အဆုံးအဖြတ်ပေးသူဖြစ်၍ မိမိဆုံးဖြတ်ချက်ဟာ နိုင်ငံအတွက် အကျိုးရှိပြီး မိမိပြည်သူအတွက်လည်း ထိခိုက်မှုနည်းသော ဆုံးဖြတ်ချက်ဖြစ်ရင် ကောင်းသောအစိုးရ (Good Government) လို့   သမိုင်းက မှတ်ကျောက်တင်ပါလိမ့်မည်။

လယ်တောကြာနီ

Advertisements

Leave a Reply