မြိုင်သာယာ ၏ သန်းခေါင်ယံည များက ငြိမ်သက်လှ သည် ။
မော်လမြိုင် မြို့ ၏ ရပ်ကွက်ကြီးတစ်ခု ဖြစ်သော မြိုင်သာယာ ကား ဘီယာဆိုင် နှင့် ကာရာအိုကေ လုပ်ငန်း များကြောင့် နာမည်ဆိုးအချို့ ရှိသော်လည်း ၊ကိုယ့်ခြံကိုယ့် ဝင်း အိမ်ကြီးအိမ်ကောင်း ဖြင့် နေထိုင် သော မြို့မျက်နှာဖုံးများ လည်းရှိပေသည်။ မော်လမြိုင် ၏ ဆိတ်ငြိမ် ရပ်ကွက် တစ်ခုလည်းဖြစ်သည်။

Myine thar yar
ညတစ်ည တွင်ကား မြိုင်သာယာ ၁၃ လမ်းရှိ အိမ်အမှတ် (၁၇၅၄)၌ နေထိုင်သော ဦးမျိုးလွင် ၏ နေအိမ် တွင် သန်းခေါင်ကျော် တွင် ကား လူနှစ်ဦး အသက်လုံးဝငြိမ်သက်ခဲ့ ရသည်။

ဦးမျိုးလွင် နေအိမ်ထဲကို ဇူလိုင် ၃၀ ရက်နေ့ နံနက် ၂ နာရီခန့်က မျက်နှာတစ်ဝက်အား အဝတ်အမဲစည်း ထားသော အသက် ၂၀ အရွယ် အမျိုးသားတစ်ဦး ဝင်ရောက်လာကာ အိပ်ပျော်နေသော မိသားစုသုံးဦးကို တုတ်ဖြင့် ဝင်ရိုက်ခဲ့သဖြင့် ဦးမျိုးလွင်နှင့် ၎င်းမိခင် ဒေါ်ခင်ရွှေတို့ သေဆုံးခဲ့ရသည်။

ထိုနေအိမ်တွင် ဦးမျိုးလွင်နှင့်အတူ မိခင်ဒေါ်ခင်ရွှေနှင့် သမီးမဆုစန္ဒီတို့ အတူနေထိုင်ကြပြီး မျက်နှာအဝတ်မဲ စည်းထားသူက ဦးမျိုးလွင်ကို တုတ်ဖြင့်ရိုက်နှက်ခဲ့သဖြင့် ဦးမျိုးလွင်၏ အော်သံကြောင့် မိခင်ဖြစ်သူ ဒေါ်ခင်ရွှေ ထကြည့်ခဲ့ရာ ဒေါ်ခင်ရွှေကိုပါ ရိုက်နှက်ခံခဲ့ရခြင်းဖြစ်သည်။

ဖခင်ဖြစ်သူ ဦးမျိုးလွင်နှင့် အဖွားဖြစ်သူ ဒေါ်ခင်ရွှေတို့ အော်သံကြောင့် လန့်နိုးသွားသော အသက် ၁၇ အရွယ် မဆုစန္ဒီက အဘွားဖြစ်သူကို တုတ်ဖြင့်ရိုက်နေသည်ကို မြင်သဖြင့် “ကယ်ကြပါအုံး”ဟု အော်ဟစ် အကူအညီ တောင်းစဉ် မျက်နှာအဝတ်မဲစည်းထားသောလူက မဆုစန္ဒီကိုပါ တုတ်ဖြင့်လေးငါးချက် ထပ်မံရိုက်နှက်ခြင်း အပေါ် အသံမထွက်ရဲတော့ဘဲ မေ့ချင်ဟန်ဆောင်နေခဲ့ကြောင်း မဆုစန္ဒီက ပြောပြသည်။

နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်လာသူမှာ မျက်နှာကို အဝတ်အမဲ စည်းထားသည့်အပြင် အပေါ် အင်္ကျီကို ချွတ်ထားပြီး ပုဆိုးခါးတောင်းကျိုက်ထားသူဖြစ်သည် ဟု သူမက ဆိုသည်။

မဆုစန္ဒီကို မျက်နှာစည်းထားသောသူက ရိုက်နှက်သဖြင့် ၎င်းသည် မေ့ချင်ယောင် ဟန်ဆောင်လိုက်ခြင်းကြောင့် မျက်နှာအဝတ်မဲစည်း၍ တုတ်ကိုင်ထားသူမှာ ၎င်းနေအိမ် နောက်ဖေးဘက်သို့ ဝင်ရောက်သွားစဉ် မဆုစန္ဒီမှာ နေအိမ်တံခါးဖွင့်၍ အိမ်အပေါ်မှ ဆင်းပြေးပြီး အိမ်ခြံဝင်း တံခါးဘေး အုတ်တံတိုင်းပေါ်ကို ကျော်တက်ကာ လမ်းမ အပြင်ဘက် ထွက်ပြေးခဲ့ကြောင်း မဆုစန္ဒီက ပြောပြသည်။

မဆုစန္ဒီသည် နေအိမ်ခြံအပြင်ဘက် ရောက်ပြီးနောက် အနီးအနား နေအိမ်များအား အော်ဟစ်အကူအညီ တောင်းရာ မည်သူမျှ မနိုးကြသဖြင့် ၎င်းနေအိမ်အရှေ့ သုံးအိမ်မြောက်မှ ဦးလေးဖြစ်သူ ကိုမျိုးနိုင်၏ နေအိမ် အရှေ့တွင် အော်ခေါ်အကူအညီ တောင်းခဲ့ကြောင်း ၎င်းက ပြောသည်။

အကြိမ်ကြိမ်အော်ခေါ် အကူအညီတောင်းခြင်းကြောင့် ဦးလေးဇနီးဖြစ်သူ မဇာနီမိုး (ခ) ရေဟာနာ ထလာသဖြင့် မဆုစန္ဒီက “ဦးလေးဘယ်သွားလဲ”ဟု မဇာနီမိုးအား မေးမြန်းခဲ့ရာ “အိပ်ပျော်နေလို့ မသိဘူး”ဟု ပြန်လည် ပြောဆိုခဲ့သဖြင့် ဖြစ်စဉ်အကျိုးအကြောင်းပြောပြပြီး ပတ်ဝန်းကျင်ရှိ နေအိမ်များကို အကူအညီတောင်းခံရန် အော်ခေါ်နေစဉ် အခင်းဖြစ်ပွားသော နေအိမ်နှစ်ခြံကျော် ခြံဝင်းရေမြောင်းဘေးမှ တက်လာသော ဦးလေး ဦးမျိုးနိုင်(ခ)ကာဆင်ကို တွေ့မြင်ခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။

မဆုစန္ဒီက “ဦးလေးဘယ်သွားနေလဲ”ဟု မေးရာ “ငါသူခိုးလိုက်ဖမ်းတာ”ဟု ကိုမျိုးနိုင်က ဆိုသည်။
“လုပ်ကြပါအုံး၊ ကယ်ကြပါအုံး သူခိုး၊ သူခိုး”ဟု အော်ဟစ်အကူအညီ တောင်းခံသောအသံကို မသဲမကွဲ အသံ ကို ကိုမျိုးနိုင် ကြားရသဖြင့် သူခိုးလိုက်ဖမ်းခြင်းဖြစ်ကြောင်း ဦးမျိုးနိုင် (ခ) ကာဆင် ကပြောဆိုပြန်သည်။

နေအိမ်ထဲမှ ထွက်လာစဉ် ဦးမျိုးလွင်နေအိမ် အနောက်ဘက်မှာ လူရိပ် တွေ့မြင်လိုက်ပြီး ဦးမျိုးလွင်နေအိမ်ဘေး ခြံစည်းရိုးဘေးမှ ကပ်လိုက်သွားရာ သူခိုးမှာ ခြံစည်းရိုး ကျော်တက်၍ ခုန်ချသွားသည်ကို မြင်တွေ့လိုက်ခြင်း ကြောင့် ၎င်းသည်လည်း သူခိုးအနောက်သို့ လိုက်သွားခဲ့ကြောင်း သူခိုးလိုက်ဖမ်းသည်ဟုဆိုသော ဦးမျိုးလွင်နှင့် ညီဝမ်းကွဲ တော်စပ်သူ ဦးမျိုးနိုင် (ခ) ကာဆင်က ပြောသည်။

မျက်နှာအဝတ်မဲ စည်းထားသောသူကို လိုက်လံဖမ်းဆီးခဲ့စဉ် ကိုမျိုးနိုင်သည် ရေမြောင်းထဲ ပြုတ်ကျသွားခဲ့၍ မျက်နှာစည်းထားသောသူမှာ တစ်လှမ်းချင်း လမ်းလျှောက်သွားပြီး ဦးမျိုးလွင်၏ နေအိမ်အနောက်ဘက် နှစ်အိမ်ကျော်ရှိ လူမနေသော ခြေတံရှည် အိမ်ခြံဝင်းထဲ ဝင်သွားကာ ပျောက်ကွယ်သွားသည်ဟု ဦးမျိုးနိုင်က ဆို သည်။

ဦးမျိုးနိုင် ကို မစုစန္ဒီ မြင်တွေ့ရချိန်တွင် အပေါ်အင်္ကျီကို ချွတ်ထားပြီး ပုဆိုးခါးတောင်းကျိုက် ပြေကာစပုံစံဖြင့် တွေ့မြင်ရ သည် ဟု မဆုစန္ဒီက ပြောဆိုသည်။
မျက်နှာကို အဝတ်အမဲ စည်းထားကာအပေါ် အင်္ကျီကို ချွတ်ထားပြီး ပုဆိုးခါးတောင်းကျိုက်ထားသည့် လူသတ်သမား ကား သူတို့သုံးစလုံး မည်သူမှန်းမသိခဲ့ မမြင်ခဲ့ ။

သို့သော် နေအိမ်ပေါ်တက်၍ လူရိုက်သတ်မှု ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး သက်သေများအပါအဝင် လူခုနစ်ဦးခန့်ကို မြိုင်သာယာနယ် မြေရဲစခန်းတွင် ခေါ်ယူစစ်ဆေးမှု ပြုလုပ်ခဲ့သည်။

ထိုလူသတ်မှုဖြင့် ပတ်သက်၍ သေဆုံးသူ ဦးမျိုးလွင်၏ ညီဝမ်းကွဲ ကိုမျိုးနိုင်ကို မြိုင်သာယာနယ်မြေရဲစခန်းသို့ ခေါ်ယူစစ်ဆေးမှုပြုလုပ်ရာ ၎င်းပြောဆို အစစ်ခံချက်များ ကွဲလွဲမှုများရှိနေသဖြင့် ကိုမျိုးနိုင်၏ ဇနီးဖြစ်သူ မဇာနီမိုးကို ခေါ်ယူစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သေဆုံးသူ၏ ဆွေမျိုးတော်စပ်သူ ကိုမောင်အေး (ခ) ဟနန်းက ဆိုသည်။

အခင်းဖြစ်ပွားပြီး နောက်တစ်နေ့ (ဇူလိုင် ၃၁ ရက်နေ့) တွင် ကိုမျိုးနိုင်ကို စစ်ဆေးမှုပြုလုပ်ရန် ရဲစခန်းသို့ ခေါ်စဉ် ကျန်းမာရေးကြောင့် မော်လမြိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေရသဖြင့် ဦးမျိုးနိုင်၏ ဇနီး မဇာနီမိုးကို ဥပဒေနှင့်အညီ စစ်ဆေးမှု ပြုလုပ်ခဲ့ရကြောင်း မြိုင်သာယာရဲစခန်းမှူး ရဲအုပ်ဇော်မင်းဦးက ပြောသည်။

ရဲတပ်ဖွဲ့က စစ်ဆေးရာတွင် ထွက်ဆိုချက်များ ကွဲလွဲ ခဲ့သော ဦးမျိုးနိုင် ကား အခင်းမဖြစ်ပွားခင် နေအိမ်မှ တိတ်တဆိတ် ထွက်သွားခဲ့သည်ကို ဇနီးဖြစ်သူ မဇာနီမိုးက အနောက်မှ လိုက်ချောင်းခဲ့စဉ် ခင်ပွန်းဖြစ်သူမှာ ဦးမျိုးလွင်၏ နေအိမ်ခြံဝင်းထဲ ဝင်ရောက်ခဲ့ပြီး ဦးမျိုးလွင်၏ အိမ်ခြေရင်း ပြတင်းပေါက်အောက်မှ သစ်ပြားခွာပြီး ပြတင်းပေါက်မှ နေအိမ်အပေါ်သို့ တက်သွားသည်ကို မြင်တွေ့ခဲ့ရကြောင်း ရဲတပ်ဖွဲ့စစ်ဆေးချက် ပေါ်ပေါက် သည်ဟု ၎င်းက ဆိုသည်။

ကိုမျိုးနိုင်သည် ငွေရေးကြေးရေး အခက်အခဲကြောင့် ဦးမျိုးလွင်နေအိမ်မှ ငွေများကို ဝင်ရောက်ခိုးယူစဉ် ဦးမျိုးလွင်နိုးသွားသဖြင့် ၎င်းကို သိသွားမည်ကို စိုးရိမ်မှုဖြင့် သစ်သားတုတ်ဖြင့် ရိုက်နှက်ခဲ့ရာမှ လူသတ်မှု ဖြစ်ပွားခဲ့သည်ဟု ရဲအုပ်ဇော်မင်းဦးက ရှင်းပြသည်။

ဦးမျိုးလွင်တွင် ဝဲဘက်နှင့်ယာဘက် မျက်လုံး ဖူးရောင်ညိုမဲဒဏ်ရာ၊ နှာခေါင်းနှင့်ပါးစပ်သွေးထွက်ဒဏ်ရာ၊ ဦးခေါင်းအနောက်ဘက် ဖူးရောင်ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်နား ဖူးရောင်ညိုမဲ သွေးထွက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရပြီး ဒေါ်ခင်ရွှေမှာ ယာဘက်နားနှင့် မျက်လုံး ဖူးရောင်ညိုမဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာများနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဇူလိုင်လ ၃၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က သေဆုံးခဲ့ရကာ မဆုစန္ဒီမှာ နဖူးနှင့် ယာဘက် လက်ဖျံတို့တွင် ဖူးရောင်ဒဏ်ရာများ ရရှိခဲ့သည်။

ဖခင်ဖြစ်သူနှင့် အဖွားဖြစ်သူ အသတ်ခံရမှုနှင့် ပတ်သက်ပြီး မဆုစန္ဒီက ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားသဖြင့် အမှုစစ်ဆေးပေါ်ပေါက်ခဲ့သော ကိုမျိုးနိုင်ကို မြိုင်သာယာနယ်မြေရဲစခန်းတွင် (ပ) ၅၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၅ အရ အမှုဖွင့်ထားရှိကြောင်း မြိုင်သာယာနယ်မြေရဲစခန်း မှတ်တမ်းအရ သိရသည်။

မည်သို့ပင်ဆိုစေ မြိုင်သာယာ ၁၃ လမ်းရှိ အိမ်အမှတ် (၁၇၅၄) တွင် နေထိုင်သော ဦးမျိုးလွင် ၏ နေအိမ် တွင် ညဘက်အိပ်နေစဉ် လူနှစ်ဦး ရိုက်သတ်ခံ ခဲ့ရခြင်း မှာ မြိုင်သာယာရပ်ကွက်၏ တရားဥပဒေ စိုးမိုးရေး ကို စိန်ခေါ် လိုက်ခြင်း အပြင် ပြည်သူအများ ဘေးကင်းလုံခြုံ စွာနေနိုင်ရေး အာမခံ ချက် အတွက် မေးခွန်းထုတ်မှု လည်း ဖြစ်သည်။

မြိုင်သာယာ ၏ သန်ခေါင်ယံည များက ငြိမ်သက်လှ သည် ။ သက်ငြိမ် ည ၏ သန်းခေါင်ယံ တွင် လူနှစ်ဦး ကမ္ဘာလောကကြီးအတွင်း မှထွက်ခွာသွားခဲ့ရသည်။

Leave a Reply