ပျားတောင်ဒေသ၏ ဒုတိယသောကလား

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပျားတောင်ဒေသခံတို့မှာ သူတို့မလိုလားခဲ့၊ ကန့်ကွက်ခဲ့သည့် ကျောက်မီးသွေးဆိုသည်ကို ထပ်မံ ကြားသိလိုက်ရသည်။ တစ်ကျော့ပြန် ထပ်တိုးစိုးရိမ်ကြောင့်ကြမိကြောင်းလည်း သူတို့က ပြော၏။

ဘိလပ်မြေစက်ရုံ တစ်ရုံကိုကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားဖြင့်လည်ပတ်မည်ဆိုခြင်းကြောင့်ပင်။

“ ရှေ့က ကန့်ကွက်ခဲ့တာတောင် မပြီးသေးဘူး၊ နောက်ထပ်တစ်ခု ထပ်တိုးလာပြန်ဦးမယ်”ဟု ဒေသခံ ရပ်မိရပ်ဖတစ်ဦးက မှတ်ချက်ပြု၏။

သူပြောလိုက်သည့် ‘ရှေ့က ကန့်ကွက်ခဲ့တာ’ဆိုသည်မှာ ယင်းဒေသတွင် လက်ရှိလည်ပတ်နေသော မော်လမြိုင် ဘိလပ်မြေစက်ရုံ ( MCL –Mawlamyine Cment Limited)ကိုဆိုလိုပြီး ‘နောက်ထပ်တစ်ခု’ ဆိုသည်က June Cement Industry Limited ကို ရည်ညွှန်းခြင်း ဖြစ်သည်။

Advertisements

MCL ဘိလပ်မြေ စက်ရုံ၏ ကျောက်မီးသွေးစွမ်းအင်ကို အသုံးပြုလျက် လျှပ်စစ်ဓာတ်အား ရယူအသုံးပြုနေမှုနှင့် ပတ်သက်၍ ပျားတောင်ဒေသခံတို့အနေဖြင့် ကန့်ကွက် ဆန္ဒပြမှုများ ယခင်က အကြိမ်ကြိမ် လှုပ်ရှားဆောင်ရွက်ထားသည်။ MCL အနေဖြင့် လက်ရှိအချိန်တိုင် ကျောက်မီးသွေးမှတစ်ဆင့် ဓာတ်အား ထုတ်ယူနေဆဲဖြစ်ကြောင်း သူတို့ သိထား၏။

ယခု တဖန်ထပ်၍ June Cement Industry Limited ကပါ ယင်းသို့ လုပ်ဆောင်ရန်ရှိနေကြောင်း သူတို့ သိရပြန်သော် အမျိုးမျိုး ဝေဖန် မှတ်ချက်ပြုကြသည်၊ ငြူစူကြသည်။

June ကုမ္ပဏီ၏ အစီအစဉ်ကို ဇွန်လလယ်က ပျားတောင်ဒေသ မယ်ကရိုကျေးရွာတွင် ကျင်းပခဲ့သော အခမ်းအနားတစ်ရပ်တွင် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးထံမှ သူတို့ ကြားသိရခြင်းဟု ဆို၏။ အခမ်းအနားမှာ ယင်းဒေသ ကော့ပနောကျေးရွာအနီး အကောင်အထည်ဖော်မည့် ဘိလပ်မြေစက်ရုံစီမံကိန်းအတွက် ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်းလုပ်ဆောင်ရန် အများပြည်သူသဘောထားရယူသည့်အခမ်းအနားဖြစ်သည်။

စက်ရုံအတွက် အသုံးပြုမည့် လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်၍ ဒေသခံတို့က အခမ်းအနားတွင် မေးမြန်းလာမှုအပေါ် အဆိုပါကုမ္ပဏီ၏ စီမံကိန်းဒါရိုက်တာ ဦးတင်ဦးက ဖြေဆိုခဲ့သည်။

လျှပ်စစ်ဓာတ်အားအတွက်ကျောက်မီးသွေးစွမ်းအင်ကို ကုမ္ပဏီက သုံးမည်၊အစိုးရထံ တင်ပြထားသည်။

“မေးမှပဲ သိရတော့တယ်”ဟု ပျားတောင်ဒေသ လူမှုဖွံ့ဖြိုးရေးအဖွဲ့ မယ်ကရိုကျေးရွာ ကိုယ်စားလှယ် နိုင်ရွှေဝင်းကပြောသည်။ ယင်းအစီအစဉ်မှာ ပွင့်လင်းမြင်သာမှု မရှိဟုလည်း ဒေသခံတို့က ဝေဖန်၏။

Advertisements

ပျားတောင်ဒေသ

ဒေသတွင် ကော့ပနော၊ ကော့ဒွန်း၊ကတုံစိ၊ မယ်ကရို၊ ကွမ်ငန်း၊ နှိတုံ စသည့် ကျေးရွာများ ပါဝင်ကြောင်း ပျားတောင်ဒေသ လူမှုဖွံ့ဖြိုးရေးအဖွဲ့မယ်ကရိုကျေးရွာ ကိုယ်စားလှယ်၊ ကျိုက်မရောမြို့နယ် မွန်စာပေနှင့်  ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ နိုင်ထွန်းကြည်က ဟင်္သာကို ပြောပြသည်။

ဘိလပ်မြေ ကုန်ကြမ်းအတွက် ပျားတောင်မှ ထုံးကျောက် ထုတ်ယူခွင့်ကို MCL နှင့် June ကုမ္ပဏီတို့ရရှိထားသည်ဟု ပျားတောင်ဒေသခံတို့က သိထားသည်။မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုချက်ရရှိထားသည့် Juneကုမ္ပဏီအနေဖြင့် အမေရိကန် ဒေါ်လာ၄၇၁ သန်း ရင်းနှီးမြှုပ်နှံကာ တစ်နေ့လျှင် ဘိလပ်မြေ တန်ချိန် ငါးထောင်ထုတ်လုပ်သွားရန် ရှိနေကြောင်း ပြောပြကြသည်။

၂၀၁၅ ခုနှစ်တွင် MCL က ဘိလပ်မြေစက်ရုံအတွက် လျှပ်စစ်ဓာတ်အားကိုကျောက်မီးသွေးစွမ်းအင်မှတစ်ဆင့်ရယူ လည်ပတ်မည်ဟု အသံထွက်လာကြောင်း၊ ယင်းအပြင် လူထုအဖွဲ့အစည်းများကလည်းကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံများကြောင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များအကြောင်းကို ဒေသခံတို့ထံ အသိပေးရှင်းပြခဲ့သဖြင့် ကျောက်မီးသွေး၏ ဆိုးကျိုးသက်ရောက်လာနိုင်ခြေကို သတိမူစိုးရိမ်လာကြကြောင်း၊ နောင်လာမည့် သားစဉ်မြေးဆက်တိုင် ရင်ဆိုင်ကြုံတွေ့ရနိုင်သည့် ဆိုးကျိုးကို ကြောက်ရွံ့ထိတ်လန့်ခဲ့ကြကြောင်း ပျားတောင်
ဒေသတွင် ကျောင်းဆရာအဖြစ် နှစ်ပေါင်း ၄၀ ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည့် အသက်၇၀ အရွယ် န  ိုင်ထွန်းကြည်ထံမှ သိရသည်။

စက်ရုံကြောင့် စာပေ၊ ယဉ်ကျေးမှု၊ဗုဒ္ဓဘာသာဆိုင်ရာ အမွေအနှစ်၊ တောင်များ၊ ဂူများ၊ မြစ်ချောင်းများ၊ ရော်ဘာခြံများ၊ စပါးစိုက် လယ်ယာ၊ နယ်မြေခံကျေးရွာများ ယိုယွင်းပျက်စီးသွားနိုင်သည်ဟု ဒေသခံတို့က သုံးသပ်ထားသည်။

ဒေသခံ ရဟန်းရှင်လူများက ဒေသအတွက် စိုးရိမ်စိတ်ဖြင့် ပျားတောင်ဒေသ ရေမြေသယံဇာတ ကြွယ်ဝမှု စစ်တမ်းနှင့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံမှ ထိခိုက်မှုများ အစီအရင်ခံစာကို တစ်နှစ်ခွဲကြာ ပြုစုလျက်၂၀၁၈ နိုဝင်ဘာတွင် ထုတ်ဝေခဲ့ဖူးကြောင်း နိုင်ထွန်းကြည်က ပြောပြ၏။

အတ္ထရံမြစ်ကြောင်းတစ်လျှောက် သံလွင်မြစ်ဝမှသည် MCL စက်ရုံ တည်ရာ နှိတုံကျေးရွာအထိ ကမ်းနံဘေးတွင် တံငါလုပ်ငန်းကို အဓိကထားမိရိုးဖလာ လုပ်ကိုင်သူများရှိနေကြောင်းကျိုက်မရောမြို့နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်သင်းဦးက ပြောပြသည်။

မြစ်ကြောင်းတွင် စုန်ဆန် ခုတ်မောင်းသွားလာနေသော ကျောက်မီးသွေးတင် သင်္ဘောများ၊ ဘိလပ်မြေတင် ရေယာဉ်များကြောင့် ဒေသခံရေလုပ်သားများ၏ အသက်မွေးဝမ်းကျောင်းနှင့် လူမှုဘဝကို ထိခိုက်မှုများရှိနေကြောင်း ၎င်းက ပြောသည်။

ငါးအပါအဝင် ရေသယံဇာတ ယုတ်လျော့ကျဆင်းလာသည့်အပြင် ငါးဖမ်းပိုက်အပါအဝင် လုပ်ငန်းခွင် ထိခိုက်နစ်နာမှုများလည်း ကြုံတွေ့ရကြောင်း၊ ကမ်းပြိုခြင်းနှင့် ကမ်းနားသစ်ပင်များ ပျက်စီးခြင်း အပါအဝင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများလည်း ကြုံတွေ့ရကြောင်း ဒေသခံတို့က
ဆို၏။

၂၀၁၀ နှောင်းပိုင်း June ကုမ္ပဏီ စတင် ဝင်ရောက်လာချိန်တွင် ပျားတောင်ဝန်းကျင် လယ်သမားများအနေဖြင့်် ကုမ္ပဏီက ပေးသည့် နစ်နာကြေးအနည်းငယ်ကို လက်ခံရယူပြီး လယ်ယာကို ထိုးအပ်ခဲ့ရကြောင်း ဒေသခံတို့ကဆို၏၊ လယ်ယာရယူချိန်မှ ၂၀၁၄ အတွင်းလုပ်ငန်းဖော်ဆောင်မှု အထူးတလည် မရှိကြောင်း သိရသည်။

၂၀၁၅ တွင်မူ လယ်ယာမြေပေါ်အဆောက်အဦ ဆောက်လုပ်ခြင်း၊ မြောင်းဖောက် သဲဖို့ အပင်ရှင်းခြင်းများဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် ဒေသခံတို့ကို စိုးရိမ်မှု မြင့်တက်စေသည်ဆို၏။

ဒေသခံတို့ စိုးရိမ်ပူပန်မှုနှင့် တောင်းဆိုခဲ့သည်များ

စစ်အစိုးရ အလွန် သမ္မတ ဦးသိန်းစိန်လက်ထက်တွင် လယ်သမားများက ၎င်းတို့လယ်မြေ ပြန်ရရေးအတွက် အသနားခံတင်ပြတောင်းဆိုမှုများ၊ ကုမ္ပဏီကို ကန့်ကွက်မှုများ အကြိမ်ကြိမ်ပြုခဲ့ကြောင်း ဒေသခံတို့ကဆို၏။

NLD အစိုးရလက်ထက် ၂၀၁၆ဇူလိုင်တွင် စီမံကိန်း ရပ်တန့်ပေးရန်နှင့် လယ်ယာမြေ ပြန်ရရန် မူလလယ်ရှင်တို့က စာတင်ခဲ့ကြောင်း၊ ၂၀၁၇ ဧပြီတွင်ကွင်းဆင်းစိစစ်ပေးပါရန် ပြည်နယ်လွှတ်တော်သို့ တင်ပြခဲ့ကြောင်းသိရသည်။

၂၀၁၈ နိုဝင်ဘာတွင် ဒေသခံတို့ လိုလားတောင်းဆိုချက်များ ယခုလိုရှိခဲ့၏။

ကုမ္ပဏီများအနေဖြင့် ဒေသခံများအပေါ်တွင် ပွင့်လင်းမြင်သာမှုရှိစေရေးဖိအားပေးရန် ဒေသခံတို့က ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရသို့ တောင်းဆိုထားသည်။ စီမံကိန်း ဆက်လုပ်ရန်သင့်မသင့်ကို စစ်ဆေးလေ့လာရန်လည်း တောင်းဆိုထားခဲ့သည်။

ပြည်နယ်လွှတ်တော်သို့လည်း June ကုမ္ပဏီနှင့်ပတ်သက်ပြီး ကွင်းဆင်းလေ့လာပေးရန်၊ ဒေသခံလူထုနှင့် ပူးပေါင်းပြီး ကုမ္ပဏီကို လေ့လာစိစစ်ရန် တောင်းဆိုခဲ့သည်။MCL သို့ တောင်းဆိုသည်မှာ ကျောက်မိုင်းခွဲမှုကို လျှော့ချရန်၊ ဥပုသ်နေ့တွင် မိုင်းဖောက်ခြင်းမပြုရန်၊ ကြေ
ညာချက်အတိုင်း အတိအကျ လိုက်နာရန်၊ ကုန်းကြောင်း ရေကြောင်း ခရီးတွင် ဒေသခံတို့ကို ဦးစားပေးရန်၊ ကျောက်မီးသွေးအစားထိုး လောင်စာတစ်မျိုးမျိုး သုံးရန်တို့ဖြစ်သည်။

“ဥပုသ်နေ့ မိုင်းမခွဲဖို့ တောင်းဆိုချက်ကို ရခဲ့ပြီးပြီ”ဟု ဒေသခံ နိုင်ရွှေဝင်းက ဟင်္သာကို ၂၀၁၉ ဇွန်လကုန်ပိုင်းတွင် ပြောသည်။

June သို့ တောင်းဆိုသည်မှာ ကုမ္ပဏီ လုပ်ငန်းစဉ်ကို ရှင်းလင်းစွာ ချပြရန်၊ စီမံကိန်းကြောင့် ရှေးဟောင်းအမွေအနှစ်များကို မထိခိုက်စေရန်၊ စီမံကိန်းကို မဖော်ဆောင်နိုင်ပါက ပေးထားသည့် ကတိအတိုင်း လယ်ယာမြေများကို ပြန်လည်ပေးအပ်ရန်တို့ဖြစ်သည်။
ယင်းမှာ ဒေသခံတို့၏ ၂၀၁၈ နှောင်းပိုင်းက တောင်းဆိုချက်များ ဖြစ်ကြောင်း လေ့လာသိရှိရသည်။

လုပ်ထုံးလုပ်နည်း မချော်စေဖို့ လို

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားဖြင့် လည်ပတ်မည်ဆိုခြင်းနှင့် ပတ်သက်၍ ကုမ္ပဏီဘက်ကမူ ခွင့်ပြုမိန့် မရရှိသေး၍ တစ်စုံတစ်ရာ ပြောဆိုရန်မရှိသေးကြောင်း သိရှိရသည်။

June ကုမ္ပဏီ စီမံကိန်းဒါရိုက်တာ ဦးတင်ဦးက “ကျွန်တော် အဲဒီ(ဇွန်လလယ်၊ မယ်ကရိုရွာ အခမ်းအနား)မှာ ဖြေထားတာပဲ ရှိပါသေးတယ်၊ ဘာမှ အတိအကျ ပြောလို့မရသေးပါဘူး”ဟု ဖုန်းမှတစ်ဆင့် ဟင်္သာ၏ ဆက်သွယ်မေးမြန်းချက်အပေါ် ဖြေကြားသည်။စက်ရုံဆောက်လုပ်ရန်
လတ်တလောလျာထားချက်မှာ မယ်ကရိုဂူအနီးတွင် ဖြစ်ကြောင်း သိရသည်။

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားဖြင့် စက်ရုံလည်ပတ်ခြင်းနှင့် ပတ်သက်၍ မွန်ပြည်နယ်လွှတ်တော်တွင်လည်း မေးခွန်းမေးမြန်းရန် အစီအစဉ်ရှိနေကြောင်း လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးထံမှ သိရသည်။

၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းထားသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေ၊ ၂၀၁၅ တွင် ထွက်ပေါ်လာသည့် ပတ်ဝန်းကျင်ထိခိုက်မှု လေ့လာသုံးသပ်ရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း လွှတ်တော် ဒု ဥက္ကဋ္ဌက သုံးသပ်သည်။

“လုပ်ထုံးလုပ်နည်းအရဆိုရင် ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတစ်ခုက ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းနဲ့ ပတ်သက်ပြီးတော့ တတိယပါတီ၊ သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုခုကို ငှားရမယ်၊ အဲဒီအဖွဲ့အစည်းကလည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနကို တင်ပြပြီးတော့မှ၊ ဌာနကခွင့်ပြုမှသာလျှင်ဆောင်ရွက်ဖို့လိုတယ်။EIA , SIA (ပတ်ဝန်းကျင်နှင့် လူမှုဘဝထိခိုက်မှုဆိုင်ရာ လေ့လာဆန်းစစ်ခြင်းအစီအရင်ခံစာများ) ရေးဖို့ လိုအပ်တယ်၊ ရေးတဲ့အချိန်မှာလည်း လူထုရဲ့ကြားထဲမှာ ဝင်ပြီးတော့ လေ့လာသုံးသပ်မှုတွေ လုပ်ရမယ်၊ လူထုရဲ့သဘောထားယူရမယ်။ တကယ် ထိခိုက်မှု ဘာရှိလဲဆိုတာကို ဘက်မလိုက်တမ်း ရေးရမယ်၊ အဲဒီ အစီအရင်ခံစာကို ဦးစီးဌာနကို ပြန်တင်ပေးရမယ်၊ ဦးစီးဌာနကလည်း ဒါ ကိုက်ညီမှု မရှိဘူး၊ သဘော သဘာဝအရ ယုတ္တိယုတ္တာမရှိဘူးဆိုရင် ထပ်ပြီးတော့ ပြင်ဆင်ရေးရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တွေ အကုန်ရှိတယ်၊ ရေးပြီးရင်လည်း ဦးစီးဌာနကလူထုနဲ့ တွေ့ဆုံပြီးတော့ ဒါတွေ တကယ်ပဲ ဟုတ် မဟုတ် ဆိုတာ ပြန်လည်ပြီးတော့ ချပြ၊ ဆွေးနွေးပွဲတွေလုပ်ရမယ်၊ အဲဒီ လုပ်ထုံးလုပ်နည်းထဲမှာ ပါပြီးသား” ဟူ၍ သူက အကျယ်တဝင့် ပြောပြသည်။

ယင်းနောက် တစ်ဆက်တည်းတွင် ဒေါက်တာ အောင်နိုင်ဦးက“EIA ,SIA လုပ်မယ်ဆိုရင် တတိယ အဖွဲ့အစည်းပဲ လုပ်ရမယ်၊ အစိုးရအဖွဲ့တွေ၊ ဝန်ကြီးတွေနဲ့ ဘာမှ မဆိုင်ဘူး၊ ကိုယ်စားလှယ်တွေလည်း မဆိုင်ဘူး၊ ဦးစီးဌာနနဲ့လည်း မဆိုင်ဘူး၊ ကုမ္ပဏီလည်း မဆိုင်ဘူး၊ တတိယပါတီ တစ်ခုက သွားပြီးတော့ လေ့လာဆန်းစစ်မှုတွေလုပ်ရမှာ ဖြစ်တယ်။ လူထုကို ချပြရမယ်၊ လူထုဆီက သဘောထားတွေ ရယူရမယ်၊ ရေ မြေ လေ ဆန်းစစ်လေ့လာမှုတွေ အကုန်လုပ်ရမယ်” ဟုဆို၏။

June ကုမ္ပဏီက ယခု ဇွန်လလယ်တွင် မယ်ကရိုကျေးရွာ၌ ပြုလုပ်သည့် ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်း လုပ်ဆောင်ရန် အများပြည်သူ သဘောထားရယူသည့် အခမ်းအနားတွင် အစိုးရဝန်ကြီးများ၊ နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်နေကြောင်း ၊ ယင်းကို နားမလည်ကြောင်းလွှတ်တော် ဒုဥက္ကဋ္ဌက ပြောသည်။    “လုပ်ထုံးလုပ်နည်း ရှိတယ်၊ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဖို့လိုတယ်၊ မရှင်းမရှင်းနဲ့ ဘောင်ကျော်တာတွေ၊ လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့၊ရှုပ်ထွေးတဲ့ဟာမျိုးတွေ လုပ်နေတာထက်ကို ပိုပြီးတော့ စနစ်ကျတဲ့ ၊ လုပ်ထုံးလုပ်နည်းနဲ့ ညီတဲ့ ဟာမျိုး အစိုးရအဖွဲ့ဘက်ရော သက်ဆိုင်ရာဦးစီးဌာနကရော Guide Line ချပြီးတော့ ဆောင်ရွက်ဖို့ သင့်တယ်၊ အဲဒါဆိုရင်လူထုက ကျောက်မီးသွေး လိုလားလား၊မလိုလားဘူးလား ဆိုတာ အဖြေထွက်လာမယ်၊ အဲဒီအဖြေအပေါ်မှာ ဘာလုပ်ဖို့ လိုလဲဆိုတာ ဘက်မလိုက်တမ်း ဆောင်ရွက်ဖို့ လိုတယ်”ဟု ဒေါက်တာအောင်နိုင်ဦးက သုံးသပ်မှတ်ချက်ပြုလိုက်သည် ။      ။

မြတ်သွင်ဦး

Advertisements

Leave a Reply