လမိုင်း Online လေလံမဲ ဥပဒေအရ အကာအကွယ်မပေးနိုင်ကြောင်း ကြိုတင်သတိပေးခဲ့ ဟုဆို

မော်လမြိုင်၊ ဇွန် ၅

လမိုင်း Online လေလံမဲ စုမဲထည့်ဝင်သူများကို ပြသနာများ မပေါ်ပေါက်ခင်ကတည်းက တရားဥပဒေနှင့်မညီကြောင်း နှင့် ဥပဒေအရ အကာကွယ်မပေးနိုင်ကြောင်း ကြိုတင်အသိပေးခဲ့သည်ဟု မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး ကပြောကြားသည်။

လမိုင်းOnline ငွေစုမဲလုပ်ကိုင်သူများကို ငွေကြေးပြသနာ မဖြစ်ပေါ်ခင်ကတည်းကပင် လမိုင်းခန်းမတွင် ကျင်းပသော လူထုတွေ့ဆုံပွဲ၌ ယင်းကိစ္စသည် ဥပဒေနှင့် မညီညွှတ်ကြောင်း ပြောဆိုထားပြီးသားဖြစ်သည်ဟု ၎င်းကဆိုသည်။

ဇွန်လ ၄ ရက်နေ့ မွန်ပြည်နယ်အစိုးရရုံး ဟင်္သာခန်းမတွင် ကျင်းပသော မွန်ပြည်နယ်အစိုးရအဖွဲ့၏ တတိယနှစ် ၁နှစ်တာ ကာယအတွင်း ဆောင်ရွက်ချက်များနှင့် ပတ်သတ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒါနဲ့ပက်သတ်ပြီးတော့မှ ဘယ်လိုလုပ်မလဲဆိုတာ ဝန်ကြီးချုပ်တို့နဲ့ ကျွန်တော်တို့နဲ့ဖြေခဲ့တာတွေရှိပါတယ်၊ ဒါသည်တရားဥပဒေနဲ့ မညီဘူး၊ နောက်ပြီးအာမခံချက်မရှိဘူး၊ ဥပဒေအရအကာကွယ်ပေးနိုင်တဲ့ အနေအထားမျိုး မရှိဘူးလို့ ကြိုတင်အသိပေးခဲ့ပါတယ် ” ဟု ဗိုလ်မှူးကြီးနေထွဋ်ဦးကဆိုသည်။

ပြီးခဲ့သည့် လတွင် ဖြစ်ပွားခဲ့သော လမိုင်းလေလံစုမဲကိစ္စတွင် အဓိကရုဏ်းဆန်ဆန် အုံကြွမှုများရှိလာပြီး လုံခြုံရေးအရ ဝေဖန်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။

လက်ရှိတွင် လမိုင်းမြို့တွင် ငွေစုဒိုင်အဖြစ် လုပ်ကိုင်သူ မိကျဲလာနှင့်ကိုတင်ဇော်ဦး လင်မယား နှစ်ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀/၄၀၆နှင့် ဆက်သွယ်ရေးပုဒ်မ ၆၆ (ဂ)ဖြင့် မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်း ထားပြီး စုငွေထည့်ဝင်သူများက အမှု၃၀ခန့် တရားစွဲဆိုထားသည်။

ထို့အပြင် လေလံစုမဲကိစ္စတွင် ဒိုင်ချုပ်ဟု ယူဆရသူကို နေပြည်တော်တွင် ဖမ်းမိထားကြောင်း ပြီးခဲ့သည့် ရက်ပိုင်းတွင် သတင်းထွက်ပေါ်ခဲ့သည်။

ရန်လင်းအောင်

Leave a Reply