ရေဘေးကြောင့် ထိခိုက်မှုနည်းအောင်ဆောင်ရွက်နေဟု မွန်ပြည်နယ် ဝန်ကြီးချုပ်ပြော

မော်လမြိုင်၊ ဇူလိုင် ၁၀

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု မရှိရန် ကာကွယ်နိုင်ခြင်း မရှိသော်လည်း ထိခိုက်ဆုံးရှုံးမှု လျော့နည်းလာစေရန်ကိုသာ စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဇူလိုင်လ ၁၀ ရက်က ဘီးလင်းမြို့ရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး ကွပ်ကဲမှုရုံးတွင် သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

“မြစ်ကမ်းဘေးတွေမှာ နေထိုင်နေကြတဲ့ မိသားစုတွေကို မြင့်တဲ့နေရာမှာ ပြောင်းရွှေ့နေရာပေးဖို့ အစီအစဉ်တွေ လုပ်ပေးနေပါတယ်။ တနည်းအားဖြင့် ပြောရရင် ရေဘေးကြောင့် ထိခိုက်မှုတွေကို ပြတ်အောင်လို့တော့ မလုပ်နိုင်ဘူး။ ဒါပေမယ့် တစ်နှစ်ထက်တစ်နှစ် နည်းလာအောင်၊ ဥပမာ- ပြီးခဲ့တဲ့နှစ်က ရေဘေးကြောင့် ၁၀၀ ရာခိုင်နှုန်း ထိခိုက်ဆုံးရှုံးမှုရှိခဲ့ရင် ဒီနှစ်မှာဆိုရင် ၈၀ ရာခိုင်နှုန်း၊ နောက်နှစ်ဆိုရင် ၇၀ ရာခိုင်နှုန်း စသဖြင့် အနည်းဆုံးဖြစ်အောင် စီမံသွားမှာဖြစ်တယ်”ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

ယင်းကိစ္စနှင့် စပ်လျဉ်၍ သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းလာစေရေးအတွက် မြစ်ကမ်းဘေး နေထိုင်နေကြသည့် မိသားစုများအားလုံး နေရာပေးနိုင်စေရန် ဘီးလင်းမြို့ထဲရှိ လစ်လပ်နေသည့် မြို့မြေများကို နေထိုင်ရမည့်နေရာအဖြစ် စီမံသွားမည်ဖြစ်သည့်အပြင် စားဝတ်နေရေးအတွက်ကိုပါ စီစဉ်ပေးသွားမည်ဖြစ်ပြီး လာမည့်နှစ်တွင်လည်း သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုအတွက် စီမံချက်များကို သက်ဆိုင်ရာ ဋ္ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

Advertisements

လက်ရှိ ဘီးလင်းမြို့နယ်၏ သဘာဝဘေးအန္တရာယ်အခြေအနေနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအနေဖြင့် တိုက်ရိုက်စီမံဆောင်ရွက်ပေးနေပြီး ဘီးလင်းမြစ်ရေ ၉၅၀ စင်တီမီတာကို ရောက်လျှင် ဘီးလင်းမြစ်အ ထက်ပိုင်းရှိ ကျေးရွာအုပ်စု ၁၀ အုလ်စုကို ရိက္ခာများ ကြိုတင်ပေးထားသည့်အပြင် ယင်းကျေးရွာအုပ်များတွ င် ရေဘေးရှောင်စခန်းပြုလုပ်မည့်နေရာ၊ လှေများ၊ ကြိုးများ၊ လွှဖြတ်စက်များ၊ အသက်ကယ်အင်္ကျီများကိုပါ ကြိုတင်စီမံဆောင်ရွက်ပေးထားကာ ကယ်ဆောင်ရေးဆောင်ရွက်ပေးကြမည်သူများအတွက်လည်း အသက်ကယ်အင်္ကျီများ ပေးအပ်သွားရန် စီစဉ်ပေးထားကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ဇွန်လအတွင်းက ရေဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့သည့် အပြင် ဘီးလင်းမြို့နယ်အတွက် အစိုးရအဖွဲ့မှ စက်လှေ ၁၀ စီးထားရှိထားပြီး အရေးပေါ်ဖြစ်ပေါ်လာပါက အသုံးပြုနိုင်ရန်အတွက် မြို့နယ်အတွင်းရှိ လှေများကိုလည်း ချိတ်ဆက်ပေးထားကြောင်း ၎င်းက ဆိုသည်။

ဇူလိုင်လ ၉ ရက်မှာ ဘီးလင်းမြို့တွင် ဖွင့်လှစ်ပေးထားသည့် ရေဘေးရှောင်စခန်း ၅ ခုက ရေဘေးရှောင် ၇၀၀ ကျော်ကိုလည်း တစ်ပတ်စာရိက္ခာထောက်ပံ့ပေးထားပြီး လာမည့် ဇူလိုင်လ ၁၆ ရက်နှင့် ၁၇ ရက်တွင် ရေကြီးရက်များဖြစ်သည့်အတွက် ရေကြီးလာနိုင်သည်ကို မျှော်မှန်းထားကြောင်း ဘီးလင်းမြို့နယ် သဘာဝဘေးအန္တရာယ် ကွပ်ကဲရေးရုံးထံမှ သိရသည်။

လက်ရှိအခြေအနေ ဘီးလင်းမြစ်ရေစောင့်ကြည့်ပြီး ဆောင်ရွက်ထားချက်အရ ဘီးလင်းမြစ်ရေမှာ ဇူလိုင်လ ၁၀ ရက်နံနက် ၉ နာရီခွဲတိုင်းထွာချက်အရ ၉၆၃ စင်တီမီတာတွင် ရောက်ရှိနေပြီး ဘီးလင်းမြို့၏ စိုးရိမ်ရေအမှတ် ၁၀၂၂ စင်တီမီတာဖြစ်ကြောင်း ဘီးလင်းမြို့နယ် သဘာဝဘေးအန္တရာယ်ကွပ်ကဲရေးရုံးထံမှ သိရသည်။

ဇူလိုင်လ ၁၀ ရက် မွန်လွဲပိုင်းအချိန်ထိ ဘီးလင်းမြို့တွင် ရေဘေးရှောင်စခန်း ၅ ခုဖွင့်လှစ်ပေးထားပြီး ရေဘေးရှောင်ပြည်သူ ၇၄၃ ဦးရှိကြောင်းနှင့် ဘီးလင်းမြစ်ဘေးရှိ ခဲမောက်ကျေးရွာ(မူလတန်းလွန်ကျောင်း)၊ ဒုံသမိမြစ်ဘေးရှိ ကြိုးဝိုင်းကျေးရွာနှင့် ကမ်းနားကျေးရွာရှိ မူလတန်းကျောင်း ၂ ကျောင်း၊ ရွှေလှေကျေးရွာ မူလတန်းကျောင်းနှင့် ပျဉ်းမပင်ဆပ်ကျေးရွာ အထက်တန်းကျောင်းခွဲများအား ဇူလိုင်လ ၉ ရက်နေ့က စတင်ပိတ်ထားကြောင်း သိရသည်။

အောင်မြတ်

Advertisements
Advertisements

Leave a Reply