ပြည်နယ်အစိုးရ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် တင်ဒါမခေါ်ဘဲ လမ်းလုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း ဝန်ကြီးချုပ်ပြော

မော်လမြိုင်၊ ဇွန် ၄

ရေးမြို့နယ်၊ အောင်သပြေ – နှစ်ကရင် ကျေးရွာချင်းဆက်လမ်းကို တင်ဒါမခေါ်ဘဲ မွန်ပြည်နယ်အစိုးရ အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခဲ့ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

“လုပ်ငန်းလုပ်တာ အချိန်က သိပ်နီးကပ်တယ်။ အဲဒီတော့ ပြည်နယ်အစိုးရရဲ့ဆုံးဖြတ်ချက်ကိုဋ္ဌာနက တင်တယ်။ ဒီဒါက အချိန်နီးကပ်နေပြီး လုပ်ငန်းပြီးဖို့လိုအပ်တယ်။ တင်တဲ့ဋ္ဌာနပေါ့နော် – ဥပမာ ဆိုလို့ရှိရင် ကျေးလက်လမ်းဦးစီးက တင်တယ်။ တင်တဲ့လမ်းဦးစီးက တာဝန်ခံပြီးလုပ်ရန်ဆိုပြီးတော့ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်တယ်”ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

နိုင်ငံတော်၏ လုပ်ငန်းစီမံကိန်းကြီးများ ဘဏ္ဍာငွေကြေးများနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့်ဌာန အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်သမ္မရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ သဘောတူညီချက်၊ ခွင့်ပြုချက် ရယူဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဋ္ဌာနအဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ ရယူဆောင်ရွက်ကြရန်ဖြစ်ကြောင်း ၎င်းက ဆိုလေသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဇွန်လ ၄ ရက်နေ့က ကျင်းပသည့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် တတိယနှစ် (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများမေးမြန်းရာတွင် ၎င်းက ယင်းကဲ့သို့ ပြောင်းလဲ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက်လမ်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွန်ကြားချက်ဖြင့် တင်ဒါကင်းလွတ်ခွင့် လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ဖြေကြားခဲ့ခြင်းမှာ စကားမှားခြင်းဖြစ်ကြောင်း သမ္မရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက ရှင်းလင်းထားခဲ့သည်။

ယင်းစကားမှားသည့်အပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှု မည်သို့ရှိသည်ကို မွန်ပြည်နယ်ဝန်ကြီးချုပ်ကို ပြန်လည်ရှင်းလင်းခိုင်းထားကြောင်း သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဋ္ဌေးက ပြောကြားထားသည်။

ကျပ်သန်းတစ်ထောင် အောင်သပြေ-နှစ်ကရင်ကျေးရွာချင်းဆက်လမ်းကို တင်ဒါခေါ်ယူခြင်းမရှိဘဲ ဦးစိန်ဝမ်းကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုခဲ့သည်မှာ ဝန်ကြီးချုပ်သာ ဆုံးဖြတ်ခဲ့ကြောင်း မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က ပြောကြားထားသည်။

အောင်မြတ်

Leave a Reply