အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

၇၂ နှစ်မြောက်အာ ဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့ အာဇာနည်ဗိမာန်၌ ၂၀၁၉ ဇူလိုင် ၁၉ ရက် မနက်က ကျင်းပနေစဉ် (ဓာတ်ပုံ - စိုင်းဇော်/Myanmar Now)

ဝေယံဘုန်း

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၇၂ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။

လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချင်း မတူကြချေ။

ငိုကြွေးပုံချင်းမတူကြသည်မှာ သူတို့ အသက်ရှင်စဉ်က အသက်ရှင်သန်ခဲ့ပုံ ခြင်းမတူခဲ့၍ဖြစ်သည်။ လောကတွင် လူအများစုသည် ကိုယ့်အတွက်သာအသက်ရှင်ကြသည်။ ကိုယ့်မိသားစု၊ ကိုယ့်ဆွေမျိုး အတွက်သာ အသက်ရှင်ကြသည်။ အလွန့်အလွန်နည်းသောလူတချို့တချို့သာလျှင် ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ အတွက် အသက်ရှင်သည်။ ထို့ထက်နည်းသောလူ တစ်ယောက်စ နှစ်ယောက်စ ကတော့ တစ်လောကလုံး အတွက် အသက်ရှင်ခဲ့ကြလေသည်။

မိမိနှင့်တကွ မိမိဆွေမျိုးသားချင်း အတွက် အသက်ရှင်သူတို့မှာ လူ့ဓမ္မတာ အတိုင်းဖြစ်သဖြင့် ထူးမခြားနား။ မထူးခြား၍လည်း သူတို့သေတော့လည်း အသိုင်းအဝိုင်းကွက်ကွက်က လေးထက်ပို၍ မငိုကြွေးကြချေ။ အနည်းစုသော လူတို့ကမူ မိမိအသိုင်း အဝိုင်းဆိုသည့် ကျဉ်းမြောင်းသော အလွှာထက်ကျော်လွန်၍ ပေးဆပ်ခဲ့ကြ သည်။ မိမိမိသားစုအတွက် ရှင်သန်ခဲ့သူများက လောဘဦးစီးသောစိတ်နှင့်လှုပ်ရှားရုန်းကန် ခဲ့ကြသော်လည်း တိုင်းပြည်နှင့်လူမျိုးအတွက်သော်လည်းကောင်း၊ တစ်လောကလုံး အတွက်သော် လည်းကောင်း အလုပ်လုပ်ခဲ့ကြ သူများကမူ စေတနာရှေ့ထား၍လုပ်ခဲ့ကြခြင်းဖြစ်သည်။ မေတ္တာထား၍ ပေးဆပ်ခဲ့ကြ ခြင်းဖြစ်သည်။ ဒါကြောင့်လည်း သူတို့သေတော့ သူတို့အတွက် ဝမ်းနည်းသူ၊ ပူဆွေးကြသူပို များသည်။

လူထဲက လူတစ်ယောက် သေသည့်အခါ သူ့အသိုင်းအဝိုင်းကသာ သူ့အတွက်ငိုကြသည်။ သေပြီးနောက် မကြာခင်လည်း သူ့ကို မေ့သွားကြသည်။ ထိုသူ၏အကြောင်းသည် သူ့နာရေးယပ်တောင်ပေါ်ရှိ သူ့နာမည်စာလုံးများ ထက်သော်မှ ပို၍ ဆောလျင်စွာ လူတို့ပါးစပ်ဖျားမှ ကွယ်ပျောက်သွားနိုင်ပါသည်။ သို့သော် အများအကျိုးအတွက် စွန့်လွှတ်ဆောင်ရွက်ခဲ့သူများသေလျှင်မူ လူအပေါင်းက ပို၍ ရှည်ရှည်ကြာကြာ အောက်မေ့တသဖြစ်ကြသည်။ “သေသောသူကြာရင်မေ့”ဆိုသည့် စကားသည် သူတို့ အတွက် မဟုတ်ပေ။ သူတို့သည် လူသေသော်လည်း နာမည်မသေသူများဖြစ်ကြသည်။

လောကတွင် မိမိအကျိုးစီးပွားကို စွန့်လွှတ်၍ အများအကျိုးအတွက် စွန့်လွှတ် စွန့်စားသူများကို ‘အာဇာနည်’ ဟူ၍ ခေါ်ဝေါ်ဂုဏ်ပြုတတ်ကြသည်။ ထိုအာဇာနည်တို့တွင် ဗိုလ်ချုပ်အောင်ဆန်းတို့လို နာမည်အထင်ကရ ကျန်ရစ်ခဲ့သူ များလည်း ရှိနိုင်သလို လူမသိသူမသိ ပေးဆပ်သွားကြသည့် အညတရ အာဇာနည် လေးများလည်း အမြောက်အမြားရှိနိုင်ပါသည်။ အာဇာနည်ဟူသည် နာမည်ကျော်ခြင်းမကျော် ခြင်းထက် လောကအကျိုး၊ လူသားအကျိုးကို ဆောင်ရွက်ခြင်း မဆောင်ရွက်ခြင်းနှင့်သာ ပိုသက်ဆိုင် ပါသည်။

ဆရာဇော်ဂျီသည် “အာဇာနည်” ဆို သောစကားလုံးတစ်လုံးမျှ မပါဘဲ အာဇာနည်ပုဂ္ဂိုလ်တို့အကြောင်း ကဗျာတစ်ပုဒ် စပ်ဆိုခဲ့၏။ ထိုကဗျာ စာဆိုကိုယ်တိုင်ပင်လျှင် မြန်မာစာပေ အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်သွားခဲ့သော စာပေသူရဲကောင်း၊ စာပေအာဇာနည်တစ်ဦး ဖြစ်ပါသည်။ ဆရာဇော်ဂျီ၏ကဗျာ သည် လောဘ၊ ဒေါသ၊ မာန်မာနများနှင့် “ငါ့ဖို့” သာကြည့်၍ ရှင်သန်လှုပ်ရှားနေကြသူတို့အား “အတ္တ”ဆိုသည့် ကျဉ်းမြောင်းသည့် ဘောင်ကိုကျော်၍ ကြည့်တတ်အောင် သတိပေးထားသည့် ကဗျာဖြစ်သည်။ လောကတွင် “အလေးထားစရာတွေ အများကြီးရှိပါသေးလား”ဟူ၍ သတိမူမိအောင် နှိုးဆော်ထားသည့် ကဗျာဖြစ်သည်။ ထိုကဗျာသည် ယနေ့ လူသားတို့အတွက် ခေါင်းလောင်းထိုးသံပင် ဖြစ်ပါသည်။

မိမိသေသွားချိန်တွင် ကျန်ခဲ့မည့် နောင်လာနောက်သား တို့အရေးအတွက် စိတ်ပူပန်၍ ရင်းနှီးပေးဆပ်ခဲ့ကြသူ အာဇာနည်တို့ ကိုလည်းကောင်း၊ အာဇာနည်နေ့ကိုလည်းကောင်း ဆရာဇော်ဂျီ၏ ကဗျာဖြင့်ဂုဏ်ပြု လိုက်ပါသည်။

စာဆိုတော်ကြီး ဆရာဇော်ဂျီ (၁၉၀၇-၁၉၉၀)စာဆိုတော်ကြီး ဆရာဇော်ဂျီ (၁၉၀၇-၁၉၉၀)

သင်သေသွားသော်

ဪ လူ့ပြည်လောက၊လူ့ဘဝကား၊
အိုရနာရ၊ သေရဦးမည်၊
မှန်ပေသည်တည့်။
သို့တပြီးကား၊ သင်သေသွားသော်၊
သင်ဖွားသောမြေ၊ သင်တို့မြေသည်၊
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊ စာစကားလည်း၊
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။
သင်ဦးချ၍၊ အမျှဝေရာ၊ စေတီသာနှင့်၊
သစ္စာအရောင်၊ ဉာဏ်တန်ဆောင်လည်း၊
ပြောင်လျက်ဝင်းလျက်၊ ကျန်စေသတည်း။  ။

Leave a Reply