ယခုနှစ်ခြောက်လအတွင်း ဖြစ်ပွားသည့် သက်ငယ်မုဒိမ်းမှု၊ ဖြစ်ပွားမှုမှာ ယခင်နှစ် အရေအတွက်နှင့်တူညီ

မော်လမြိုင်၊ ဇွန်

မွန်ပြည်နယ် (၁၀) မြို့နယ်အတွင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လပထမအပတ်အထိ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားမှုမှာယခင် ၂၀၁၈ ခုနှစ် တစ်နှစ်စာအမှုများအရေအတွက်ရှိနေကြောင်းမွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

“၂၀၁၈ ခုနှစ် ၁ လပိုင်းမှ၁၂ လပိုင်းအထိ အမှုအရေအတွက်နဲ့ ၂၀၁၉ ခုနှစ် ၁ လပိုင်းမှ ၆ လပိုင်းအထိ အမှုအရေအတွက်က များလာတယ်။ တစ်နှစ်စာထက် ၆ လအရေအတွက်က များလာတယ်၊ ဒီလိုများလာရတဲ့အခြေအနေက နှစ်မျိုးရှိတယ်။ တစ်ခုက ဖြစ်စဉ်ကို ဖော်ထုတ်လာနိုင်တယ်၊ အရင်ကတရားမစွဲဘူး ဖုံးဖုံးဖိဖိနဲ့ ပြီးဆုံးသွားတယ်။ အခုနောက်ပိုင်းမှာ အသိပညာပေးမှုတွေရှိလာတယ်၊ ဒီလိုကိစ္စမျိုးက တရားစီရင်ရေးလမ်းကြောင်းပေါ်တင်သင့်တယ်၊ ဒါက ဘာကြောင့်လဲဆိုတော့ပြစ်မှုပြစ်ဒဏ်တိုးလိုက်တာလည်းပါတယ်”ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

ယခင်ကာလ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၅ တွင် ပြဋ္ဌာန်းထားသည့် အသက်အပိုင်းအခြားသည်ယခုပြန်လည်ပြင်ဆင်ထားသည့် အသက် ၁၆ နှစ်အောက်ဆိုသည့် အသက်အပိုင်းအခြားကွာခြားမှုကြောင့်အမှုအရေအတွက်များလာရခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးကြောင့်မလိုလားအပ်သည့် အွန်လိုင်း ညစ်ညမ်း Video  များကြောင့် စိတ်ပိုင်းဆိုင်ရာချို့တဲ့သည့်လူများလည်းရှိလာသည့်အတွက် အမှုအရေအတွက် တိုးလာရခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ လူမှုဝန်ထမ်းဦးစီးဌာနသို့ တိုင်ကြားလာသည့်သက်ငယ်မုဒိမ်းမှုပေါင်း ၂၁ မှုရှိပြီး ၂၀၁၈ ခုနှစ် တစ်နှစ်လုံးတွင် ၃၅ မှုသာရှိ၍ ၂၀၁၉ ခုနှစ်တွင် သက်ငယ်မုဒိမ်းမှုအပြင် မုဒိန်းမှု၊ အုပ်ထိန်းသူမဲ့ / မိဘနှင့် ကွဲကွာမှု၊ ရင်ခွင်မဲ့ကလေး၊ ဆိုးသွမ်းကလေး၊ ကာယိန္ဒြေပျက်စီးစေမှု၊ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းနှင့် အခြားအမှုများ စုစုပေါင်း၄၆ မှုကို လူမှုဝန်ထမ်းဦးစီးဌာနမှ ကူညီဖြေရှင်းပေးခဲ့ပြီး၂၀၁၈ ခုနှစ်တွင် စုစုပေါင်း ၅၂မှုသာရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာန၏ စာရင်းများအရသိရသည်။

“အခုဖြစ်နေတဲ့ အမှုတော်တော်များများက (၂) နှစ်ကနေ ၁၃ နှစ်ကြားကလေးတွေက တကယ့်ကို သက်ငယ် မုဒိမ်းပြုကျင့် ခံရတဲ့ကလေးတွေဖြစ်တယ်။ သူတို့မှာ ဘာအမှားမှမရှိဘဲခံရတယ်။သက်ငယ်မုဒိမ်းရဲ့ ၈၀ ရာခိုင်နှုန်းမှာ ရင်းနှီးကျွမ်းဝင်တဲ့သူတွေနဲ့ ဖြစ်တာများတယ်”ဟု ဒေါ်ခိုင်ခိုင်လဲ့ကပြောသည်။

မွန်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုမှာ မော်လမြိုင်မြို့နယ်တွင် ၈ မှု၊မုဒုံမြို့နယ်တွင် ၅ မှု၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်၊ သထုံမြို့နယ်တို့တွင် ၂ မှုနှင့် ပေါင်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် ၁ မှုစီရှိကြောင်းလူမှုဝန်ထမ်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

မွန်ပြည်နယ်အတွင်း သက်ငယ်မုဒိမ်းမှုများ၊ စွန့်ပစ်ကလေးငယ်များ၊ မုဒိမ်းမှုများအတွက် မွေးဖွားလာသည့် ကလေးငယ်များ၊ ခံစားလိုက်ရသည့် ကလေးငယ်များ၊အမျိုးသမီးများအတွက်Safe House အမျိုးသမီးဂေဟာနှင့် ရင်ခွင်ပိုက်အရွယ် ပြည်သူ့စောင့်ရှောက်ရေးဂေဟာများကို လူမှုဝန်ထမ်းဦးစီးဌာန၏ လက်အောက်တွင်ဖွင့်လှစ်ထားကြောင်းသိရသည်။

အောင်မြတ်

Leave a Reply