ကျိုက်မရောတွင် ရေဘေးသင့်သူ ငါးသောင်းနီးပါးရောက်ရှိ

Myanmar Now

မြစ်ရေမြင့်တက်မှုကြောင့် ယနေ့ (ဩဂုတ်လ ၁၃) ရေလွှမ်းမိုးမှု ပိုများလာသည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် လူဦးရေ ငါးသောင်းနီးပါး ရေဘေးတိမ်ရှောင်နေကြရသည်ဟု ယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က Myanmar Now ကို ပြောသည်။

လက်ရှိတွင် ကျိုက်မရောမြို့နယ်၌ ယာယီကယ်ဆယ်ရေးစခန်း ၁၃ ခု ဖွင့်လှစ်ထားပြီး ကျေးရွာအုပ်အုပ်စု ၂၉ အုပ်စု မှ ရေဘေးသင့်ပြည်သူ ငါးသောင်းနီးပါး လာရောက်ခိုလှုံနေကြကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ ကျိုက်မရောတစ်မြို့နယ်လုံး အတိုင်းအတာနဲ့ဆိုရင် တစ်ဝက်နီးပါး ရေလွှမ်းနေပါပြီ။ ကျေးရွာအုပ်စု ၄၇အုပ်စုမှာ ၂၉အုပ်စုက ရေဘေးသင့်နေပြီဆိုတော့ ထက်ဝက်နီးပါးလို့ ပြောလို့ရပါပြီ” ဟု ဦးကျော်မြင့်က ပြောသည်။

ယနေ့တွင် ကျိုက်မရောမြို့နယ်၌ မြစ်ရေ ၅၇ဝ စင်တီမီတာအထိ မြင့်တက်လာပြီး သတ်မှတ်ထားသည့် စိုးရိမ်ရေမှတ်ထက် ၅၀ စင်တီမီတာ ကျော်လွန်နေပြီဖြစ်သည်။

လက်ရှိ(ယနေ့)တွင် မော်လမြိုင် – ကျိုက်မရောလမ်းတွင် လေးပေခွဲအထိ ရေတက်နေ၍ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း ၎င်းက ဆိုသည်။

“ကယ်ဆယ်ရေးစခန်းမှာ ရောက်နေပြီးသားသူတွေအတွက် ပရဟိတအဖွဲ့တွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေက လာရောက်လှူဒါန်းနေပါတယ်။ လောလောဆယ်အခြေအနေအရ ရေပြန်ကျဖို့မလွယ်သေးဘူး။ ထပ်တက်လာနိုင်တာကြောင့် ကယ်ဆယ်ရေးအဖွဲ့ အင်အား ၁၀၀ကျော်နဲ့ အသင့်စောင့်နေပါတယ်” ဟု ဦးကျော်မြင့်က ပြောသည်။

ဩဂုတ်လ ၁၃ရက်နေ့က ကျင်းပသော မွန်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ဒေါက်တာအေးဇံက မွန်ပြည်နယ်မှာ ရေကြီးရေလျှံမှုပြဿနာကို နှစ်စဉ်ကြုံတွေ့နေရကြောင်း၊ ယင်းအတွက် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရန် စားနပ်ရိက္ခာကို ပြည်နယ်အစိုးရအဖွဲ့က အလုံအလောက် ကြိုတင်စုဆောင်းထားခြင်းကြောင့် စိုးရိမ်စရာမလိုအပ်ကြောင်း ပြောကြားခဲ့သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့သည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ စံနှုန်းအတိုင်း ရေဘေးသင့်ပြည်သူများကို တစ်ဦးလျှင် ဆန်နှစ်ဗူး ငွေ ၂၁၀၀ ကျပ်နှင့် အခြားစားသောက်ဖွယ်ရာများကို တစ်ပတ်စာ ထောက်ပံ့ပေးထားပြီးဖြစ်ပြီး နောက်ဆက်တွဲ ထောက်ပံ့ရန်လည်း အလုံအလောက်ရှိနေကြောင်း ဒေါက်တာအေးဇံက ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်စာနာမှုဆိုင်ရာရုံး( UN OCHA Myanmar)က ဩဂုတ်လ ၁၂ရက်နေ့တွင် ထုတ်ပြန်ထားသည့်စာရင်းအရ မြန်မာနိုင်ငံတဝန်းတွင် ရေကြီးရေလျှံမှုများကြောင့် လူဦးရေ ၈၀,၀၀၀ ကျော်သည် ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရကြောင်း ထုတ်ပြန်သည်။

မိုးသည်းထန်စွာရွာသွန်းမှု၏ နောက်ဆက်တွဲဖြစ်ပေါ်ခဲ့သော မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ မြေပြိုမှုကြောင့် သေဆုံးသူ ၆၅ ဦး ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Leave a Reply