ဦးဝီရသူ ကျောင်းတိုက်နှင့် မြို့နယ်အုပ်ချုပ်ရေးရုံးတွင် တရားရုံးအမိန့်ကြော်ငြာစာကပ်

291

Myanmar Now

ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူကို ရက်ပေါင်း ၃၀ အတွင်းလာရောက် အဖမ်းခံဖြေရှင်းရန် တရားရုံးကြေညာချက်များကို မန္တလေး မဟာအောင်မြေမြို့နယ်ရှိ မစိုးရိမ်တိုက်သစ်တွင်းရှိ ဓမ္မသဟာယကျောင်းတိုက်နှင့် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးရုံးတို့တွင် ယနေ့နံနက်က ကပ်ထားပြီဖြစ်သည်။

မန္တလေး မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့နှင့် သာသနာရေးဦးစီးဌာနက အဆိုပါ တရားရုံး အကြောင်းကြားစာကို ဦးဝီရသူ သီတင်းသုံးရာ ကျောင်းတိုက်ရှေ့ ကြော်ငြာဘုတ်တွင် လာရောက်ကပ်ခဲ့ခြင်းဖြစ်ပြီး အချိန်အနည်းငယ်အကြာတွင် ယင်းစာရွက် မရှိတော့ကြောင်း တွေ့ရသည်။

ယင်းတရားရုံးကြေညာစာကို ယနေ့နံနက် ၇ နာရီ ခွဲခန့်တွင် ဓမ္မသဟာယ ကျောင်းတိုက်ရှေ့တွင် လာကပ်ခြင်းဖြစ်ပြီး Myanmar Now သတင်းထောက် ရောက်သွားချိန် နံနက် ၉ နာရီခန့်တွင် ယင်းစာရွက် မရှိတော့ပေ။

ကပ်ထားပြီး အချိန်အနည်းငယ်အတွင်း ယင်းကြေညာချက် မရှိတော့ခြင်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့သို့ မေးမြန်းရာတွင် “အဲဒါက တရားရုံးအပိုင်းပါခင်ဗျ၊ ကျွန်တော်တို့တာဝန်က သက်ဆိုင်ရာကျောင်းကိုသွားပြီး အမိန့်ကြော်ငြာစာကပ်ပေးပြီးပါပြီ”ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှရဲမှူးစိုင်းလှထူးကပြောသည်။

အဆိုပါအမိန့်ကြော်ငြာစာတွင် ဦးဝီရသူသည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-(က) နဲ့ငြိစွန်းသည်ဟု တရားရုံးကစစ်ဆေးပေါ်ပေါက်သဖြင့် တရားရုံးသို့ ဩဂုတ်လ ၉ ရက်နေ့နောက်ဆုံးထား လာရောက်ရန်ပါရှိသည်။

“ဝရမ်းမဟုတ်ပါဘူး၊ တရားရုံးကို လာရောက်ဖြေရှင်းဖို့ အမိန့်ကြော်ငြာစာကပ်တာပါ၊ ဝရမ်းဆိုတာက ဖမ်းဆီးဖို့အတွက်ပေးတာပါ၊ ဒါကသူ့ကို သက်ဆိုင်ရာတရားရုံးကို လာရောက်ဖြေရှင်းဖို့ အသိပေးတာပါ”ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုင်းလှထူးကပြောသည်။

ထွက်ပြေး တိမ်းရှောင်နေသည့်အတွက် ဦးဝီရသူ၏ မျက်ကွယ်တွင် တရားလိုပြသက်သေများကို စစ်ဆေးနေရာ ဇူလိုင်လ ၉ ရက် ရုံးချိန်းတွင် တရားလိုပြသက်သေ ၉ ဦးအနက် ကျန်ရှိသည့်ကျောက်တံတားမြို့နယ် ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်း၊ အမှတ်(၁) ရပ်ကွက် ရာအိမ်မှူး ဦးကျော်ကျော်သိန်း၊ အမှတ်(၂) ရပ်ကွက် ဆယ်အိမ်မှူး ဦးလှိုင်မျိုထွန်း သုံးဦးတို့ကိုစစ်ဆေးခဲ့သည်။

ဇူလိုင်လ ၂ ရက်နေ့က စစ်ဆေးခဲ့သည့် ရုံးချိန်းတွင် တရားလိုပြသက်သေ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝေနိုင်ကို စစ်ဆေးခဲ့ပြီး ၎င်းက ရဟန်းသံဃာများပြစ်မှုကြောင်းအရ ငြိစွန်းပါက ဥပဒေအတိုင်း အရေးယူနိုင်သည်ဟု နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ညွှန်ကြားလွှာနှင့် တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်မြို့တွင် ဟောပြောစဉ်ကရဟန်းတစ်ပါးအနေဖြင့် သင့်တော်မှုမရှိသည့် ရုန့်ရင်းကြမ်းတမ်းသော စကားဖြင့် ဟောပြောခြင်း၊ အမုန်းတရားပွားစေရန် လှုံ့ဆော်ဟောပြောခြင်းများ ဆောင်ရွက်၍ အစိုးရကိုအကြည်ညိုပျက်စေခဲ့သည်ဟု ဆိုကာ ဦးဝီရသူ၏မြိတ်မြို့တရားပွဲ ဗီဒီယိုမှတ်တမ်းကို တရားရုံးသို့ သက်သေတင်သွင်းခဲ့သည်။

ထွက်ပြေးတိမ်းရှောင်နေသော ဦးဝီရသူနှင့်ပတ်သက်ပြီး တရားလိုပြသက်သေ ၉ ဦးစလုံးကိုစစ်ဆေးပြီးစီးပြီဖြစ်၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈အရ အမိန့်ကြေညာချက် ထုတ်လိုက်ခြင်းဖြစ်ပြီး ဦးဝီရသူ နေထိုင်ခဲ့သော နေရာများတွင် တရားရုံးကြေညာချက်များ လိုက်ကပ်ခြင်းဖြစ်သည်။

Advertisements

Leave a Reply