ဆင်တုပ်ကွေး Chikungunya

471

ခုတစ်လော လူနာအများစုဖြစ်နေကြတဲ့တုပ်ကွေး လက္ခဏာတွေထဲမှာ အဆစ်အမြစ်ကိုက်တာတွေကအများဆုံးဖြစ်ပါတယ်။ ဒါဟာအခုလက်ရှိ ရာသီပေါ် တုပ်ကွေးတစ်မျိုးပင်ဖြစ်တယ်။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပါတယ်။ ဒါကိုဆင်တုပ်ကွေး Chikungunya လို့ခေါ်ပါတယ်။ ကာကွယ်ဆေးမရှိပါ။

ခုထိုးနေကြတဲ့ ရာသီတုပ်ကွေးကာကွယ်ဆေးကလည်း ဆင်တုပ်ကွေးကို မကာကွယ်နိုင်ပါ။ ဆင်တုပ်ကွေး chikungunya နာမည်ကို ရောဂါစတင်တွေ့ရှိရာ တန်ဇန်းနီးယားနိုင်ငံ လူမျိုးစု ဘာသာစကားမှစတင်မြစ်ဖျားခံခဲ့ပြီးတွန့်လိမ်ကောက်ကွေးခြင်းလို့အဓိပ္ပာယ် ရပါတယ် ။ ရောဂါ ခံစားရသူများ နာကျင်ကိုက်ခဲ၍နေခြင်းကိုဆိုလိုပါတယ်။ရောဂါပိုးသယ်ဆောင်ထားသောခြင်ကိုက်ခံရ၍ဖြစ်ပါသည်။ခြင်ကိုက်ခံရပြီး ၃ ရက်မှ ၅ ရက်အတွင်း လက္ခဏာ စတင်ခံစားရပါမယ်။

ခြင်အမျိုးအစား(Aedes aegypti & Aedes albopictus) က သွေးလွန်တုပ်ကွေး ဖြစ်စေသော ခြင်အမျိုးအစားနှင့် အတူတူဖြစ်ပါတယ်။ အဓိက လက္ခဏာ ကတော့ ဖျားပြီးအဆစ်အမြစ်လွန်စွာ ကိုက်ခဲခြင်းဖြစ်ပါသည်။လူနာအများစု (၈၇%-၉၀%) မှာ ကိုက်ခဲကြပါတယ်။ ဒါ့အပြင် ခေါင်းကိုက်ခြင်း ကြွက်သားများနာကျင်ခြင်း၊ အဆစ်အမြစ်ရောင်ခြင်း အရေပြားအကွက်ပေါခြင်းများလည်းဖြစ်တတ်ပါသည်။

များသောအားဖြင့် သေစေနိုင်တဲ့ ရောဂါ မဟုတ်ပါ။ လူအများစုတွင် ရက်သတ္တပါတ် အနည်းငယ်အတွင်း ရောဂါပျောက်ကင်းသွားလေ့ရှိပြီး အချို့သောသူများတွင် အဆစ်နာကျင်ခြင်းအား လပေါင်းများစွာ ခံစားရနိုင်ပါတယ်။ ရောဂါဖြစ်ပြီး သူများအနေနဲ့ ခုခံစွမ်းအားရရှိပြီး နောက်ထပ် ထပ်မံမဖြစ်နိုင်တော့ပါ။ သွေးလွန်တုပ်ကွေးနဲ့မတူဘဲ၎င်းတွင် မျိုးကွဲမရှိ၍ ဖြစ်ပါတယ်။ မွေးကင်းစကလေးငယ်များ၊ အသက် ၆၅ နှစ်အထက်လူကြီးများ၊ သွေးတိုး ဆီးချို နှစ်လုံးရောဂါအခံရှိသူများတွင် ပိုမိုခံစားရလေ့ရှိပါတယ်။

ရောဂါကူးစက်ခံရသူ၏ ကိုယ်တွင်းမှာ ဗိုင်းရပ်စ် ပိုးဟာ ၅ ရက်ကနေ ၇ ရက်အတွင်းနေနိုင်သဖြင့် ထိုအချိန်အတွင်း ကိုက်သောခြင်ကတစ်ဆင့် အခြားသူအား အကိုက်ခံရပါက ကူးစက်နိုင်ပါတယ်။ လူတစ်ဦးမှ တစ်ဦးသို့တိုက်ရိုက်မကူးစက်နိုင်ပါ။ ခြင်ကိုက်ခံရခြင်းမှသာ ကူးစက်ခြင်းဖြစ်ပါတယ်။

အနားယူပါ။ အရည်များများသောက်ပါ။အဖျားအနာသက်သာအောင် ပါရာစီတမောဆေးကို ညွှန်ကြားချက်အတိုင်း သောက်ပါ(အက်စပရင်နှင့် အခြား အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်ညွှန်ကြား ချက်မပါဘဲမသုံးသင့်ပါ) ပထမ တစ်ပတ်အတွင်း ခြင်ကိုက်မခံရအောင် ဂရုစိုက်ပါ(အခြားသူများမကူးစက်နိုင်ရန်) အဓိက ခြင်ကိုက်မခံရအောင်နေခြင်းဖြစ်ပါတယ်။

ပထမ ဆုံးသော လူကူးစက်ခြင်းကို ၁၉၅၀ မှာအာဖရိကတွင် စတင်တွေ့ရှိခဲ့ပြီး ၁၉၆၀ တွင်ဘန်ကောက်၊ ၁၉၆၃ မှ ၁၉၇၃ တွင် အိန္ဒိယတို့တွင် ဖြစ်ပွားခဲ့ဖူးပါတယ်။ ၂၀၀၄ မှာ ကင်ညာနိုင်ငံမှတစ်ဆင့် နိုင်ငံတော်တော်များများသို့ ကူးစကပျံ့နှံ့ခဲ့ပါတယ်။ မြန်မာနိုင်ငံတွင် ၂၀၀၅ ခုနှစ်
ကတည်းက ရောဂါဖြစ်ပွားမှုရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၃ တွင် အမေရိကန်နိုင်ငံတွင်လည်း ရောဂါဖြစ်ပွားမှုရှိခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ရောဂါကူးစက်ခံရပါက အခြားသူများကဲ့သို့ ဖျားခြင်း၊ကိုက်ခဲခြင်းများ ခံစားရနိုင်ပါသည်။ ကိုယ်ဝန် ပျက်နိုင်ခြေ အလွန် နည်းပါသည်။ သန္ဓေသားကိုကူးစက်နိုင်ခြင်းမရှိပါ။ သို့သော် မွေးဖွားချိန်တွင် ရောဂါပိုး ဗိုင်းရပ်စ် များပြားနေချိန် ဖြစ်ပါကမွေးကင်းစ ကလေးအား ကူးစက်နိုင်ပါတယ်။ မွေးလာသော ကလေးအား မိခင်နို့တိုက်ကျွေးခြင်းဖြင့်မကူးစက်နိုင်ပါ။

သွေးလွန်တုပ်ကွေးရောဂါနဲ့ လက္ခဏာဆင်တူပါတယ်။ ဒါ့ကြောင့် ဂရုစိုက်ကုသင့်ပါတယ်။ ဆင်တုပ်ကွေးဖြစ်ရင် အရေပြားမှာ အနီစက်တွေ ထွက်တတ်ပါတယ်။ ကာကွယ်ဆေးမရှိတဲ့အတွက် သတိပြုနေထိုင်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဒေါက်ဦး(မွန်)

Advertisements

Leave a Reply