တနင်္သာရီတိုင်းတွင် မိုးကြိုးပစ်ခံရခြင်းကြောင့် ၁၁ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၇ ဦးထိရှိလာ

ထားဝယ်၊ ဇူလိုင် ၁၆

တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်စမှ ဇွန်လကုန်အထိ မိုးကြိုး ၁၀ ကြိမ်ပစ်ခံ ရခြင်းကြောင့် လူ (၁၁)ဦး သေဆုံးပြီး ဒဏ်ရရှိသူ ၇ ဦးထိရှိလာကြောင်း တနင်္သာရီတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

“ဒီနှစ်ကတော့ ဘေးဖြစ်တာများတယ်၊ ရာသီဥတုအနေအထားက အပူများလို့ရှိရင်လည်း မိုးကြိုးပစ်နိုင်တဲ့ အလာအလာတွေ အများကြီးရှိတယ်ပေါ့နော်၊ ဒီဖက်ကလည်း ပူတယ်ဟေ့ရှိရင် အပူများတဲ့ဒေသကိုး “ဟု တနင်္သာရီတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ညွန်ကြားရေးမှူး ဒေါ်ဝင်း စန္ဒာကြည် ကဆိုသည်။

ယင်းကာလအတွင်း ထားဝယ်ခရိုင်တွင် မိုးကြိုး (၄) ကြိမ်ပစ်ခံရခြင်းကြောင့် (၆) ဦးသေဆုံး၍ (၄)ဦးဒဏ်ရရှိပြီး မြိတ်ခရိုင်တွင် မိုးကြိုး ၅ ကြိမ်ပစ်ရာမှ (၄)ဦး သေဆုံး၍ (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုအတူ ကော့သောင်းခရိုင် တွင် မိုးကြိုး ၁ကြိမ်ပစ်ခံရပြီး (၁)ဦးသေဆုံးခဲ့ကြောင်းယင်းဌာနထံမှ သိရသည်။

ထားဝယ်ခရိုင်တွင် ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာ၊ ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာ၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာ၊ သရက်ချောင်း မြို့နယ်၊ ကနက်သီရိကျေးရွာ၊ မြိတ်ခရိုင်တွင် မြိတ်မြို့နယ်၊ သညစ် ကျေးရွာ၊ စန္ဒဝတ်ကျေးရွာ၊ ကျွန်းစုမြို့နယ်၊ လင်မလိုကျေးရွာ၊ မင်းခေါင်းဆေးကျေးရွာ၊ သရင်ကမ်းကျေးရွာနှင့် ကော့သောင်းခရိုင်တွင်မ ဘုတ်ပြင်းမြို့နယ်၊ လယ်မန်ကျေးရွာတို့တွင် မိုးကြိုးဘေးဖြစ်ပွား ခဲ့သည်ဟု သိရ သည်။

အပူချိန်မြင့်တက်လာမှုနှင့်အတူ ရာသီဥတုပြောင်းလဲ့မှုဖြစ်စဉ်များဖြစ်ပေါ်နေခြင်းကြောင့် တနင်္သာရီတိုင်း တွင် မိုးရွာသွန်းမှုပုံစံပြောင်းလာပြီး မိုးကြိုးပစ်မှုများ လည်းပိုများလာကြောင်း တနင်္သာရီတိုင်းဒေသကြီး မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဟန်ဝင်းအောင် ကပြောကြားသည်။

တိုင်းအတွင်း ၂၀၁၇ခုနှစ်တွင် မိုးကြိုး ၁၀ကြိမ်ပစ်ခံရပြီး (၁၀)ဦးသေဆုံး၍ (၄)ဦးဒဏ်ရာရရှိပြီး ၂၀၁၈ခုနှစ် တွင် မိုးကြိုး ၈ကြိမ်ပစ်ခံရခြင်းကြောင့် (၁၁)ဦး သေဆုံး၍ ဒဏ်ရာရသူ (၉)ဦးရှိကြောင်း ဘးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်

တင့်လွင်

Leave a Reply