“ကိုယ် ကိုယ်တိုင် ထွက်စာ မတင်ထားဘူးဆိုတာကိုပဲ ပြောလို့ရပါတယ်”

830

မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်နှင့်တွေ့ဆုံခြင်း

ပြီးခဲ့သည့်ဇွန်လ က မွန်ပြည်နယ် အစိုးရအဖွဲ့ကို အောင်သပြေ – နှစ်ကရင်လမ်းပိုင်း တင်ဒါမခေါ်ပဲ လုပ်ဆောင်ခဲ့သည့် ကစ္စရပ်များ နှင့်ပတ်သက်ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီး တစ်ဦးကို အဂတိ လိုက်စားမှုကော်မရှင်ထံ တိုင်ကြားထားသည်။ ထို့အပြင် တိုင်ကြားခံရ သူနောက်ထပ်တစ်ဦးဖြစ်သည့် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် မှာ ယခုသတင်းပတ်အတွင်း နှုတ်ထွက်စာ တင်ထားကြောင်း သတင်းများထွက်ပေါ်နေသည် အဆိုပါ ကိစ္စရပ်များ နှင့်ပတ်သက်ပြီး ဦးမင်းကျော်လွင် ကို ဟင်္သာမီဒီယာက တွေ့ဆုံမေးမြန်းထား သည်များကို ထုတ်နှုတ် တင်ပြလိုက်ရသည်။

ဟင်္သာမီဒီယာ။ ။ အခု အပတ်အတွင်းမှာပဲ ဝန်ကြီးအနေနဲ့ နှုတ်ထွက် စာတင်ထားတယ်လို့ သတင်းတွေ ထွက် ပေါ်ခဲ့တယ်။ ပြီးတော့ ပါတီကလည်း အရေးယူတယ်ဆိုပြီး ကောလဟာလ ထွက်ပေါ်ခဲ့တာ တွေရှိတယ် ။ အဲ့ဒါ ကိစ္စ တွေနဲ့ပတ်သက်ပြီးရှင်းပြပေးပါဦး။
ဦးမင်းကျော်လွင်။ ။ အဲ့ဒါတော့ပြောစရာမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထက် ကပေးအပ်တဲ့ တာဝန်တွေ ဆောင်ရွက်စရာ အများကြီကျန်သေးတဲ့အတွက် ကိုယ်ကိုယ်တိုင်နှုတ်ထွက်စာ မတင်ထားဘူးဆိုတာကိုပဲ ပြောလို့ရပါတယ်။ ကျန်တာကတော့ကိုယ့်အနေနဲ့ ရှင်းပြစရာတွေ မရှိပါဘူး။

ဟင်္သာမီဒီယာ။ ။ အဲ့လိုမျိုးတွေ ဖြစ်နေတဲ့ အခြေအနေမှာ ပြည်နယ် အစိုးရအဖွဲ့ အနေနဲ့ဘယ်လို အခက်အခဲမျိုးတွေရှိနေလဲ။
ဦးမင်းကျော်လွင်။ ။ အခက်အခဲရင်ဆိုင်နေရတာက လူတွေရဲ့ အရင်ရင်အစွဲတွေ မပျောက်သေးတဲ့နေရာကို အစိုးရအနေနဲ့ အတတ်နိုင်ဆုံး ရှင်းလင်ဆောင်ရွက်နေရတဲ့အပိုင်း အဲ့အခက်အခဲတော့ ရှိတာပေါ့။ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခုကျန်ရှိနေသေးတဲ့ အစိုးရသက်တမ်းတွေမှာ အမြန်ဆုံးအကောင် အထည်ဖော်၊ အားချင်းဆောင်ရွက်နေတဲ့အချိန်မှာ အဲဒီတစ်ချို့ လူတွေရဲ့ အတွေးအခေါ် အစွန်းရောက် နေမှုတွေနဲ့ ရင်ဆိုင်နေတာ။ အဲဒီအခက်အခဲလည်းရှိတယ်။ ပြုပြင်ပြောင်းလဲဖို့အတွက် မပြောင်းလဲနိုင်သေးတဲ့ စိတ် concept လေးတွေက ကျန်နေသေးတဲ့အခါကျတော့ အဲဒီဟာကို အတတ်နိုင်ဆုံး အစိုးရအနေနဲ့ ဖြေရှင်းဖို့ အစွမ်းကုန်ကြိုးစားနေရတဲ့ ကာလဖြစ်ပါတယ်။

ဟင်္သာမီဒီယာ။ ။ မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆီကို တိုင်ကြားထားတယ်လို့ သိရတယ်ပေါ့။ အဲ့ဒါနဲ့ပတ်သက်ပြီး ကော်မရှင် က ပြည်နယ်အစိုးရ ကို စစ်ဆေးမှုတွေရှိနေပြီလား။
ဦးမင်းကျော်လွင်။ ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အခုထိကတော့ ကိုယ့်တို့ဆီ မေးထားမရှိသေးဘူး။

ဟင်္သာမီဒီယာ။ ။ တိုင်ကြားခံရမှု နဲ့ပတ်သတ်ပြီး ရှင်းလင်းပြောချင်တာမျိုးရှိလား။
ဦးမင်းကျော်မင်းလွင်။ ။ ဒါကတော့ သူတို့ရေးထားတာ Facebook မှာပဲဖြစ်တဲ့အတွက် ကိုယ့်တို့အနေ နဲ့ တရားဝင်မဖြစ်သေးတဲ့အတွက် သူတို့ကိုတော့ ဘာမှပြောစရာတော့ အကြောင်းမရှိပါဘူး။ သူတို့လွတ်လပ်ခွင့် သူတို့ရေးနိုင်ပါတယ်။

ဟင်္သာမီဒီယာ။ ။ အောင်သပြေ – နှစ်ကရင်လမ်းပိုင်း ကိစ္စနဲ့ပတ်သက်ပြီး ပြဿနာတွေရှိခဲ့တယ်။ အခုလက်ရှိ ဒီလမ်းအခြေအနေနဲ့ အစိုးရက လုပ်ဆောင်ထားတဲ့ အခြေအနေကို ပြောပြပေးပါ။
ဦးမင်းကျော်လွင်။ ။ ဒီနှစ်ပေးတဲ့ဘတ်ဂျက်တွေက ပြီးသလောက်ဖြစ်သွားပါပြီ ။ ၉၀ ရာခိုင်နှုန်း လောက်ပြီး သွားပါပြီ။ နောက်လာမယ့် ဘတ်ဂျက်မှာ အဲ့ဒီလမ်းကို လက်စသတ်ဖို့အတွက် တစ်မိုင်နဲ့ လေးဖာလုံ ကျန်နေတာကို ဘတ်ဂျက်ထပ်ထည့်ထား ပြီးပါပြီ။ အဲဒီလမ်းပြီးပြီဆိုတာနဲ့ အဲ့ဒီလမ်းဟာ အဓိကလမ်းဖြစ် သွားမယ်။ ဘာလို့လည်းဆိုတော့ သံဖြူဇရပ်- ပင ကနေ ဟိုဘက် လမိုင်း၊ မော့ကနင် အထိ ဆက်သွယ်ပြီးတော့ အဲ့ဒီက ဒေသတစ်လျှောက်လုံး ရေး တောင်မြောက် ကနေ ရှိနေတဲ့ သံဖြူဇရပ်- ပငလမ်းကနေ မော့ကနင်အထိ ကြားမှာရှိတဲ့ဒေသတွေ အားလုံးဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ အဲဒီကနေဆက်စပ်ပြီးတော့ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာအထိ ရေနက်ဆိပ်ကမ်းဖြစ်လာမယ်ဆိုရင် အဲ့ဒီအနားဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေ တစ်ရှိန်ထိုး ဖွံ့ဖြိုးတိုးတက်သွားမှာ ဖြစ်ပါတယ်။

ဟင်္သာမီဒီယာ။ ။ အောင်သပြေလမ်းပိုင်း ကိစ္စ နဲ့ပတ်သက်ပြီး လွှတ်တော်မှာ ဖြေကြားခဲ့တဲ့ အပေါ် မှာ မွန်ပြည်နယ် အစိုးရ အဖွဲ့ ကို ပြည်သူတွေဖန်နေတာရှိတယ်ပေါ့။ အဲ့ဒီကိစ္စ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ ရယ်။ ဒါနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့ဝင်တယောက်အနေနဲ့ ဘာပြောချင်လဲ။
ဦးမင်းကျော်လွင်။ ။ အစိုးရအနေနဲ့ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်နေတယ်ဆိုတဲ့အကြောင်း ပြည်သူတွေသိအောင်ပြောချင်ပါတယ်။ ကျန်တာဘာမှတော့ပြောစရာမရှိပါဘူး။

ဟင်္သာမီဒီယာ။ ။ နောက်တစ်ခုက ပြည်နယ်အစိုးရကနေပြီတော့ မြို့နယ်တွေမှာရှိတဲ့ ဈေးတွေကို အဆင့်မြှင့်တင် အသစ်တည်ဆောက်ပေးနေမှုနဲ့ ပတ်သက်ပြီး ဈေးတစ်ချို့က ကန့်ကွက်နေတာတွေ့ရတယ်။ အဲ့ဒီကိစ္စတွေကိုဘယ်လိုဖြေရှင်းဖို့ရှိလဲ။
ဦးမင်းကျော်လွင်။ ။ ဒီလို ဈေးအဆင့်မြှင့် အသစ်တည်ဆောက်ပေးမှုနဲ့ ပတ်သက်ပြီ ကန့်ကွက်မှုတွေ တော်တော်များများကတော့ ရှင်းလင်းပြီးသွားပါပြီ။ မြိုင်သာယာဈေးဆိုလို့ရှိရင် တစ်ဦး နှစ်ဦးတော့ ကျန်နေသေး တယ်။ အဲဒီဟာကိုလည်း အကောင်းဆုံးဖြစ်အောင် အစိုးရရဲ့ငွေနဲ့ ဆောက်ပေးထားတဲ့ဖြစ်တဲ့အတွက် ဈေးပုံစံကို ရှင်းရှင်းလင်းလင်း လေကောင်းလေသန့်ရအောင် ဆောက်လုပ်ပေး နေတာဖြစ်တဲ့အတွက် အခုချိန်ထိ (ကန့်ကွက်နေတဲ့ ) သူတို့နဲ့အတူတူ တစ်ပြိုင်တည်း ညှိနှိုင်းဆောင်ရွက် သွားနေတာ ဖြစ်ပါတယ်။ ရွှေမြိုင်သီရိဆိုလို့ရှိရင်လည်း ဈေးအနောက်မှာရှိတဲ့ မြေကွက်လပ်ကို အကောင်းဆုံး ပုံစံနဲ့ ဖြစ်အောင် ဆောက်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ သီရိမြိုင်ဈေးကိုဆိုရင် အခုဆောက်လုပ်မှုလုပ်ငန်း စတင်နေပါပြီ။ အဲဒီမှာ ရှိနေတဲ့ ဆိုင်ခန်းတစ်ခန်းကတော့ အရင်အဟောင်းဖြစ်နေလို့ ဒီဈေးဆောက်လုပ်ပြီစီး သွားရင် သူတို့နဲ့ အတတ်နိုင်ဆုံး ညှိနှိုင်းပြီး ဈေးအတွင်းပြန်ထည့်ပေးဖို့ အစီစဉ်ရှိပါတယ်။ ကျိုက်မရောဈေး ဆိုလို့ရှိရင်လည်း သမဝါယမနဲ့ နောက်ဆုံး ညှိနှိုင်းချက်ရပြီရင် မကြာခင် အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။ အခုလက်ရှိ ဈေးတည်ဆောက်လုပ်မှုမှာ အခက်အခဲဖြစ်နေတဲ့ ဈေးကတော့ မြိုင်သာယာဈေးမှာ ကန့်ကွက်စာ တစ်စောင်ရှိနေသေး တယ်။ ကျန်တဲ့ ဈေးတွေကတော့ မရှိတော့ ပါဘူး။

ဟင်္သာမီဒီယာ။ ။ စောစော က ပြောခဲ့တယ်ပေါ့ မွန်ပြည်နယ် အတွက်ဖွံဖြိုးရေးလုပ်ငန်းတွေ ကျန်နေသေး တယ်လို့ပြောတယ်။ လက်ကျန် အစိုးရသက်တမ်းဘာလုပ်ငန်းတွေကျန်သေးလဲ ။
ဦးမင်းကျော်လွင်။ ။ ပြည်နယ်အစိုးရရဲ့ အဓိကဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေးရယ်၊ သောက်ရေသုံးရေ လုံလောက်စွာရရှိရေး၊ လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိရေးနဲ့ စိုက်ပျိုးရေး၊ မွေးမြူးရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ရည်ရွယ်ချက် ၄ ခု အပေါ်မှာမူတည်ပြီးတော့ မွန်ပြည်နယ် ၁၀ မြို့နယ်လုံးကို ဟန်ချက်ညီညီဖွံ့ဖြိုးဖို့အတွက် အစိုးရအနေနဲ့ အစွမ်းကုန်ကြိုးစားနေတဲ့ ကာလဖြစ်ပါတယ်။ ပြည်နယ်ရဲ့ တောင်နဲ့ မြောက်လမ်း အသက်သွေးကြောဖြစ်တဲ့လမ်းတွေကို အဓိကထားပြီးတော့ ဆောင်ရွက်နေ တာပဲဖြစ်ပါတယ်။ လမ်းတွေကို အရည်သွေးပြည့်မှီတဲ့ AC လမ်းဖြစ်အောင် ကြိုးစားနေတာပဲဖြစ်ပါတယ်။ ဘာလို့ဆိုရင် နောက်တစ်ခုက ရေးမြို့ပေါ့။ ရေးမြို့ဟာ ဖွံ့ဖြိုးတိုးတက်သင့်တဲ့ နေရာတစ်ခုလည်းဖြစ်တယ်။ ရေမြေသဘာဝလည်းကောင်းတယ်။ ရေနက်ဆိပ်ကမ်းပေါ်ခဲ့မယ်ဆိုရင် မွန်ပြည်နယ်အတွက် အလွန်အလား အလာရှိတဲ့ပြည်နယ် အရင်ဆုံးဖွံ့ဖြိုးမယ့် ပြည်နယ်ဖြစ်တဲ့အတွက် အဲ့ဒီအတွက်ရေးမြို့ဒေသဖွံ့ဖြိုးရေး လက်ရှိလမ်းပန်း ဆက်သွယ်ရေးကောင်းအောင်ကြိုးစားနေတဲ့အခြေအနေ မှာ ရှိနေတာဖြစ်တဲ့အတွက်ပါ။

ပြီးတော့ ကျိုက်မရော စံပယ်ဂူ အတ္တရံတံတားကိုလည်း အဓိကထားပြီးတော့ ကျိုက်မရောအရှေ့ခြမ်း အနောက်ခြမ်းတပြေးညီ ဖွံ့ဖြိုးလာဖို့အတွက် ငြိမ်းချမ်းတဲ့ဒေသဖြစ်အောင်ရယ်ကြိုးစားနေတဲ့ စံပယ်ဂူ ဒေသမှာရှိတဲ့ လမ်းတွေကို အဓိကထားဆောင်ရွက်နေရတဲ့ကာလဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဘီးလင်းမြို့ ဆိုရင်လည်း သောက်သုံးရေ လုံလောက်စွာရရှိနိုင်ရေး၊ သဘာဝဘေးဒဏ်ကအစ အထိအခိုက်အနည်း ဆုံးဖြစ်အောင် plan တွေဆွဲနေရတဲ့ကာလ action plan ဆွဲနေရတဲ့ကာလ ဆောင်ရွက်စရာ လက်စသတ်စရာ တွေအများကြီးရှိနေတယ်။ ဒါတွေကလည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ဆက်နွယ်ပြီးတော့ဆောင်ရွက် ရမဲ့ကိစ္စဖြစ် ပါတယ်။ သဘာဝဘေးဒဏ် အနည်းဆုံးလျှော့ချနိုင်မယ်ဆိုလို့ရှိရင် ဖွံ့ဖြိုးရေးလုပ်ငန်းကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မော်လမြိုင်မြို့ရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ ချောင်းဆုံမြို့ကအစ လမ်းပန်းဆက်သွယ်ရေး လွယ်ကူ အောင် ဆိုပြီးတော့ ဆောင်ရွက်ပေးမှုတွေအပြင် ရေရှားတဲ့နေရာတွေ အကုန်လုံး အစိုးရအဖွဲ့ကနေပြီးတော့ ကြည့်ကြပ်ပြီးတော့ ရေရရှိရေးအတွက် အချိန်နဲ့တပြေး ညီဆောင်ရွက် နေတဲ့အခြေအနေမှာ ရှိနေပြီဆိုတာကိုလည်းပြောချင်ပါတယ်။

ဟင်္သာမီဒီယာ။ ။ မော်လမြိုင် အထ္ထရံမြစ်ရေတင် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန်ဆီမှာ ကျွမ်းကျင်နည်းပညာရှင်တွေကို အကူညီတောင်းထားလု့ိ သိရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး လုပ်ဆောင်ဖို့ ရှိတဲ့ အစီအစဉ်လေး ပြောပြပေးပါဦး။
ဦးမင်းကျော်လွင်။ ။ မွန်ပြည်နယ်ဝန်ကြီးချုပ်ကနေပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆီ အကူညီတောင်းခံခဲ့တယ်။ မော်လမြိုင် အထ္ထရံမြစ်ကနေ ရေပေးဝေဖို့ စီမံကိန်းက ပြည်သူတွေရဲ့ ရေရရှိမှု လိုအပ်ချက်က မြှင့်တက်လာတဲ့အတွက်ကြောင့် ပြည်သူတွေ သောက်သုံးရေရရှိဖို့အတွက်က ပြည်နယ်အစိုးရအနေနဲ့ ဒီနှစ်မှာ ၁ ဘီလီယံ၊ လာမယ့်နှစ်မှာ ၇ ဒဿမ ၅ ဘီလီယံ ထည့်သွင်းရေးဆွဲထားတယ်။ အဲဒီလုပ်ငန်းကြီး အကောင်အထည် ဖော်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးမှာ လက်ရှိကောင်ထည်ဖော်ဆောင် ရွက်နေတဲ့ လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းနဲ့ အလားတူဖြစ်နေတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကနေ ရေသန့်နဲ့ ပတ်သက်တဲ့ ကျွမ်းကျင်မှု အင်ဂျင်နီယာမှူး တစ်ဦး၊ ဒါမှမဟုတ် လက်ထောက် အင်ဂျင်နီယာ တစ်ဦး စုစုပေါင်း နှစ်ဦးကို မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှာ တာဝန်ပေးနိုင်ဖို့အတွက် အကူအညီတောင်းခံ ခေါ်ယူထားတာရှိတယ်။ အဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော်ဝန်နဲ့ သွားရောက်တွေ့ဆုံဆွေးနွေးတဲ့အချိန်မှာ တစ်ကယ် လုပ်ငန်းကျွမ်းကျင်တဲ့ သူတွေကို ပံ့ပိုးပေးပါမယ်လို့ ကတိပေးထားတယ်။ နောက်ပြီး လုပ်ငန်းကိစ္စတင်ဒါ ခေါ်တဲ့နေရာမှာတောင် တစ်ကယ်ရေပေးဝေရေး ပညာရှင် အင်ဂျင်နီယာတစ်ယောက်လည်း ကိုယ့်ပြည်နယ်မှာ လာတွဲပြီတော့ တင်ဒါခေါ်ယူတဲ့ကိစ္စရပ်တွေကို ကြီးကြပ်ပြီ ပါဝင်ဆုံးဖြတ်ပေးဖို့ အတွက်ကိုလည်း အကူအညီခေါ်ထားတာရှိတယ်။

ဟင်္သာမီဒီယာ။ ။ ဝန်ကြီးအနေနဲ့ ပြည်သူတွေကို ဖြည့်စွက်ပြီး ပြောချင်တဲ့ စကားများရှိရင် ဖြည့်စွက်ပြော ပေးပါဦး။
ဦးမင်းကျော်လွင်။ ။ မိမိတို့အစိုးရဆိုလို့ရှိရင် ပြည်သူ့ဗဟိုပြုတဲ့ အစိုးရပါပဲ။ အဲဒီတော့ ပြည်နယ်တစ် ခုလုံးဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက် လာဖို့အတွက် အစွမ်းကုန်ကြိုးစားနေတဲ့ အချိန်ကာလမှာ အစိုးရဘက်က ရှင်းလင်းပြောကြားဖို့ အားနည်းခဲ့မယ်ဆိုလို့ရှိရင် ပြည်သူတွေ အနေနဲ့လုပ်တဲ့ကိုင်တဲ့အပေါ်မှာကို နည်းနည်းလေးစောင့်ကြည့်ပြီးတော့ အစိုးရရဲ့လုပ်ဆောင်ချက်ကိုသိရှိဖို့ ကြိုးစားဆောင်ရွက်ပေးကြပါလို့ပဲ ပြောချင်ပါတယ်။

ဟင်္သာမီဒီယာ

Advertisements

Leave a Reply