Advertisements

 

ထားဝယ် ဇူလိုင်

ထားဝယ်မြို့အနောက်ဖက် ကမြောကင်းတံတားအနီးတွင် နှစ်လမ်းသွား သံကူကွန်ကရစ်တံတားအသစ် တည်ဆောက်မည့်အစား မင်းရပ်ကူးတို့ဆိပ်ကမ်းဖက်မှ ထားဝယ်မြစ်ကူး တံတားသစ်တစ်စင်း တည်ဆောက်ရန် ထားဝယ်မြို့ခံများက အဆိုပြုသည်။

တနင်္သာရီတိုင်းဒေသကြီးလမ်းဦးစီးဌာနရုံးတွင် ဇူလိုင်လ ၇ရက်နေ့က ပြုလုပ်သော တံတားအသစ်တည် ဆောက်မည့်ကိစ္စနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် ယင်းသို့ အဆိုပြုခဲ့ခြင်းဖြစ်သည်။

“ လောင်းလုံးမြို့နယ်နဲ့ ထားဝယ်မြို့နယ်ချဉ်းကပ်ပြီးတော့ ဆက်သွယ်မှုလမ်းကြောင်းတံတားသည် မင်းရပ်ကူးတို့နှင့်ရာဟောင်း၀ဆိုတဲ့နေရာမှာ တံတား ကြီးတစ်စင်းကို ဖြစ်စေချင်တာပေါ့”ဟု လူထုအလင်း ရောင်ကွန်ရက် (ထားဝယ်)မှ ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးထိန်ဝင်းက ဆိုသည်။

အဆိုပါနေရာတွင် တံတားတည်ဆောက်လျှင် ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်နှင့် သရက်ချောင်းမြို့နယ် တို့တွင် လမ်းပန်းဆက်သွယ်ရေး၊လူမှုရေး၊စီး ပွားရေးတဖက်ဖက်မှ အချိန်တိုပြီးငွေကုန်သက်သာစွာဖြင့် ဒေသခံဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း၎င်း က ပြောသည်။

လက်ရှိအချိန်တွင် လောင်းလုံးမြို့မှထားဝယ်မြို့သို့လာလျှင်ကြာချိန်မိနစ် ၅၀ခန့်လာရပြီး မင်းရပ်ကူးတို့ဖက်မှ တံတားအသစ်တည်ဆောက်ပြီးလျှင်ယင်းခရီးကိုမိနစ်၂၀ခန့်ဖြင့်သာသွားလာနိုင်မည်ဟု လေ့လာသိရှိထား ကြောင်း၎င်းကဖြည့်စွက်ပြောသည်။

လက်ရှိ ကမြောကင်းတံတားသည်ကြံ့ခိုင်မှုရှိပြီး ယာဉ်ကြပ်မှာစိုး၍ ကမြောကင်းတံတားအနီးတွင် တံတားအသစ် တည်ဆောက်ရန် လုပ်ဆောင်ခြင်းမျိုးဖြစ် သည်ဟု နားလည်ကြောင်း၊ ရေနက်ဆိပ်ကမ်းဖက်ကို သွားမည်ဆိုလျှင် ထားဝယ်မြစ်ကူး-ရေဖြူတံတားဖက်မှသွားနိုင်ပြီး မောင်းမကန်ကမ်းခြေနှင့် ထား ဝယ်တက္ကသိုလ်သို့သွားမည်ဆိုပါက ထားဝယ်မြစ်ကူး-ကမြောကင်းတံတားဖက်မှသွားလို့ရကြောင်း ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်နိုင်ဦးက အထက်ပါဆွေးနွေးပွဲတွင် ပြောဆိုသည်။

“ ဒီကြပ်နေတဲ့ ခရီးသွားလာမှုရဲ့တဝက်ကျော်ကျော်လောက်ကို ဒီဖက် (မင်းရပ်ကူးတို့ဖက်)ကသွားမယ်ဆိုရင် ရှင်းလည်းရှင်းသွားမယ်၊ လောင်းလုံးမြို့ နယ်ရေရှည်အတွက် ထားဝယ်မြို့နယ်ရဲ့စီးပွားရေးလုပ်ငန်းကိုင်ငန်း အတွက် ဒီကနေ သရက်ချောင်းမြို့နယ်အတွက် မြိတ်သွားတဲ့နေရာလည်း စဉ်းစားတာ”ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

လောင်းလုံးမြို့နယ်၏လူဦးရေသည် ထားဝယ်မြို့နယ်ထက်များပြီး လောင်းလုံးမြို့နယ်တွင် ရေလုပ်ငန်း နှင့်ခရီးသွားလုပ်ငန်းများရှိ၍ တံတားအသစ် ဆောက်ရန် ကုန်ကျစရိတ်တစ်ခုကို ထည့်တွက်စဉ်းစားလျှင် လောင်းလုံးမြို့နယ်နှင့် ထားဝယ်မြို့နယ် နစ်နာမည်ဖြစ်ကြောင်း ယင်းဆွေးနွေးပွဲသို့ တက် ရောက်လာသူများက ပြောသည်။

ယခုအချိန်တွင် ကမြောကင်းတံတားအနီးနေရာများတွင် ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး မင်းရပ်ကူးတို့ဖက်မှ ထားဝယ်မြစ်ကူးတံတားအသစ်တည်ဆောက်မည်ဆိုလျှင် တံတားအနီးရှိ ရပ်ရွာများလည်း ဘက်မျှစွာဖွံ့ဖြိုးတိုးတက်လာမည်ဟု ၎င်းတို့က ဆွေးနွေးပြောဆိုကြသည်။

ထားဝယ်မြို့နယ်တွင် ထားဝယ်မြစ်ကူးလေးလမ်းသွားသံကူကွန်ကရစ် ကမြောကင်းတံတားအသစ်တစ်စင်းကို လာမည့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန်အစီအစဉ်ရှိ မရှိ ၁၉.၂.၂၀၁၈ရက်ကပြုလုပ်သော အမျိုးသားလွှတ်တော်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဝင်း က ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့သည်။

တိုးမြင့်လာသောလူဦးရေနှင့်တစ်ဦးချင်းယာဉ်အသုံးပြုမှုမြင့်တက်လာမှုကြောင့် အဆိုပါနေရာတွင် လေးလမ်းသွားသံ ကူကွန်ကရစ်တံတားအသစ် တစ်စင်း လိုအပ်မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်တွင် မေးခွန်းမေးမြန်းချိန်၎င်းက ပြောဆိုခဲ့သည်။

ယခု၂၀၁၉-၂၀၂၀ခု၊ဘဏ္ဍာရေးနှစ်တွင် တံတားအသစ်တည်ဆောက်ရန် Feasibility Studyနှင့်မြေစမ်းသပ်ခြင်း လုပ်ငန်းများ၊ တံတားဒီဇိုင်းပုံစံထုတ်ခြင်း လုပ်ငန်းများ၊မြေယာရှင်းလင်းခြင်း၊ စီမံကိန်းရုံးနှင့် လူနေယာယီ အဆောက်အဦများဆောင်ရွက်ရန်စသောလုပ်ငန်းများအတွက် ငွေကျပ်သိန်း ၅၀၀ သုံးစွဲ မည်ဟု လျာထားကြောင်း သိရသည်။

အထက်ပါဆွေးနွေးပွဲတွင် ဆွေးနွေးတင်ပြချက်များကို ဆောက်လုပ်ရေးဝန်ကြီးဌာနသို့တင်ပြပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း၊ထို့အတူ ယခုအခြေအနေများကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုလည်း တင်ပြသွားမည်ဖြစ်ကြောင်းတံတားဦးစီးဌာန၊တည်ဆောက် ရေးအဖွဲ့(၄)ညွန်ကြားရေးမှူး(မြို့ပြ)ဦးကျော်မိုးထွန်းက ပြောသည်။

“ဆုံးဖြတ်မှာကတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရော တိုင်းဒေသကြီးလွှတ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ရော ပြည်ထောင်စုကိုဆက်တင်ပြပြီးမှ ဆုံးဖြတ် မှာဖြစ်ပါတယ်”ဟု ဦးကျော်မိုးထွန်းက ဆိုသည်။

ကမြောကင်းတံတားအနီး နေရာ ၃နေရာကို ကနဦးရှင်းလင်းခြင်းနှင့်ပတ်သက်၍ ယင်းနေရာများအား ရွေးချယ်ပြီးပြီလားဟု တနင်္သာရီအပတ်စဉ်ဂျာနယ် သတင်းထောက်မှမေးခွန်းထုတ်ရာ တံတားဆောက်လုပ် မည်နေရာအား မရွေးချယ်ရသေးကြောင်း သက်ဆိုင်သူအားလုံးပါဝင်သော ဆွေးနွေးပွဲကို ပြုလုပ် ပြီးပြန်လည်တင်ပြရန် တံတားဦးစီးဌာနမှ ညွန်ကြားထားကြောင်း၎င်းက ရှင်းပြသည်။

ကမြောကင်းတံတားသည် အနာဂတ်အတွက် ရည်မှန်း၍တည်ဆောက်ထားခြင်းကြောင့် ကြံခိုင်မှုမှာ နောက်နှစ် ၅၀မှ နှစ်၁၀၀အထိ ခံနိုင်ကြောင်း ၎င်းက ပြောသည်။

ကမြောကင်းတံတားအနီး တံတားအသစ်တည်ဆောက်ရန် လျာထားသည့်နေရာ ၃နေရာအနက် ပေ ၁၁၀၀ရှိသည့် DDPC ကုမ္ပဏီဖက်ခြမ်းတွင် တံတား အသစ်တည်ဆောက်သင့်ကြောင်း တံတားဦးစီးဌာနက တံတားအသစ်တည်ဆောက်ခြင်းဆိုင်ရာ ဆွေးနွေးပွဲတွင် ရှင်းလင်းတင်ပြခဲ့သည်ဟု သိရသည်။

တင့်လွင်

Advertisements
<

Leave a Reply