“ ချစ်ခြင်းမုန်းခြင်းကင်းမဲ့စွာနဲ့ အပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ပြမှုတွေ ဆက်လုပ်သွားမယ်”

1281

မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးနှင့်တွေ့ဆုံခြင်း

ပြီးခဲ့သည့်လက ကျင်းပ ခဲ့သောလွှတ်တော်အစည်းအဝေးများ အတွင်း မွန်ပြည်နယ် လွှတ်တော်နှင့် အစိုးရအဖွဲ့ အကြား သဘောထားမတိုက်ဆိုင်မှုတွေ ကြောင့် ပွတ်တိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ ကြောင့် လက်ရှိလွှတ်တော် နှင့် အစိုးရကြား က ဆက်ဆံရေး အခြေအနေများ နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ နှင့် အပြန်အလှန်ထိန်းကျောင်း မှုများ ဖြစ်စဉ်များ အကြောင်း မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးကို မေးမြန်းထားချက်များ ကို တင်ပြလိုက်ရပါသည်။

ဟင်္သာမီဒီယာ ။ ။ လက်ရှိအခြေအနေမှာ မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ်လွှတ်တော်တွေက အားပြိုင်မှုတွေ ဖြစ်နေတယ်လို့ ပြောနေကြတယ်။ ဒီအပေါ်မှာ ဆရာရဲ့ထင်မြင်ယူဆချက်တွေကို ပြောပြပေးပါ။
ဒေါက်တာအောင်နိုင်ဦး ။ ။ ကနဦးအနေနဲ့ ကျွန်တော်ပြောချင်တာ လွှတ်တော်ဆိုတာ တာဝန်သုံး ရပ်ရှိပါတယ်။ အတိုချုပ်ပြောရင်ပေါ့နော်။ တစ်ချက်ကတော့ ဥပဒေပြုတာ၊ နောက်တစ်ခုက အစိုးရအဖွဲ့ကို စောင့်ကြည့်ထိန်းကျောင်းတာ၊ နောက်တစ်ခုက မဲဆန္ဒနယ်အလိုက် ကျွန်တော်တို့ ကိုယ်စားပြုခြင်းဆို တဲ့ဟာရှိမယ်။ အဓိကတော့ ကျွန်တော်တို့တာဝန်က ဒီသုံးရပ်ပဲ။ ကျွန်တော်တို့ပြည်နယ်အတွင်းမှာ အစိုးရအဖွဲ့ အနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ရမယ့် ဥပဒေတွေ ကျွန်တော်တို့ပြဋ္ဌာန်းထားတယ်။ ဒါက တစ်ပိုင်း၊ ဆိုတော့ ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့နဲ့ အစိုးရကြားမှာ အကြီးအကျယ်ပွတ် တိုက်မှုတွေတော့ မရှိပါဘူး။ သို့သော်လည်းပဲ အပြန်အလှန်ထိန်းကျောင်းမှုပေါ့။

အပြန်အလှန်ထိန်းကျောင်းမှုအရ ကြည့်တဲ့အခါ ကျတော့ တစ်ချို့အပိုင်းတွေတော့ အနည်းနဲ့အများတော့ ဘယ်နိုင်ငံမှာ မဆို၊ ဘယ်လွှတ်တော်မှာ မဆို၊ အစိုးရအဖွဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့ ဥပဒေပြုရေး လွှတ်တော်အဖွဲ့အစည်းနဲ့တော့ အနည်းနဲ့အများတော့ ပွတ်တိုက်မှုရှိတယ်လို့ ယူဆလို့ရတယ်။ ကျွန်တော်တို့မွန်ပြည်နယ်မှာလည်း ဒီဒုတိယသက်တမ်းမှာမဟုတ်ဘူး။ ပထမသက်တမ်းမှာလည်း အစိုးရအဖွဲ့နဲ့ ဒီဘက်လွှတ်တော်ကြားထဲမှာ အပြန်အလှန်ဆွေးနွေးငြင်းခုံ၊ ထိန်းကျောင်း တည့်မတ်တောတွေ ရှိတဲ့အခါကျတော့ ဒီပွတ်တိုက်မှုတွေက ရှိတယ်လို့ ယူဆရင် ယူဆလို့ရ သလို ဒါသည် ကျွန်တော်တို့ လွှတ်တော်ရဲ့ လုပ်ငန်းအစဉ်အလာအရ မေးခွန်းတွေ မေးမြန်းတာ၊ အဆိုတွေနဲ့တိုက်တွန်းတာ အစီရင်ခံစာတွေနဲ့ ထောက်ပြဆွေးနွေးတာ၊ ရှိတဲ့အတွက် ဒီအပေါ်မှာ အမျိုးမျိုး ရှိတယ်လို့ ကျွန်တော်ပြောချင်တယ်။

ဟင်္သာမီဒီယာ ။ ။ အရင်အစိုးရသက်တမ်းနဲ့ အခုလက်ရှိအစိုးရသက်တမ်း သုံးနှစ်ကျော်ကာလ အတွင်းမှာ ကွာခြားမှုဘာတွေရှိလဲ ဆရာအနေနဲ့ ဘယ်လိုမြင်လဲ။
ဒေါက်တာအောင်နိုင်ဦး ။ ။ အရင်အစိုးရသက်တမ်းမှာ ဘာပဲပြောပြော ပထမသက်တမ်းမှာ ပြည်နယ် အစိုးရအဖွဲ့တွေ ပြည်နယ်လွှတ်တော်တွေ ကနဦးအနေနဲ့ လမ်းစလျှောက်တတ် ခါစအနေအထားမျိုးနဲ့ ကျွန်တော်တို့ လျှောက်ရတယ်။ ပြောချင်တာက ပြည်နယ်အစိုးရအဖွဲ့အနေနဲ့လည်း အဖွဲ့အစည်းအနေနဲ့ စပြီးပေါ်လာတဲ့အလျှောက် ပြည်နယ်လွှတ်တော်ကလည်း တိုင်းဒေသကြီးအဆင့် ပြည်နယ်လွှတ်တော်တွေ ပေါ်လာတဲ့အခါကျတော့ ကိုယ့်ရဲ့ တာဝန်လုပ်ပိုင်ခွင့်တွေ ကိုယ့်ရဲ့ဆောင်ရွက်ရမယ့် ကိစ္စဝိစ္စတွေ တခါတလေလမ်းထွင်ပြီး လျှောက်ရတာမျိုးရှိတော့ တစ်ချို့နေရာတွေကျတော့ အားနည်းမှုတွေ ရှိမယ်။ တစ်ချို့နေရာကျတော့လည်း စွန့်ဦးတည်ထွင်မှုပုံစံမျိုးနဲ့ အုတ်မြစ်အခြေခံကောင်းတွေ ချပေးနိုင်ခဲ့ တဲ့ဟာတွေလည်း ရှိတယ်။

ဒီဘက်သက်တမ်းကျတော့ ဘာပဲပြောပြော အားသာချက်တစ်ချက်က အရင်သက်တမ်းရဲ့လုပ်ပုံကိုင်ပုံ လွှတ်တော်ရဲ့သဘောသဘာဝအရ ကျင့်ဝတ်၊ စည်းကမ်း၊ ဆောင်ရွက်ချက်အနေအထားအားလုံး အရင်သက် တမ်းရဲ့ အခြေခံအုတ်မြစ်တွေကို ကျွန်တော်တို့က ရယူပြီးတော့ ဆက်ပြီးတော့ ပိုမိုကောင်းမွန်အောင် ပိုပြီးတော့ တောင့်တင်းခိုင်မာအောင် ကျွန်တော်တို့ဆက်ပြီးတော့ တည်ဆောက်တယ်။ အစိုးရအဖွဲ့ကလည်း ဘာပဲပြော ပြော အရင်အစိုးရရဲ့ဆောင်ရွက်ပုံစနစ်တွေ လည်ပတ်ပုံတွေ စီမံခန့်ခွဲပုံတွေ ကျွန်တော်တို့က အများကြီး ပုံနာမူနာတွေ အခြေခံကောင်းတွေ ရယူပြီးမှ တည်ဆောက်ပြီး လုပ်သွားတဲ့အခါကျတော့ ဒီဘက်သက်တမ်းမှာ တစ်နည်းအားဖြင့်ပြောရင် Institution ပေါ့နော်၊ ပြည်နယ်အဆင့်အဖွဲ့အစည်းအနေနဲ့ ပိုပြီးတော့ ခိုင်မာအားကောင်းဖို့ ပိုပြီးတော့ လည်ပတ်နိုင်မှုတွေ ရှိခဲ့တယ်လို့ ကျွန်တော်ယူဆတယ်။

ဟင်္သာမီဒီယာ။ ။ ပြည်နယ်အစိုးရနဲ့ လွှတ်တော်ကြားမှာ အမြင်မတူလို့ ပူးပေါင်းဆောင်ရွက် မှုအပိုင်း အားနည်းနေတယ်လို့ ပြောနေတာတွေ ရှိတယ် အဲဒီအပေါ်မှာ ဆရာအနေနဲ့ ဘာများပြောချင်လဲ။
ဒေါက်တာအောင်နိုင်ဦး။ ။ ကျွန်တော်တို့ လွှတ်တော်နဲ့ အစိုးရဆိုတာ အမြဲတမ်း တစ်ထပ်တည်း၊ တစ်တန်းတည်း အမြင်တစ်ခုတည်းဖြစ်နေတာမျိုးကတော့ အမြဲတမ်းမရှိနိုင်ဘူး။ ကျွန်တော်တို့ ကိစ္စတစ်ခုပေါ်မှာ အစိုးရအဖွဲ့က မြင်တိုင်းမြင်တိုင်း ကျွန်တော်တို့လွှတ်တော်က မြင်တဲ့အမြင်ကတော့ အဖွဲ့အစည်းနှစ်ခုကြားမှာ ရှိမယ်။ နောက်တစ်ခုကလည်း ပါတီအချင်းချင်းအလိုက် သဘောထားကွဲလွဲမှုတွေ ရှိတယ်။ ဥပမာအားဖြင့် လွှတ်တော် ထဲရောက်လာရင်တော့ သူ့သက်ဆိုင်ရာ Background နောက်ခံပါတီ တွေရဲ့ ချမှတ်တဲ့ မူဝါဒအပေါ်မှာ အခြေခံပြီးတော့ သဘောထားကွဲလာတာလည်း ရှိတယ်။ ဒါမှမဟုတ်ရင် တစ်ဦးချင်းလည်း သဘောထားကွဲတာလည်း ရှိတယ်။ အဲဒီတော့ ပါတီတစ်ခုတည်းမှာပဲဖြစ်ဖြစ်၊ အစိုးရတစ်ခုတည်းမှာပဲဖြစ်ဖြစ်၊ လွှတ်တော်အဖွဲ့အစည်းတစ်ခုတည်းမှာပဲဖြစ်ဖြစ်၊ တစ်ဦးချင်းလည်း သဘောထားကွဲနိုင်တယ်။

အဲဒီသဘော ထားကွဲလွဲမှုပေါ်မှာ ဝေဖန်တာတွေ ထောက်ပြတာတွေ ငြင်းခုံတာတွေ ကိုယ့်ရဲ့ခံယူချက်ကို ပိုပြီးတော့ ခိုင်မာအောင် အတည်ဖြစ်အောင် ဆွေးနွေးငြင်းခုံတာတွေကတော့ ဒါက လွှတ်တောထဲမှာ သဘောသဘာဝပဲ။ အဲဒါကြောင့် အခုမြင်နေကြတဲ့ ဒီလွှတ်တော်နဲ့ ဒီအစိုးရနဲ့ အားပြိုင်မှုလိုမျိုး ဒါမှမဟုတ်ရင် အပြန်အလှန် ဆွေးနွေးငြင်းခုံမှုတွေ ရုတ်တရက်ကြည့်လိုက်ရင် ဒါတွေက မညီညွတ်မှုကို ဖော်ပြသလို စည်းလုံးညီညွတ်မှုကို ပျက်ပြားတယ်ဆိုတဲ့ အမြင်တွေ မြင်ကောင်းမြင်မယ်။ အမှန်တကယ်ကတော့ ကျွန်တော်တို့က ကိစ္စတစ်ခုေ ပါ်မှာ အကြေအလဲဆွေးနွေး ငြင်းခုံတယ်ဆိုတာ ဒီမိုကရေစီရဲ့ကျင့်ဝတ်ပါပဲ။ ကျင့်စဉ်ပါပဲ။ အဲဒါကြောင့်မို့လို့ ကျွန်တော်အမြင်အနေနဲ့ ဒါတွေက ကျွန်တော်တို့အတွက် အထူးအဆန်းမဟုတ်ဘူးလို့ ကျွန်တော်ယူဆတယ်။

ဟင်္သာမီဒီယာ ။ ။ လက်ရှိပြည်နယ်အစိုးရသုံးနှစ်ကျော်ကာလအတွင်းမှာ ဒေသဖွံ့ဖြိုးရေးတွေကအစ အကောင်အထည်ဖော်မှုတွေ ဆရာအနေနဲ့ ဘယ်လိုသုံးသပ်လဲ။
ဒေါက်တာအောင်နိုင်ဦး ။ ။ ဒီဘက်သက်တမ်းမှာကျတော့ သိတဲ့အတိုင်းပေါ့နော်၊ အရင်သက်တမ်းနဲ့ မတူတဲ့အခါကျတော့ ဝန်ကြီးချုပ်အပြောင်းအလဲတွေ ဝန်ကြီးအပြောင်းအလဲတွေ ဒီဘက်မှာ များလာတာပေါ့။ ဟိုဘက်သက်တမ်းမှာကျတော့ ဝန်ကြီးချုပ်က တစ်ယောက်တည်း၊ အစိုးရအဖွဲ့ဝန်ကြီးတွေကလည်း ဖြစ်တယ် ဘာညာဆိုတာကလည်း အရင်သက်တမ်းက မရှိသလောက်ပဲ။ ဆုံးသွားလို့တစ်ယောက်လဲလိုက်ရတာက ပထမသက်တမ်းမှာ၊ ဒီဘက်သက်တမ်းမှာကျတော့ အစမှာက ဒီ ၂၀၁၇ မှာ တစ်ယောက်လဲလိုက်တယ်။ -ဝန်ကြီးချုပ် နောက်တစ်ယောက်ပြန်တက်လာတယ်။ ဝန်ကြီးတွေအနေနဲ့လည်း ဒီအတိုင်းပဲ၊ ပထမတော့ ဟိုတယောက် ဋ္ဌာနတစ်ခုကို ကိုင်တယ်။ နောက်အဲဒီလူက တစ်ခြားလူလွှဲတယ်။ ခဏနေကျတော့ ဝန်ကြီးက အနားယူတယ်။ နောက်ပြီးတော့ ဝန်ကြီးအသစ်တွေ ပြန်ရွေးတယ်။ အခုချိန်ထိပေါ့နော်။ နောက်ထပ် ဝန်ကြီးဋ္ဌာနတစ်ခုအသစ်တိုးချဲ့မယ်ဆိုတဲ့ဟာမျိုးလည်း ရှိနေတယ်။

ပြောချင်တာ ဒီဘက်မှာတော့ အခုချိန်ထိက အဲလိုမျိုးပေါ့ ကျွန်တော်တို့ရဲ့အခြေအနေ အကြောင်းကြောင့်ကြောင့် ဒီလိုမျိုးဖြစ်လာတဲ့အခါကျတော့ အစိုးရ အဖွဲ့က အဲဒီလူပြောင်းတဲ့ပြဿနာတွေကြောင့် ဘာပဲပြောပြော အုပ်ချုပ်မှုယန္တရားက အားနည်းချက်တွေ ဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီလိုမျိုး ကျွန်တော်ယူဆတယ်။ အဲဒါက တစ်ချက်ပါ။ နောက်တစ်ချက်တော့ အတွေ့အကြုံပိုင်း၊ ပထမသက်တမ်းမှာ ဘာပဲပြောပြောသူတို့ကတော့ စစ်တပ်အုပ်ချုပ်ရေးကာလကတည်းက ရလာတဲ့အတွေ့အကြုံတွေရှိတယ်ဆိုတော့ ဘာပဲပြောပြော သူတို့တွေက အုပ်ချုပ်ရေးကို နိုင်နိုင်နင်းနင်းနဲ့ အုပ်ချုပ်နိုင်တယ်။ အမြင်တွေရှိတယ်။ အုပ်ချုပ်နိုင်တယ်။ ဒီဘက်မှာတော့ ပြောရရင်တော့ NLD ကတော့ သမိုင်းတစ်လျှောက်လုံးမှာ ဒီတစ်ကြိမ်က စပြီးတော့ မဲတွေ အပြတ်သတ်နဲ့နိုင်ပြီးတော့ အစိုးရဖွဲ့လာ တဲ့အခါကျတော့ သူတို့အတွက်ကတော့ လုံဝအုပ်ချုပ်ရေး အတွေ့အကြုံကတော့ အစိမ်းသက်သက် ပဲဖြစ်နေမယ်။ အဲဒီအတွက်ကတော့ ဘာပဲပြောပြော သူတို့ရဲ့မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေ ရှိကောင်း ရှိနိုင်မှာပဲ။ တစ်ချို့နေရာမှာလည်း စီမံအုပ်ချုပ်အပိုင်းဆိုင်ရာအရ အတွေ့အကြုံအရ အားနည်းချက်တွေ ရှိကောင်းရှိ နိုင်တယ်။

ဒါတွေကတော့ ကျွန်တော်တို့ တွေ့မြင်နေရတဲ့ဟာမျိုးတွေ ရှိတယ်။ သို့သော်လည်းပဲ အဲဒီအား နည်းချက်တွေကို ကျွန်တော်တို့ လွှတ်တော်အနေနဲ့ကျတော့ ပိုပြီးတော့ ကိုယ့်ရဲ့ပြည်နယ်အကျိုး ကိုယ့်ရဲ့ ပြည်နယ် အုပ်ချုပ်မှုယန္တရားအားကောင်းလာအောင် ကျွန်တော်တို့က ပူးပေါင်းပါဝင် ထောက်ပြတာတွေ အပြုသဘောပူးပေါင်းဆောင်ရွက်တာတွေ ကျွန်တော်တို့ ဆက်ပြီးတော့ လုပ်သွားရတာပေါ့နော်။ သို့သော်လည်းပဲ ဟိုဘက်သက်တမ်းနဲ့ ဒီဘက်သက်တမ်းက ဘယ်သူက ပိုပြီးတော့ အားသာလည်း ဘယ်သူက ပိုပြီးတော့ အားကောင်းလည်း ဆိုတာကတော့ ပြည်သူလူထုကတော့ ပိုပြီးတော့ သိမြင်လိမ့်မယ်လို့ ကျွန်တော်ယူဆတယ်။

င်္သာမီဒီယာ။ ။ လွှတ်တော်ကိုယ်စားလှယ်တွေက အစိုးရအဖွဲ့ရဲ့လုပ်ဆောင်ချက်တွေမှာ ဝင်ရောက်စွက်ဖက်လုပ်ကိုင်နေတာတွေ ရှိတယ်လို့ ဝေဖန်မှုတစ်ချို့ရှိတယ်။ ဒီအပေါ်မှာ ဆရာအနေနဲ့ ဘာများရှင်းပြချင်တာတွေ ရှိလဲ။
ဒေါက်တာအောင်နိုင်ဦး။ ။ ကျွန်တော်တို့ လွှတ်တော်အဖွဲ့အစည်းအနေနဲ့ အစိုးရအဖွဲ့ရဲ့အုပ်ချုပ်မှုကို သွားပြီးတော့ ဝင်ရောက်စွက်ဖက်တယ်ဆိုတဲ့ပုံစံမျိုးတွေ ကျွန်တော်တို့ ဘယ်တော့မှ မလုပ်ခဲ့ဘူး။ အဲဒါတော့ ကျွန်တော်ငြင်းပါတယ်။ သို့သော်လည်းပဲ ကိုယ်စားလှယ်တစ်ဦးချင်းပေါ့နော်၊ တစ်ချို့ကိုယ်စား လှယ်တွေကတော့ ဝင်ပါရတာမျိုးတွေ ရှိတယ်။ တစ်ခါတစ်လေတော့ ဝင်ပါရတာထက် ဝင်လုပ်ရတာမျိုး တွေလည်း ရှိတယ်။ ဒါကတော့ ပြောရရင်တော့ အခြေအနေအကြောင်းကြောင်းကြောင့် ဖြစ်တယ်။ ကျွန်တော်ဥပမာတစ်ခုပြောမယ်။ လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းမှု ပြန်လည်လေ့လာသုံးသပ်ရေး ကော်မတီတို့လိုမျိုးဖွဲ့တဲ့အခါကျတော့ သူတို့ရဲ့ အစိုးရအဖွဲ့ရဲ့ လမ်းညွန်ချက် ကိုယ်တိုင်ကိုက နယ်မြေခံကိုယ်စားလှယ်တွေ ဝင်ပါရမယ်ဆိုတဲ့ပြဋ္ဌာန်းချက်တွေ ရှိတယ်။ ညွှန်ကြားချက်တွေ ရှိတယ်။

အဲဒါကြောင့်မို့လို့ သူတို့ရဲ့ အုပ်ချုပ်မှုယာန္တရားက ကျွန်တော်တို့ ကိုယ်စားလှယ်တွေ ဝင်ပါနေရတယ်။ အမှန်တကယ်တော့ ဒါကတော့ ဝင်မပါသင့်တဲ့ကိစ္စပဲ။ ဒါကိုလည်း MPU ကတစ်ဆင့် ဆွေးနွေးဖူးပါတယ်။ အဲဒါမျိုးဆိုရင်တော့ ပြောရင်တော့ ပြောလို့ရတာပေါ့ ကိုယ်စားလှယ်တွေက အုပ်ချုပ်ရေးယာန္တရားတွေထဲမှာ ဝင်ပါနေတဲ့ဆိုတဲ့ဟာမျိုးတွေ အဲဒါမျိုးတွေ ရှိကောင်း ရှိမယ်။ နောက်တစ်ခုကတော့ ဘတ်ဂျတ်ခွဲဝေရေးကိစ္စ ဘဏ္ဍာငွေခွဲဝေရေးကိစ္စကတော့ ဘာပဲပြောပြော ကိုယ်စားလှယ်တွေကတော့ သူ့နယ်မြေအလိုက်တော့ သူလည်းကတိကဝတ်ပြုထားတာ ဒါမှမဟုတ် သူ့ပြည်သူလူထုက တင်ပြတဲ့ တကယ်လိုအပ်တဲ့ လုပ်ငန်းတွေ အတွက်ကို ခွဲဝေရေးကိစ္စတွေမှာ သူလည်းဝင်ပါပြီးတော့ မြို့နယ်အဆင့်တွေမှာ ခရိုင်အဆင့်တွေမှာ ပူးပေါင်းပြီးတော့ မြို့နယ်၊ ခရိုင်ရဲ့ ဒေသန္တရဖွံ့ဖြိုးရေးစီမံကိန်းတွေ ဝင်ပြီးတော့ ဆွဲတဲ့အပိုင်းတွေမှာ ပါတယ်။ တကယ်တမ်း ဒေသန္တရစီမံကိန်းရေဆွဲရေးဆိုတာ အမှန်ကတော့ အစိုးရအဖွဲ့ရဲ့တာဝန်ပဲ။ သို့သော်လည်းပဲ ကိုယ်စားလှယ်တွေက ဝင်ပြီးတော့ လုပ်ပေးရတာမျိုးတွေ ရှိတယ်။

ဒါကတော့ စွက်ဖက်တယ်လို့ပြောရင် စွက်ဖက်တယ်လို့ ပြောလို့ရတယ်။ သို့သော်လည်းပဲ ဒီဟာတွေက သက်ဆိုင်ရာဋ္ဌာနတွေကိုယ်တိုင်ကိုက ဖိတ်ခေါ်ပြီးဆွဲရတာမျိုး ရှိတာကို၊ ဒါကတစ်ချက်ရှိမယ်။ နောက်တစ်ချက်က ကျွန်တော်ဥပမာတစ်ခုပေးမယ်။ ယ ထ က ဥပဒေက ကျွန်တော်တို့က ဥပဒေပြုလိုက်တဲ့ဋ္ဌာနပဲ။ ဒီဥပဒေကို အကောင်အထည်ဖော်ရမှာက အစိုးရအဖွဲ့ရဲ့တာဝန် သူ့သက်ဆိုင်ရာဋ္ဌာနရဲ့တာဝန်၊ သက်ဆိုင်ရာ အဖွဲ့အစည်းရဲ့တာဝန်ပဲ။ သို့သော်လည်းပဲ အဲဒီဟာက ထင်သလောက် ခရီးမပေါက်တဲ့အခါကျတော့ ကျွန်တော်တို့ကနေပြီးတော့ ကြားနေညှိနှိုင်း ကူညီဖေးမရတာမျိုး ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာအားဖြင့် ကျွန်တော်တို့က ကေလာသ တောင်တို့လိုမျိုး၊ ကျောက်ဖိတောင်တို့လိုမျိုး၊ နွားလပို့တောင်တို့လိုမျိုး တောင်တက်မော် တော်ယာဉ် အသင်းတွေက တကယ့်ဒီဥပဒေထဲမှာ အကျုံးမဝင်ပဲနဲ့ သူတို့ဘာသာပြေးဆွဲနေတဲ့ပုံစံမျိုး ဖြစ်တယ်။ အဲဒါကို ကျွန်တော်တို့က ဒီမှာခေါ်ပြီးတော့ ညှိယူရတယ်။ ပြောရရင်တော့ ဒါတွေက ကျွန်တော်တို့ ဝင်စွက်ဖက်တာမဟုတ်ဘူး။

သူတို့တွေ ဒီဥပဒေတွေ ပိုမိုခိုင်မာအားကောင်းလာရေး အသက်ဝင်ရေးအတွက် သက်ဆိုင်ရာဋ္ဌာနတွေ သက်ဆိုင်ရာဝန်ကြီးတွေ ကျွန်တော်တို့ဖိတ်ပြီးတော့ ညှိနှိုင်းကူညီဖြေရှင်းမှုမျိုးတွေ ရှိတယ်ဆိုတော့ ခြုံလိုက်ရင် ဒီအစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်အရ ကျွန်တော်တို့ကိုယ်စားလှယ်တွေ ဝင်ပါရတာမျိုးတွေ ရှိသလို တစ်ချို့ကိစ္စရပ်တွေကတော့ တစ်ဦးချင်း နယ်မြေအခြေအနေအရ ပူးပေါင်းပါဝင်မှုရှုတောင့်အရ ပါဝင်ရတာမျိုးလည်း ရှိတယ်။ တစ်ချို့ကိစ္စရပ်တွေက ကျွန်တော်တို့ ဥပဒေပြုရေးကော် မတီတို့လိုမျိုးပေါ့နော်၊ ပူးပေါင်းပြီးတော့ လုပ်ရတာမျိုးလည်းရှိတယ်။ အဲဒီအပြင်ကို တစ်ချို့ပြောရရင်တော့ ကိုယ်စားလှယ်တစ်ဦးချင်းကလည်း သွားသွားပြီးတော့ အုပ်ချုပ်ရေးယန္တရား ဋ္ဌာနဆိုင်ရာအဖွဲ့အစည်း ညွှန်ကြားတာတွေ ဖိအားပေးတာတွေလည်းရှိကောင်း ရှိမယ်။ ကျွန်တော်ယူဆတယ်။ သို့သော်လည်းပဲ အဲဒီလိုမျိုးတွေ ကျွန်တော်တို့ဆီကို တိုင်တောပြီးတော့ ကူညီဖြေရှင်းပေးဖို့ တောင်းဆိုတာတွေ ဒီကနေ့အထိတော့ မရှိဘူး။

ပြောရရင်တော့ ဒါတွေက ကျွန်တော်တို့ ဝင်စွက်ဖက်တာမဟုတ်ဘူး။ သူတို့တွေ ဒီဥပဒေတွေ ပိုမိုခိုင်မာအားကောင်းလာရေး အသက်ဝင်ရေးအတွက် သက်ဆိုင်ရာဋ္ဌာနတွေ သက်ဆိုင်ရာဝန်ကြီးတွေ ကျွန်တော်တို့ဖိတ်ပြီးတော့ ညှိနှိုင်းကူညီဖြေရှင်းမှုမျိုးတွေ ရှိတယ်ဆိုတော့ ခြုံလိုက်ရင် ဒီအစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်အရ ကျွန်တော်တို့ကိုယ်စားလှယ်တွေ ဝင်ပါရတာမျိုးတွေ ရှိသလို တစ်ချို့ကိစ္စရပ်တွေကတော့ တစ်ဦးချင်း နယ်မြေအခြေအနေအရ ပူးပေါင်းပါဝင်မှုရှုတောင့်အရ ပါဝင်ရတာမျိုးလည်း ရှိတယ်။ တစ်ချို့ကိစ္စရပ်တွေက ကျွန်တော်တို့ ဥပဒေပြုရေးကော် မတီတို့လိုမျိုးပေါ့နော်၊ ပူးပေါင်းပြီးတော့ လုပ်ရတာမျိုးလည်းရှိတယ်။ အဲဒီအပြင်ကို တစ်ချို့ပြောရရင်တော့ ကိုယ်စားလှယ်တစ်ဦးချင်းကလည်း သွားသွားပြီးတော့ အုပ်ချုပ်ရေးယန္တရား ဋ္ဌာနဆိုင်ရာအဖွဲ့အစည်း ညွှန်ကြားတာတွေ ဖိအားပေးတာတွေလည်းရှိကောင်း ရှိမယ်။ ကျွန်တော်ယူဆတယ်။ သို့သော်လည်းပဲ အဲဒီလိုမျိုးတွေ ကျွန်တော်တို့ဆီကို တိုင်တောပြီးတော့ ကူညီဖြေရှင်းပေးဖို့ တောင်းဆိုတာတွေ ဒီကနေ့အထိတော့ မရှိဘူး။

ဟင်္သာမီဒီယာ။ ။ ၁၃ ကြိမ်မြောက်လွှတ်တော်အစည်းအဝေးပြီးတော့ အစိုးရအဖွဲ့တွေက လွှတ်တော်ကြား အငြင်းပွားစရာတွေပိုရှိလာခဲ့တယ်။လွှတ်တော်ထဲမှာ ပွင့်ပွင့်လင်းလင်း မဖြေကြားတာတွေ ရှိလာတယ်။ အဲဒီအပေါ်မှာ ဆရာဘာပြောချင်လဲ။
ဒေါက်တာအောင်နိုင်ဦး ။ ။ သူတို့တွေက အခုနောက်ပိုင်းမှာ တစ်ချို့မေးခွန်းတွေ မဖြေဘူးဆိုတဲ့ ဟာမျိုး တွေ စာအပြန်အလှန်ပေးပို့တာတွေ ရှိတယ်။ နောက်တစ်ခုက ဖြေမယ့်အဖြေတွေကိုလည်း ကျွန်တော် တို့ရုံး ကို ကြိုတင်ပြီးတော့ ပေးပို့ထားတာတော့ မရှိဘူး။ ဖြေပြီးတဲ့အချိန်ထိလည်း သူတို့က တပ်ပြီးတော့ ရုံးအဖွဲ့ကို မပေးပို့သွားဘူး။ မပေးသွားဘူး။ အဲဒါတွေ နဲနဲပြောင်းလဲလာတယ်။ ဒီဟာနဲ့ပတ် သက်ပြီးတော့ နည်းနည်းပြောရရင်တော့ မေးခွန်းတွေနဲ့ ပတ်သက်လာရင် ကိုယ်စားလှယ် တစ်ဦးချင်းက သူ့ရဲ့မေးခွန်းကို သူတာဝန်ယူရမယ်ဆိုတာ ဥပဒေပြဋ္ဌာန်းချက်မှာ ရှိပြီးသားပဲ။

အဲဒီအပြင်ကို ဒီမေးလိုက်တဲ့မေးခွန်းတိုင်းဟာ ကျွန်တော်တို့ လွှတ်တော်ဆိုင်ရာ ဥပဒေစည်းမျဉ်း စည်းကမ်း ကန့်သတ်ချက် တွေနဲ့ ညီမညီတာတွေကိုလည်း ရုံးအဖွဲ့ရော၊ ကျွန်တော်တို့ရော လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင်ရော စိစစ်ရတယ်။ တစ်ချို့မေးခွန်းဆိုရင် တစ်ခုလုံးကို ခွင့်မပြုတာလည်း ရှိတယ်။ ဒါမှမဟုတ်ရင် တစ်ချို့ သုံးနှုန်းလိုက်တဲ့စကား လုံးစာသားတွေကို မှားယွင်းသွားတယ်။ ထည့်သွင်းထားတယ်ဆိုရင်တော့ ကိုက်ညီမှုမရှိတဲ့ အဲဒီစကားလုံး စကားရပ်တွေက ကျွန်တော်တို့က ဖယ်ရှားလိုက်တယ်။ အဲဒီတော့ ပြောချင်တာက စည်းမျဉ်းစည်းကမ်းနဲ့ ကန့်သတ်ချက်နဲ့ အညီပဲ မေးခွန်းကို ခွင့်ပြုခဲ့တယ်။ မေးခွန်းသည် ဥပဒေအရ ၁၀ ရက်ကြိုတင်ပေးရမယ်ဆိုတာ ကိုယ်စားလှယ်တွေ အားလုံးက ၁၀ ရက် မတိုင်ခင်တော့ ပေးပို့တယ်။ အဲဒါကို လွှတ်တော်ဥက္ကဋ္ဌကနေပြီးတော့ အစိုးရအဖွဲ့ကို ပို့တယ်။ အစိုးရအဖွဲ့ကို ဘယ်နေ့ဘယ်ရက် နောက်မကျစေဘဲ ပေးပို့ရမယ့်ဟာက လွှတ်တော်ဥပဒေ ဆိုင်ရာမှာတော့ မပါဘူး။ သို့သော် ပေးပို့တဲ့အချိန်မှာ သူတို့ဘက်က ကြိုပြီးတော့ လေ့လာသုံးသပ်လို့ရအောင် လိုအပ်ရင် အချက်အလက်တွေ စုဆောင်းလို့ရအောင် ကောင်းစွာဖြေကြား လို့ရအောင်ဆိုပြီးတော့ ကျွန်တော်တို့ က ၉ ရက်လောက်ဆိုရင် ကျွန်တော်တို့ လက်ခံပြီးတာနဲ့ မှတ်တမ်း သွင်းပြီးတာနဲ့ ကျွန်တော်တို့က ဟိုဘက်ကို ပို့တယ်။

အဲဒီတော့ နောက်ပိုင်းမှာ ဘာဖြစ်လာလဲဆိုရင် သူတို့တွေက တစ်ချို့မေးခွန်းတွေ မဖြေနိုင်ပါဘူးဆိုပြီး တော့ စာပေးပို့လာတာတော့ ရှိတယ်။ ဒါကတော့ ဥပဒေကြောင်းအရ မြင်တာက ဒါက မဖြစ်သင့်တဲ့ကိစ္စ၊ ဘာကြောင့်လဲဆိုတော့ မေးခွန်းဆိုတာကတော့ တကယ့်စည်းမျဉ်း စည်းကမ်းနဲ့မကိုက်ညီဘူးဆိုရင် ကိုယ်ငြင်း ပယ်ပိုင်ခွင့်တော့ရှိတယ်။ ကိုက်လည်း ကိုက်ညီနေတယ်။ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့လည်း ကိုက်ညီတယ်။ ကန့်သတ်ချက်တွေနဲ့ လွတ်ကင်းတယ်။ တကယ့်ကျွန်တော်တို့ ပြောတဲ့ နိုင်ငံရဲ့ အကျိုးစီးပွားအဖြစ်အတွက်ရော တိုင်းရင်းသားအားလုံးအတွက်ရော ဒေသအကျိုးအတွက်ရော အကုန်လုံးရှိတယ်ဆိုရင် ကျွန်တော်တို့ ဖြေကို ဖြေရမှာပဲ။ အဲဒီဟာမျိုးတွေကျတော့ ကိုယ်က မဖြေနိုင်ဘူးဆိုတာကတော့ ဒါမျိုးတော့ မဖြစ်သင့်ဘူးလို့ ကျွန်တော်ယူဆတယ်။

နောက်တစ်ခုကတော့ တစ်ချို့ကိစ္စရပ်တွေကတော့ သူတို့ အကြောင်းပြချက်တွေက ပြည်ထောင်စုနဲ့ တိုင်ပင်ညှိနှိုင်းပြီးဖြေရမယ်ဆိုတဲ့ကိစ္စမျိုးတွေလည်း ရှိတယ်။ ဒါလည်းရတယ်။ ပြောချင်တာက တော့ မေးခွန်းကတော့ ပြည်နယ်အဆင့်နဲ့မတန်ဘူး ပြည်ထောင်စုအဆင့်နဲ့တန်တယ်ဆိုရင်လည်း သေချာ ထောက်ပြပြောဆိုပြီးတော့ အကြောင်းပြန်လို့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့က လေ့လာလိုက်တဲ့နေရာတွေမှာ မေးခွန်းတော်တော်များများအကုန်လုံးက ပြည်ထောင်စုကို မေးရမယ့်မေးခွန်းမဟုတ်ဘူး။ ပြည်နယ်အစိုးရအဖွဲ့နဲ့ သက်ဆိုင်တဲ့မေးခွန်းတွေကြီးပဲ မေးခဲ့ကြတယ်။ အဲဒီဒါလေးတစ်ခုတော့ ရှိပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဘက်က ပြောချင်တာကတော့ ဒီဘက်က မေးသမျှမေးခွန်းတွေအားလုံးက ဘောင်ဝင်ပြီးသားပဲ။ ဥပဒေနဲ့အညီပဲ မေးကြတယ်။ အဲဒါက ဥပဒေနဲ့အညီဖြေကြားရမှာက အစိုးရအဖွဲ့ရဲ့တာဝန်ပါပဲ။

ဟင်္သာမီဒီယာ။ ။ ဒီကြားထဲမှာ အစိုးရအဖွဲ့ဝင်တစ်ဦးနှုတ်ထွက်မယ်လို့ သတင်းတွေလည်း ထွက်ပေါ်လာ တာရှိတယ်။ အဲ့ဒီပေါ်မှာရော ဘယ်လိုမြင်လဲ။ အစိုးရအဖွဲ့ ရဲ့ အခြေအနေပေါ် ဘယ်လိုသုံးသပ်လဲ။
ဒေါက်တာအောင်နိုင်ဦး။ ။ ကျွန်တော်တို့က ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဘာမှ မပြောလိုဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ခါတစ်လေကျတော့ အပြင်မှာထွက်နေတဲ့ ကောလဟာလကို ကျွန်တော်တို့က အတည်ယူလို့မရဘူး။ ပြောရရင်တော့ သတင်းက ဘယ်ကနေထွက်လာမှန်းမသိ၊ ဒါကြီးကို အွန်းလိုင်းပေါ်မှာ Social Media ပေါ်မှာ ပြန့်တာမျိုးတော့ ရှိကောင်း ရှိမှာပေါ့။ သို့သော်လည်းပဲ ဒါကတော့ အတည်ယူလို့မရဘူး။ အတည်လည်း မှတ်ယူလို့မရဘူး။

သို့သော်လည်းပဲ ကျွန်တော်တစ်ခုမြင်တာက လူထုကတော့ စိတ်ဝင်စားမှုရှိ နေတာကိုတော့ ပေါ်လွင်နေတာပေါ့။ ဒါလည်း ကျွန်တော်မေးခဲ့တဲ့မေးခွန်းနဲ့ ဆက်စပ်ပြီးတော့မှ ဝန်ကြီးချုပ်နဲ့ ဒီစည်ပင်ဝန်ကြီးကို (၉) ယောက်ဦးဆောင်တဲ့အဖွဲ့ကနေပြီးတော့ အဂတိကော်မရှင်ထံ တိုင်ထားတာတွေ ဒါတွေက ကျွန်တော်တို့ တရားဝင်သိထားတာပေါ့။ အဲဒီအပေါ်မှာ လူထုတွေက စိတ်ဝင်စားမှုရှိတာကို ဒီအပေါ်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က ဘာလုပ်မှာလဲ၊ ပါတီဘက်က ဘာလုပ်မှာလဲဆိုတာက လူထုတွေကြား မှာ တော်တော်လေးစိတ်ဝင်စားကြီးနေတယ်ဆိုတာ ဒါငြင်းလို့မရဘူး။ နောက်တစ်ခုကလည်း ဝန်ကြီးချုပ်ပြော လိုက်တဲ့စကားကလည်း အကုန်လုံးနဲ့ပတ်သက်နေတာကို ဘာကြောင့်လဲဆိုတော့ ဒီတင်ဒါမခေါ်တဲ့ကိစ္စကို နိုင်ငံတော်အတိုင်ပင်ခံကပဲ ခွင့်ပြုထားပေးတဲ့သဘောမျိုးနဲ့ သူကဖြေလိုက်တဲ့အခါကျတော့ ပြည်ထောင်စုအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူကတောင်မှ ပြန်ပြီးတော့ ဖြေရှင်းရတဲ့ကိစ္စမျိုးတွေ ပါလာတယ်။

ပြောရရင် ဒါက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောတာမဟုတ်ဘူး။ ဝန်ကြီးချုပ်ကပဲ သူ့ဟာနဲ့သူ ပြောတာ သူ့ကိစ္စ သူတာဝန်ယူ ဖြေရှင်းရမယ်ဆိုတဲ့ဟာမျိုးတွေ ဖြေရှင်းထားတာလဲရှိတယ်။ နောက်တစ်ခုက ကျွန်တော်သိရ သလောက်လဲ NLD ပါတီဘက်က ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်တို့ကလည်း လူထုကို အဲဒီလိုမျိုးပြောတဲ့နေရာမှာ ကြားရတာပေါ့နော်။ ဝန်ကြီးချုပ်က တင်ဒါလုပ်ထုံးလုပ်နည်းနဲ့မညီရင် သူ့ကိစ္စ သူဖြေရှင်းရမှာပဲ။ အခုကလည်း အဂတိကော်မရှင်တိုင်ထားတာလည်း အဂတိကော်မရှင်ကနေ ချမှတ်တဲ့ဆုံး ဖြတ်ချက်ပေါ်မှာ မူတည်ပြီးမှ ပါတီကနေ အရေးယူဆောင်ရွက်မှုတွေ လုပ်သွားပါ့မယ်။ ဒါမျိုးလည်း တရားဝင် သတင်း ပေါ်လာတာမျိုးပေါ့။ ဆိုတော့ကာ ဒါတွေက ပြောရရင်တော့ လူထုကြားထဲမှာ စိတ်ဝင်စားမှုရှိတယ်။ ဒါငြင်းလို့မရဘူး။ စိတ်ဝင်စားမှုကိုပဲ အခြေခံပြီးတော့ လူတွေက ကောလဟာလဖြစ်လာတာလား။ ဒါမှမဟုတ်ရင် မမှန်သတင်းတွေ ဖြန့်ဝေတာလား။ ဘယ်လိုဖြစ်လာလဲဆိုတာတော့ ကျွန်တော်တော့ မသိဘူး။ ဒါပေမယ့် ကျွန်တော်သုံးသပ်တာက လူထုတွေ စိတ်ဝင်စားမှုရှိနေကြတယ်။

ဟင်္သာမီဒီယာ။ ။ လွှတ်တော်နဲ့ အစိုးရကြားမှာ အပြန်အလှန်ထိန်းကျောင်းတဲ့နေရာမှာ ဘယ်လိုပွတ်တိုင် မှုမျိုးတွေ ကြုံနေရလဲ ။ အစိုးရကို အခက်တွေ့စေတယ်လို့ ပြောနေတာမျိုးကြားရတယ်ပေါ့ ။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်လဲ
ဒေါက်တာအောင်နိုင်ဦး။ ။ ကျွန်တော်တို့က အခက်တွေ့စေတဲ့ မေးခွန်းတွေ မေးခဲ့ခြင်း မဟုတ်ဘူး။ တာဝန်ခံမှုပြည့်ဝ ဖို့အတွက် မေးတာပဲ။ ဒါကတော့ ရိုးရိုးရှင်းရှင်းလေးပဲ မေးခွန်းကတော့နော်။ အစိုးရဟာ ဘယ်အစိုးရဖြစ်ဖြစ် ဘယ်ဝန်ကြီးမဆိုပဲ ပြဋ္ဌာန်းထားတဲ့ ဥပဒေ လုပ်ထုံး လုပ်နည်း အမိန့် ညွှန်ကြားချက် စည်းမျဉ်း စည်းကမ်း အကုန်လုံး လိုက်နာရမှာပဲ။ တစ်ခုခုပေါ်မှာ သူလုပ်ထားတဲ့ကိစ္စသည် သူဘယ်လောက်အထိ တာဝန်ခံပြီးတော့ ဘယ်ဥပဒေ လုပ်ထုံး လုပ်နည်း အမိန့်ညွှန်ကြားချက်နဲ့ လုပ်သလဲဆိုတဲ့ဟာကိုပဲ ကျွန်တော်တို့က ထောက်ပြီး တော့ မေးရမှာကို၊ အဲဒီတော့ ဒီလိုမျိုးထောက်ပြီး မေးခြင်းအားဖြင့် ကျွန်တော်တို့က ဘယ်ဝန်ကြီးမဆို ဘယ်အုပ်ချုပ်ရေးအဖွဲ့အစည်းမဆို အမြဲတမ်းသူသည် ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်း စည်းကမ်း အမိန့် ညွှန်ကြားချက် ပေါ်မှာ အမြဲတမ်းခိုင်မာစွာရပ်တည်နိုင်ဖို့အတွက် သူက ကျွန်တော်တို့ မေးခွန်းမေးတယ်။ အဲဒါကြောင့်မို့ ဒီလိုမေးလိုက်တဲ့အခါမှာ ကိုယ်ကမှားနေရင်တော့ မတတ်နိုင်ဘူးပေါ့။ ကျွန်တော်တို့ကတော့ ဘယ်အလုပ်မဆို ဒီဥပဒေပြဋ္ဌာန်းချက်နဲ့အညီ ဖြစ်ရဲ့လား၊ လုပ်ထုံးလုပ်နည်းနဲ့အညီ ဖြစ်ရဲ့လားဆိုတဲ့ ဟာကတော့ ဘယ်ကိုယ်စားလှယ်မဆို မေးကြမှာပဲ။

ဒါတောင်မှပြောရရင်တော့ ကျွန်တော်တို့နိုင်ငံမှာ အတိုက်အခံဘာညာဆိုပြီးတော့ အဲဒီလို သတ်မှတ်ထားကြတာမျိုးတော့ မရှိဘူး။ ဒီပြင်နိုင်ငံမှာ ဆိုလို့ရှိရင် တကယ့်အတိုက်အခံခေါင်းဆောင်တွေ အတိုက်အခံအဖွဲ့အစည်းတွေ သတ်မှတ်ပြီးတော့ မေးကြတယ်။ ဒါက ကျွန်တော်တို့က ပြောရရင် ကိုယ့်ရဲ့ပါတီအစွဲလည်း မဟုတ်ဘူး။ လူပုဂ္ဂိုလ်အစွဲလည်း မဟုတ်ဘူး။ ကျွန်တော်တို့က အဖွဲ့အစည်းအရ လွှတ်တော်သည် အပြန်အလှန်ထိန်းကျောင်းမှုလုပ်ရမယ်ဆိုတဲ့ ကိုယ့်ထဲက ဘာမှ ချစ်ခြင်း မုန်းခြင်း ကင်းစွာနဲ့ မေးခွန်းထုတ်ခြင်းဖြစ်ပါတယ်။ မေးခွန်းထုတ်ကတည်းက သူတို့ကို အခက်အခဲအကြပ်အတည်းဖြစ်စေမယ့်ကိစ္စတော့ မဟုတ်ဘူး။ ဒါကို အမှန်တရားအတွက်ကို ကျွန်တော်တို့က အမှန်ကို အဖြေရှာခြင်းဖြစ်တယ်။ တနည်းအားဖြင့် ပြဿနာရှာတာမဟုတ်ဘူး အဖြေကို ရှာတာပဲ။

ဟင်္သာမီဒီယာ။ ။ ပြည်နယ်အစိုးရကို ဘယ်လိုမျိုးဆက်လက်ထိန်းကျောင်းသွားမလဲ။
ဒေါက်တာအောင်နိုင်ဦး။ ။ ဒီမိုကရေစီမှာက ဘယ်အစိုးရမဆို လွှတ်တော်ကိုတော့ သူတာဝန်ခံရမှာပဲ။ တနည်းအားဖြင့် လွှတ်တော်ကို တာဝန်ခံခြင်းဟာ သွယ်ဝှိုက်သောနည်းအားဖြင့် လူထုကို တာဝန်ခံတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်ဆိုတာ လူတန်စားအလွှာအသီးသီး၊ နယ်မြေအသီးသီး၊ ကိုယ်စားပြုပြီးတော့ ဒီနေရာမှာ ဆုံကြတယ်။ ဒီနေရာမှာ ဆုံပြီးတော့ လူထုက ရွေးချယ်တင်မြောက်ပြီးတော့ လူထုကိုယ်စား ကိုယ်စားလှယ်တွေက ဒီမှာဆုံ လာပြီးတော့မှ ဒီကနေပြီးတော့ အုပ်ချုပ်ရေးအဖွဲ့အစည်းကို ရွေးချယ်ဆောင်ရွက်စေခဲ့တာကို၊ အဲဒီတော့ တစ်နည်းအားဖြင့် အစိုးရဖြစ်တဲ့ပုဂ္ဂိုလ်တွေ အစိုးရအဖွဲ့ဝင်ဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေက လူထုကနေတစ်ဆင့် ရွေးချယ်တင်မြောက်ပြီးတော့မှ လွှတ်တော်ကနေမွေးဖွားသန့်စင်ပေးလိုက်တဲ့ အခါကျတော့ အနည်းဆုံးတော့ လွှတ်တော်ကို တာဝန်ခံဖို့လိုတယ်။

နောက်တစ်ခုကတော့ လူထုကို တာဝန်ခံဖို့ လိုတယ်။ ဒီတာဝန်ခံမှုအရ လွှတ်တော်က ဆက်ပြီးတော့ ပြောသင့်တာ ဆိုသင့်တာ ထောက်ပြသင့်တာကိုတော့ ကျွန်တော်တို့ ကနေပြီးတော့ ဆက်ပြီးတော့ ထောက်ပြ ပြောဆိုသွားရမှာပေါ့။ အဲဒီနေရာမှာ ပြောရရင် ကျွန်တော်တို့ဘက်က လိပ်ပြာသန့်တယ်။ ဘယ်သူဘယ်ဝါ ဘယ်ပုဂ္ဂိုလ် ထိခိုက်စေ နစ်နာစေ အခက်တွေ့စေ အကြပ်အတည်း ဖြစ်စေဆိုတဲ့ စိတ်မျိုးတော့ မရှိဘူး။ ကိုယ်သာလျှင် ဥပဒေနဲ့အညီလုပ်ထားတယ်ဆိုရင် ဘယ်သူမှ ဘယ်လွှတ်တော်မှ ကြောက်နေစရာမလိုဘူး။ ဘယ်ကိုယ်စားလှယ်ကိုမှလည်း အမုန်းအာဃာတ ထားနေစရာ မလိုဘူး။ ကိုယ်ဥပဒေမှာ ရပ်တည်နေသရွေ့တော့ ဘာမှစိုးရိမ်စရာမရှိပါဘူး။

အဲဒီတော့ လွှတ်တော်ဆိုဒ်အနေနဲ့ လွှတ်တော်ခိုင်မာအားကောင်းရေး၊ လူထုက ရွေးချယ်တင်မြောက်ပြီးတော့ လူထုက ပေးအပ်တဲ့တာဝန်ကို ကျွန်တောတို့ ရယူထမ်းဆောင်နေရတယ်။ လူထုကိုယ်စားလှယ်အနေနဲ့ ကိုယ့်ရဲ့တာဝန် တစ်ဖက်မှာလည်း ဒီလွှတ်တော်ကနေ မွေးဖွားသန့်စင်ပေးလိုက်တဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို ပိုပြီးတော့ ခိုင်မာအားကောင်းဖို့ ပိုပြီးတော့ ဥပဒေကို လေစားလိုက်နာဖို့ ပိုပြီးတော့ စနစ်တကျစီမံဆောင်ရွက် သန့်စင်ဖို့အတွက် လွှတ်တော်ကတော့ ဆက်ပြီးတော့ လွှတ်တော်အလုပ် လုပ်သွားရမှာပဲ။ အဲဒီတော့ ကိုယ်စားလှယ်အားလုံးကလည်း ဒီအပေါ်မှာ ချစ်ခြင်း မုန်းခြင်း ကင်းမဲ့စွာနဲ့ အပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ပြမှုတွေ ကျွန်တော်တို့ ဆက်ပြီးတော့လုပ်သွားမယ်လို့ ပြောလိုတယ်။ နောက်တစ်ခု ပူးပေါင်းဆောင်ရွက်မှုလည်း ကျွန်တော်တို့က လိုအပ်သလို လိုအပ်သလုမျိုး ပူးပေါင်းဆောင်ရွက်သွားမှာပဲ။

ဟင်္သာမီဒီယာ။ ။ ဆရာအနေနဲ့ ဖြည့်စွက်ပြောကြားချင်တာဘာများရှိသေးလဲ
ဒေါက်တာအောင်နိုင်ဦး ။ ။ ကျွန်တော်တို့ကတော့ လွှတ်တော်ရဲ့အလုပ်ကို ကျွန်တော်တို့ ဆက်လုပ်သွား မှာပဲ။ လွှတ်တော်ရဲ့အလုပ်လို့ပြောရင် ဥပဒေပြဋ္ဌာန်းရမှာပဲ။ ပြဋ္ဌာန်းတဲ့ဥပဒေတွေလည်း အသက်ဝင်ဖို့အတွက် ကျွန်တော်တို့ ဆက်ပြီးတော့ တိုက်တွန်းရမှာပဲ။ အဲဒီတော့ ပြဋ္ဌာန်းပြီးလို့ ဥပဒေက အကောင်အထည်မဖော်သေး ဘူးဆိုရင်တော့ ကျွန်တော်တို့က သက်ဆိုင်ရာဝန်ကြီးတွေကို ဖိအားပေးတာတွေ မေးခွန်းနဲ့ အသက်ဝင်စေရေး အတွက် တွန်းတွန်းတိုက်တိုက်လုပ်တာတွေ ဆက်လုပ်မှာပဲ။ ဥပမာအားဖြင့် စည်ပင်သာယာရေး ကော်မတီကိစ္စ ဆိုရင်လည်း လွှတ်တော်မှာ အကြေအလည် ကျွန်တော်တို့ တိုက်တွန်းတယ်။ ဒါက ဥပဒေနဲ့ ပတ်သက်တဲ့ဟာ၊ ဥပဒေပြုရေးသည် ဥပဒေပြဋ္ဌာန်းမယ်။ ဥပဒေသုံးသပ်မယ်၊ အသက်ဝင်အောင်တိုက်တွန်းမယ်။ ဒုတိယကတော့ စောင့်ကြည့်ထိန်းကျောင်းခြင်း အပြန်အလှန်ထိန်းကျောင်းခြင်း ဒါလည်း ကျွန်တော်တို့ လွှတ်တော်ရဲ့အလုပ်ပဲ။

အဲဒီတော့ လွှတ်တော်သည် စောင့်ကြည့် ထိန်းကျောင်းခြင်းနဲ့ အပြန်အလှန်ထိန်းကျောင်းခြင်း လုပ်တယ်ဆိုတာ ပိုပြီးတော့ အုပ်ချုပ်ရေးယန္တရားခိုင်မာအားကောင်းဖို့ နောက်ပြီးတော့ တာဝန်ယူတတ်တဲ့ တာဝန်ခံတတ်တဲ့၊ ဒီမိုကရက်တစ်အုပ်ချုပ်ရေးအဖွဲ့အစည်း ဖြစ်ပေါ်လာဖို့ ဒါကို ကျွန်တော်တို့ တွန်းအားပေးခြင်းဖြစ်ပါတယ်။ အဲဒီအတွက်ကို ကျွန်တော်တို့ ဆက်ပြီးတော့ လုပ်သွားမှာပဲ။ အဲဒီလိုလုပ်တဲ့အခါမှာ ကျွန်တော်တို့အပေါ်မှာ အမြင်မကြည်မှုတွေ ရှိမယ်။ ဒီထက်ပိုရင်လည်း ပိုမှာပေါ့ဗျာ၊ သို့သော်လည်းပဲ ကျွန်တော်တို့ဘက်က ကတိခံဝန်ပေးနိုင်တာက ကျွန်တော်တို့သည် ဘယ်သူဘယ်ဝါမှ ချစ်ခြင်း မုန်းခြင်း အညှိုးအတေးထားခြင်း အကြပ်အတည်းတွေ့အောင် မေးခွန်တွေထုတ်နေတာ ဖိအားပေးခြင်းမဟုတ်ဘူး။ ဒီလွှတ်တော်ရဲ့ သဘောသဘာဝနဲ့ ပြဋ္ဌာန်းထားတဲ့ဥပဒေတွေ နောက်ပြီးတော့ ဒီမိုကရက်တစ် ဒီမိုကရေစီရဲ့ယဉ်ကျေးမှု အနှစ်သာရတွေ ပေါ်လွင်ထင်ရှားအောင် လူထုအတွက်ကို ကျွန်တော်တို့က ရပ်တည်ပြီးတော့ လူထုရဲ့ကိုယ်စား ဒီလွှတ်တော်က ဆောင်ရွက်နေခြင်းဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့က ဒီမိုကရေစီရဲ့အနှစ်သာရတွေ ဒီမိုကရေစီရဲ့ကျင့်စဉ်တွေ ပိုပြီးတော့ ထွန်းကားစေရေးအတွက် လွှတ်တော်ရဲ့အလုပ်ကို ကျွန်တော်တို့က ဆက်ပြီးတော့ လုပ်သွားပါ့မယ်။

အောင်မြတ်

Advertisements

Leave a Reply