သက္ကမိုးညိုဖမ်းခံရသည့်နေ့

259
အာမခံနှင့် ပြန်လည်လွတ်လာသော သက္ကမိုးညို ပျဉ်းမနားရဲစခန်းရှေ့တွင် မီဒီယာများကို ဖြေကြားနေစဉ်

ဗစ်တိုးရီးယား အတွက် တရားမျှတမှုရရေး လှုပ်ရှားမှုနှင့်ပတ်သက်ပြီး Myanmar Now နှင့်တွေ့ဆုံရန်အလာ လမ်းတွင် သက္ကမိုးညိုအကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်းကို ရဲက ခေါ်ဆောင်သွားခြင်းဖြစ်သည်။

သက္ကမိုးညို နှင့် Myanmar Now သတင်းထောက်များသည် နေပြည်တော်၏ လူစည်ကားရာ သပြေကုန်းဈေးမှ လဘက်ရည်ဆိုင်တစ်ခုတွင် ယနေ့(ဇူလိုင်လ ၁၀)နံနက် ၈ နာရီ တွေ့ဆုံကြရန် ယမန်နေ့ညပိုင်းကတည်းက ချိန်းဆိုထားကြခြင်းဖြစ်သည်။

အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးဖြစ်သည့် သက္ကမိုးညို (ဒေါက်တာဝင်းကိုကိုသိန်း)က သူတစ်နေကုန် ရုံးမသွားဘဲ ခွင့်ယူမည်ဖြစ်သောကြောင့် ယနေ့တွေ့ဆုံမှုတွင် အချိန်အတော်ကြာ ဆွေးနွေးကြရန်လည်း သဘောတူခဲ့ကြသည်။

အသက် ၄၃ နှစ်အရွယ် သက္ကမိုးညိုသည် အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ စာသင်ကျောင်းမှ မူကြိုကလေးငယ် ဗစ်တိုးရီးယား မတော်မတရား ပြုကျင့်ခံရမှုကို အဆက်မပြတ် ရေးသားဖော်ပြနေသူလည်း ဖြစ်သည်။ 

ယင်းကြောင့် သူ နှင့် Myanmar Now တို့သည် အဆိုပါအဖြစ်အပျက်အတွက် တွေ့ဆုံမေးမြန်းရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။

နံနက် ၈ နာရီ၊ သပြေကုန်းဈေးသို့ Myanmar Now သတင်းထောက်များ ရောက်ရှိချိန် သက္ကမိုးညိုနှင့် သတင်းထောက်များဖုန်းဖြင့် အဆက်အသွယ်ရခဲ့ကြသည်။

၂၂ စက္ကန့် ကြာမြင့်ခဲ့ကြသည့် အဆိုပါဖုန်းပြောဆိုမှုအတွင်း ချိန်းဆိုရာနေရာသို့ ၁၅ မိနစ်ခန့် နောက်ကျပြီးမှ လာရောက်မည်ဟုသက္ကမိုးညိုကဆိုသည်။ အကြောင်းက သူ၏နေအိမ်တွင် လုံခြုံရေးကင်မရာ CCTV တပ်ဆင်ရန် သွားရောက် စုံစမ်းနေကြောင်းလည်း Myanmar Now သတင်းထောက်များကို ပြောသည်။ သို့သော်မည်သည့်နေရာ ဆိုသည်ကိုတော့ သူက ထုတ်မပြော။

ယမန်နေ့ ( ဇူလိုင် ၉ ရက်) နေ့ကတော့ သူ၏နေအိမ်သို့ လူစိမ်း ၂ ဦး လာရောက်ခဲ့ကြောင်း သက္ကမိုးညိုက သူ၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။ ယင်းအတွက် လုံခြုံရေးကင်မရာ တပ်ဆင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

“ရတယ်။ ကျွန်တော်က ရိုးရိုးသားသား အလုပ်လုပ်နေတာ။ နစ်နာသူဘက်က ရပ်တည်နေတာ။ မိသားစုကိုတော့ လာမထိနဲ့နော်” ဟု လူစိမ်း ၂ ဦး လာရောက်ခဲ့ခြင်းနှင့်ပတ်သက်ပြီး သက္ကမိုးညိုက ရေးသားခဲ့သည်။

၈ နာရီ ၁၃ မိနစ်ခန့်တွင် သက္ကမိုးညို နှင့် Myanmar Now သတင်းထောက်များ နောက်တစ်ကြိမ် အဆက်အသွယ်ရခဲ့သည်။

  “CCTV ကင်မရာ တစ်ခါတည်း အပြီးဝယ်မည်ဖြစ်သောကြောင့် အချိန်အနည်းငယ် ထပ်မံ စောင့်ဆိုင်းပေးရန်” သက္ကမိုးညိုက တယ်လီဖုန်းမှတဆင့် ယဉ်ကျေးစွာ ခွင့်တောင်းခဲ့သည်။

အဆိုပါ ဖုန်းခေါ်ဆိုမှုပြီးနောက် သက္ကမိုးညို နှင့် Myanmar Now တို့ အဆက်အသွယ်မရတော့။

နံနက် ၉ နာရီခွဲတွင် နောက်ထပ်ဖုန်းခေါ်ဆိုမှု ၁ ခု Myanmar Now ဘက်က လက်ခံရရှိခဲ့သည်။ တွေ့ဆုံမေးမြန်းခန်းလုပ်မည့် သက္ကမိုးညို မလာနိုင်တော့ဟု ဖုန်းခေါ်ဆိုသူကဆိုသည်။ ရဲက သူ့အား ခေါ်ဆောင်သွားကြောင်းလည်း သက္ကမိုးညို၏မိတ်ဆွေဟု မိတ်ဆက်သည့် တစ်ဘက်မှ အသံရှင်က ဆိုသည်။

ယင်းသတင်းရရခြင်း Myanmar Now သတင်းထောက်များက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) ရဲစခန်းသို့ အရောက်သွားသော်လည်း လက်နက်ကိုင်ရဲအချို့က ဂိတ်ဝကိုပိတ်ထားပြီး စခန်းတွင်းဝင်ထွက်ခွင့်ကို တားမြစ်ထားသည်။ရဲတပ်ဖွဲ့ဝင်အချို့ပင် စခန်းတွင်းဝင်ခွင့်မရဘဲ ဂိတ်ပေါက်ဝတွင် စောင့်ဆိုင်းနေရသည်။

ရဲစခန်းရှေ့တွင်တော့ လူသိများသည့် အဆိုတော်လင်းလင်းကို တွေ့ရပြီး သူနှင့် အခြားမိတ်ဆွေတစ်ဦးတို့ သက္ကမိုးညို၏သတင်းကို စောင့်ဆိုင်းလျက်ရှိသည်။

နံနက် ၁၀ နာရီခန့်တွင်တော့ ရဲစခန်းအတွင်းမှ ရဲအရာရှိများပါသည့် ရဲကားတစ်စီး မောင်းထွက်သွားခဲ့ပြီးနောက် လုံခြုံရေးများလည်း ဖယ်ရှားလိုက်သည်။

နောက်ဆုံးရသည့်သတင်းက ဇမ္ဗူသီရိ အမှတ် (၁) ရဲစခန်းတွင် သက္ကမိုးညို ရှိမနေတော့ဘဲ ပျဉ်းမနားရဲစခန်းသို့ ခေါ်ဆောင်သွားသည်ဟု သတင်းရပြန်သည်။ ဇမ္ဗူသီရိစခန်းရဲကတော့ ရဲတပ်ဖွဲ့က သက္ကမိုးညိုအား ထိန်းသိမ်း စစ်ဆေးနေကြောင်းသာပြောပြီး အသေးစိတ်ထုတ်မပြောခဲ့။

အစောပိုင်းတွင် သက္ကမိုးညိုသည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ ဖြင့် စစ်ဆေးခံနေရကြောင်း Myanmar Now က သဘောပေါက်ခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းသတင်းမှာ အမှားဖြစ်နေသည်။ ရဲက သူ့အား အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၄-ဃ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

၂၀၀၄ ခုနှစ်က စတင်ပြဌာန်းခဲ့သည့် စစ်အစိုးရလက်ထက် နာမည်ကြီး ဥပဒေတစ်ခုဖြစ်သည့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေဖြင့် သက္ကမိုးညိုကို အမှုဖွင့်ခဲ့ခြင်း ဖြစ်ပြီး ယင်းပုဒ်မ ၃၄-ဃ တွင် အဖွဲ့အစည်းတစ်ခုခုသို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန်ဖြစ်စေ၊ ဂုဏ်သိက္ခာ ကျဆင်းစေရန်ဖြစ်စေ၊ သတင်းအချက်အလက်ကို အီလက်ထရောနစ်နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်းသို့မဟုတ် ပြောင်းလဲခြင်း၊ ထိုသို့ပြုလုပ်ခြင်း၊ ပြုပြင်ခြင်းသို့မဟုတ် ပြောင်လဲခြင်းပြုလုပ်ထားသည့် အချက်အလက်ကို ဖြန့်ချိခြင်း ဟူ၍ ဖော်ပြထားသည်။

ယင်းဥပဒေတွင် ပြဌာန်းထားသည့် ပြစ်ဒဏ်များမှာ မြင့်မားသည့်အတွက် ၂၀၁၄ ခုနှစ်တွင် ပြင်ဆင်ခဲ့ပြီး ယင်းပြင်ဆင်ချက်အရ သက္ကမိုးညိုကို အမှုဖွင့်ထားသည့် ပုဒ်မ ၃၄ ၏ ပြစ်ဒဏ်မှာ ငွေဒဏ်သာ ကျခံရမည်ဖြစ်ပြီး ငွေဒဏ် ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ အထိ ချမှတ်နိုင်ပြီး ငွေဒဏ် မပေးဆောင်ပါက ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိ ချမှတ်နိုင်မည်ဖြစ်သည်။

သက္ကမိုးညိုကို ၃ နာရီခန့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ပျဉ်းမနားရဲစခန်းက သူ့အား ကျပ်သိန်း ၁၀၀ တန် အာမခံဖြင့်ပြန်လွှတ်ပေးလိုက်သည်။

အုပ်ချုပ်ရေးမြို့တော် နေပြည်တော်မှ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရသော ဗစ်တိုးရီးယားနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာ Facebookပေါ်မှာ သက္ကမိုးညိုရေးသားမှုများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသောကြောင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ညွှန်ကြားချက်ဖြင့် တရားစွဲဆိုရခြင်းဖြစ်သည်ဟု ပျဉ်းမနားမြို့မရဲစခန်းမှူး ဒုတိယရဲမှူး အောင်နိုင်ဦးက ပြောသည်။

“အသုံးအနှုန်းတွေက ရဲတပ်ဖွဲ့ကို သိက္ခာကျစေတဲ့အတွက်တရားစွဲဆိုတာပါ။ မှားတယ်၊ မှန်တယ်ဆိုတာ အဆင့်ဆင့် စစ်ဆေးဆောင်ရွက်ပြီးမှပဲ သိမှာပါ။ တရားစွဲဆိုတဲ့အချိန်မှာ တရားသူကြီးဆုံးဖြတ်ချက်နဲ့ပဲ စကားပြောကြမှာပါ။ သူရဲ့ အသုံးအနှုန်းတွေကရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို တိုက်ရိုက်ထိခိုက်စေတဲ့ အသုံအနှုန်းတွေပါ” ဟု အဆိုပါရဲအရာရှိက ဆိုသည်။

သို့သော် မည်သည့်အသုံးအနှုန်းများက မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကို ထိုက်ခိုက်စေသလဲဆိုသည်ကိုမူ ပြောပိုင်ခွင့်မရှိကြောင်း ရဲအရာရှိက ပြောသည်။

အမှုဖွင့်ခြင်းသည် သက္ကမိုးညို၏အရေးအသားများအနက် ဇူလိုင်လ ၄ ရက်၊ ၅ ရက်၊ ၆ ရက်က ရေးသားခဲ့သော အချက်များတွင် ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာ ကျဆင်းစေသည့် အချက်များ ပါဝင်၍ဟု ဆိုကြောင်း၊ Victoria လေး၏ဆေးစာပျောက်ဆုံးသည်ဟု ရေးသားခြင်း၊ CCTV မှတ်တမ်းကို ရယူရာတွင် ရဲက ဟာ့ဒစ် ဖြုတ်သိမ်းခြင်း မရှိဘဲ ဒေါင်းလုတ်ဆွဲသည် ဆိုသော ရေးသားချက်တို့နှင့် သက်ဆိုင်ကြောင်း သက္ကမိုးညိုထံမှ သိရသည်။

ရဲတပ်ဖွဲ့ဆောင်ရွက်ချက်တွင် သံသယ ဖြစ်ဖွယ် အချက်အလက်များ ရှိကြောင်း ရေးသားခြင်းသည် ရဲတပ်ဖွဲ့ကို ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟု တရားစွဲဆိုချက်တွင် ပါဝင်ပြီး ယင်းအပေါ် စွပ်စွဲခံရသူ သက္ကမိုးညိုက ပြည်သူတစ်ဦးအနေဖြင့် သံသယဖြစ်ခွင့် ရှိကြောင်း ဆိုသည်။

ရဲက အမှုဖွင့်ခြင်းက သူဦးဆောင်နေသည့် Victoria တရားမျှတရေးလှုပ်ရှားမှုအပေါ် တစုံတရာ ထိခိုက်နိုင်လား ဆိုသည့်သတင်းထောက်များ၏အမေးကိုတော့ သက္ကမိုးညိုက 

“အဲ့ဒီတော့ ကျွန်တော်က ဘာလုပ်ရမှာတုန်း။ အဲဒီတော့ ကျွန်တော်က ကြောက်ပြီး ထွက်ပြေးရမှာလား။ မလုပ်ပါဘူး။ ကျွန်တော် ဆက်သွားမှာပေါ့” ဟု တုန့်ပြန်ပြောဆိုသည်။

Advertisements

Leave a Reply