ဝန်ကြီးဖြစ်သွားရင်လည်း မဲဆန္ဒနယ်၏ကိစ္စများကို ဆက်လက်လုပ်ဆောင်သွားမည်

မော်လမြိုင်၊ဇူလိုင် ၁၅

မွန်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဖြစ်သွားခဲ့ရင်လည်း မိမိ၏ မဲဆန္ဒနယ်အတွင်းရှိ ကိစ္စများကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပေါင်မြို့နယ်မဲဆန္ဒနယ် အမှတ်၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က ပြောကြားသည်။

ဇူလှိုင်လ ၁၅ရက်နေ့တွင် ကျင်းပသော မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ၂/၂၀၁၉ ပထမနေ့တွင် မွန်ပြည်နယ်လွှတ်တော်က ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး အဖြစ် ဦးထွန်းမင်းအောင်ကို အတည်ပြုခဲ့သည်။

“အခုဝန်ကြီးဖြစ်သွားလို့လည်း ပြည်နယ် အဆင့်မှာ ဥပဒေ မှာက ပြည်နယ် လွှတ်တော်အမတ်ပဲလေ လောလောဆယ် တစ်ချက်ပြောလို့ ရတာက ကိုယ့် မဲဆန္ဒနယက် ပြည်သူတွေကို အရင်ပြောချင်တယ်ပေါ့၊ မက်ဆေ့ ဘာပေးချင်လဲဆိုတော့ ဝန်ကြီးတာဝန်ကို ယူရသော်လည်း မဲဆန္ဒနယ်ရဲ့ ကိုစ္စတွေကို ဒီ့ထက်ပိုပြီးတော့ လုပ်နိုင်မယ်လို့ ယုံကြည်တယ် ၊ဝန်ကြီးတာဝန်မှာ ပေးထားတဲ့ တာဝန်ကိုလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်” ဟု ဦးထွန်းမင်းအောင်က ဆိုသည်။

ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးတိုးချဲ့ဖွဲ့စည်းခြင်းကို ဇူလှိုင်လ ၂ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော် သမ္မတက တိုးချဲ့ဖွဲ့စည်းခွင့်ပေးလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် ဦးထွန်းမင်းအောင်သည် မွန်ပြည်နယ်လွှတ်တော်၏ တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်သည်။

ရန်လင်းအောင်

Leave a Reply