မွန်ပြည်နယ်အတွင်း မော်လမြိုင်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်း အများဆုံးဖြစ်

576

မော်လမြိုင်၊ ဇူလိုင် ၁၂

မွန်ပြည်နယ် အတွင်းရှိ မြို့နယ်အားလုံးတွင် မော်လမြိုင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း သုံးနှစ်ဆက်တိုက် အများဆုံးဖြစ်နေကြောင်း မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာ စည်သူရဲနောင်ထံမှ သိရသည်။

မွန်ပြည်နယ် တွင် ၂၀၁၇ ခုနှစ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၃၃၇ဦး၊ ၂၀၁၈ခုနှစ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၇၁ ဦးနှင့် ၂၀၁၉ ဇူလှိင်လ ပထမအပတ်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၅၄ ဦး ရှိခဲ့ပြီး စာရင်းများအရ မြို့နယ်အားလုံးတွင်အများဆုံးဖြစ်ကြောင်း မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ထံမှသိရှိရသည်။

မော်လမြိုင်မြို့သည် လူဦးရေထူထပ်ပြီး ရေသိုလှောင်မှု စနစ်မကျခြင်းနှင့် အမှိုက်စနစ်တကျ စွန့်ပစ်မှု မရှိခြင်းကြောင့် တစ်ခြားမြို့များထက် သွေးလွန်တုပ်ကွေးပိုမိုဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေါက်တာစည်သူရဲနောင်က ပြောကြားသည်။

“အမှိုက်သိမ်းစနစ်ကဖွံ့ဖြိုးတယ် ဆိုပေမဲ့ တချို့လမ်းတွေမှာက ဒီအတိုင်းပဲ ပစ်ထားတဲ့ ဖော့ကြွပ်ကြွပ် အိတ်တွေက သိမ်းလို့ မနိုင်နေဘူး” ဟု ၎င်းကဆိုသည်။

သွေးလွန်တုပ်ရောဂါက ခြင်ကျားမှ တဆင့်ကူးနိုင်ခြင်းကြောင့် ခြင်ပေါက်ဖွားစေနိုင်သော အခြေအနေများ မဖြစ်ပေါ်စေရန် ပြည်သူများ ဝိုင်းဝန်းလုပ်ဆောင်ပေးသင့်ကြောင်း ဒေါက်တာစည်သူရဲနောင်က ဆိုသည်။

“ပိုးလောက်လန်းမပေါက်အောင် ကိုယ့်ကိုကို ဖုံးသင့်တဲ့ ပစ္စည်းကို ဖုံးရမယ်။ သွန်သင့်တဲ့ ပစ္စည်းကို သွန်ရမယ်။ လဲသင့်တဲ့ ပစ္စည်းကို လဲပေးရမယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ ရေတင်ပြီးတော့ ကျန်နေတဲ့ နေရာတွေကို ရှိမယ်ဆိုရင် အဲ့နေရာတွေကိုမီးရှို့ဖျက်ဆီးတာတို့ မြေမြှုပ်ပစ်တာတို့ လုပ်သင့်တယ်” ဟု ၎င်းက အကြုံပြုသည်။

ထို့အပြင် ကလေးငယ်များ ဖျားနာမည်ဆိုပါက အန္တရာယ်ရှိ လက္ခဏာများ ဖြစ်ပေါ်ပါက အသက်အန္တရာယ် ရှိနိုင်သဖြင့် ဆေးရုံ မှာဆေးကုသမှုခံယူ သင့်ပြီး ပြင်ပဆေးဆိုင်များမှ စပ်ဆေးများ ဝယ်သောက်ရန်မသင့် ကြောင်း ၎င်း က တိုက်တွန်းပြောဆိုသည်။

“အကိုက်အခဲပျောက်ဆေးတွေက သွေးစိမ့်တာတွေကိုပိုပြီးတော့များစေတယ်။သွေးလွန်တုပ်ကွေးက နဂိုကတည်းက သွေးထွက်နေတယ်လေ။ သွေးထွက်လို့ပဲ သွေးလွန်တုပ်ကွေးလို့ ပြောတာကို အဲ့ဒီနှစ် ခုပေါင်းတော့ သွေးတွေက မသိပ်တော့ဘူး” ဟု ၎င်းကဆိုသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အခြေအနေအရ မော်မြို့နယ်တွင် ၂၀၁၉ ဇူလှိုင်လ ပထမအပတ်အထိ ၁၅၄ဦး၊မုဒုံမြို့နယ်က ၁၅၀ဦးနှင့် ကျိုက်မရောမြို့နယ်က ၉၂ ဦး ရှိခဲ့ကြောင်းသိရသည်။

မြန်မာတစ်နိုင်ငံလုံး ဖြစ်ပွားမှုအခြေအနေတွင် ၂၀၁၈ခုနှစ်၌ အဆင့်၆အထိရှိခဲ့ပြီး ၂၀၁၉ခုနှစ် ဇွန်လအထိတွင် အဆင့် ၄အထိ တက်သွားသည်ဟု ဒေါက်တာ စည်သူရဲနောင်ထံမှ သိရသည်။

မွန်ပြည်နယ်တွင် ၂၀၁၉ခုနှစ် ဇူလိုင်ပထမအထိ ဖြစ်ပွားမှု စာရင်းအရ ၆၂၉ဦးဖြစ်ပွားပြီး သေဆုံးသူ ၃ဦးရှိခဲ့ကြောင်းသိရသည်။

ရန်လင်းအောင်

Advertisements

Leave a Reply