ရေးမြို့ဒေသခံများနှင့် စိုးသန်းနိုင် အဖွဲ့အကြားဖြစ်ပွားနေသာ မြေယာ အငြင်းပွားမှု လွှတ်တော်ထံတင်ပြ

မော်လမြိုင်၊ သြဂုတ် ၈

ရေးမြို့နယ်ဒေသခံများနှင့် စိုးသန်းနိုင် ဦးဆောင်သော လက်နက်ကိုင် တပ်ဖွဲ့အကြား ဖြစ်ပေါ်နေသော မြေယာ အငြင်းပွားမှု ကိစ္စကို မွန်ပြည်နယ် လွှတ်တော်ထံ ဥက္ကဋ္ဌ တင်ပြထားကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

အဆိုပါ မြေယာ အငြင်းပွားမှု ဖြစ်ပေါ်နေသော နေရာ မှာ မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီး၊ ရေးဖြူမြို့နယ်တို့ ပိုင်းခြားထားသည့် မလွှဲတောင်ကားလမ်းမဘေးတွင်တည်ရှိကြောင်း ဒေသခံ များ ၏ အဆိုအရ သိရှိရသည်။

ယင်းမြေယာ အငြင်းပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ စိုးသန်းနိုင်သည် ဒေသခံများအပေါ် မောက်မာသောနည်းဖြင့် ဆက်ဆံသည့် ပုံစံမျိုးနှင့် နိုင်ထက်စီးနင်းပြုမူသည့်ပုံစံမျိုးပြုလုပ်နေကြောင်းကို ဒေသခံများကတိုင်ကြား ထားမှုများရှိသည့်အပြင် လူကိုယ်တိုင်လည်း မိမိနှင့်တွေ့ဆုံပြီး အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးရန် တင်ပြတောင်းဆိုထားမှုများ ရှိနေကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ဘက်ကလည်း ဒီဟာနဲ့ပတ်သက်ပြီးတော့ လိုအပ်တဲ့စုံစမ်းစစ်ဆေးမှု သဘောပဲပြောပြော ဒါမှမဟုတ် လိုအပ်တဲ့သတင်းအချက်အလက်ပဲဖြစ်ဖြစ် ကျွန်တော်တို့ ပြန်စုဆောင်းတယ်။ စုဆောင်းပြီးတော့ ကျွန်တော်တို့က ဒါလွှတ်တော်ရဲ့ သဘောသဘာဝအရ လွှတ်တော်ဥက္ကဋ္ဌဆီ လေ့လာတွေ့ရှိချက်တွေကို အစီရင်ခံစားကို ကျွန်တော်တို့ တင်သွင်းတယ်။ အခုကတော့ အားလုံးတင်သွင်းပြီးပြီး”ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ယင်းပြဿနာ နှင့် ပတ်သက်ပြီး ပြည်သူများ၏ အမြင်သဘောထားများ၊ တင်ပြချက်များကို စုဆောင်းထားသည့် အပြင် သစ်တောဦးစီးဋ္ဌာနမှ လုပ်ကိုင်ခွင့်ပေးခဲ့သည့်အပိုင်းများနှင့် ဖြစ်ခဲ့သည့်ဖြစ်စဉ်များအားလုံးကို စာနှင့်တကွ တရားဝင်တင်ပြထားသည့်အပြင် အရှေ့တောင်တိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူးမှ စိုးသန်းနိုင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ နောက်ခံသမိုင်းကြောင်းများကအစ အချက်အလက်များအားလုံးကို စာနှင့်တကွ မိမိထံပေးပို့တားကြောင်း ၎င်းက ရှင်းပြသည်။

“သစ်တောပိုင်မြေပါပဲ။ သစ်တောပိုင်မြေမှာ ဒေသခံအစုအဖွဲ့တွေက သူ့ဟာသူ အစုအဖွဲ့ပုံစံမျိုးနဲ့ လုပ်ပြီးတော့ ဒီသစ်တောပိုင်မြေထဲမှာ သစ်တောပုံစံမျိုးနဲ့ စိုက်မယ်။ ထွက်လာတဲ့ အကျိုးအမြတ်ကို အထိုက်အလျောက် ခံစားခွင့်ရမယ်။ ဒီလောက်ပါပဲ။ အမှန်ကတော့ ကိုယ့်ပိုင်ဆိုင်မှုလည်း မဟုတ်ဘူး။ သစ်တောအပိုင်ပဲ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လူမျိုးရေးထိခိုက်ပြောဆိုစိန်ခေါ်မှုများရှိနေသည့်အတွက် ဒေသခံမွန်တိုင်းရင်းသား များ ကလည်း မကျေနပ်ကြသည့်အပြင် ဒေသခံများက မွန်ပြည်နယ်လွှတ်တော်ထံ တိုင်ကြားထားကြောင်း စုံစမ်းသိရှိရသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ရေးဖြူမြို့နယ်တို့ ပိုင်းခြားထားသည့် မလွှဲတောင်ကား လမ်းမဘေးတွင် ရေးမြို့နယ်ဒေသခံများနှင့် စိုးသန်းနိုင်တို့အဖွဲ့ကြား ဖြစ်ပေါ်နေသည့် မြေယာ အငြင်းပွားမှု ကိစ္စကြောင့် ဇူလိုင်လ ၆ ရက်က တစ်ဖက်နှင့်တစ်ဖက် ဓားလက်နက်များဖြင့် ကိုင်ဆောင်ကာ ပဋိပက္ခ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မလွှဲတောင်-ကဗျာဝစီမံကိန်းနှင့်ပတ်သက်သည့်ကိစ္စ၊ မြေယာဆိုင်ရာအငြင်းပွားမှုကိစ္စနှင့် မြေအရောင်းအဝယ်နှင့် ပတ်သက်သော ကတိစာချုပ်များတွင် PPSA(Peace People Student Army) အဖွဲ့ခေါင်းဆောင်ဟုဆိုကာ အမည်ခံအသုံးပြုနေသည့်အတွက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်က အမှတ်(၁၉)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ကနေ စိုးသန်းနိုင်နှင့် အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် မမိုးမိုးအောင်နှင့် စိုးမင်းထွန်းတို့ကို ခေါ်ယူသတိပေးပြီး ဝန်ခံကတိရေးထိုးစေခဲ့ကြောင်း လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။

သို့သော် သစ်တောကြိုးဝိုင်းမြေလုပ်ပိုင်ခွင့် လျှောက်ထားရာမှာလည်း PPSA ဆိုသည့် အဖွဲ့အစည်းအမည်ကို တရားမဝင်သုံးစွဲနေသည်ကိုလည်း တွေ့ရှိနေရပြီး စိုးသန်းနိုင်ကို ရေးမြို့မ ရဲစခန်းတွင် တရားစွဲအမှုဖွင့်လှစ်ထားသော်လည်း မြေယာအငြင်းပွားမှု၊ တိုင်ကြားမှုများနှင့် ပတ်သက်၍ Facebook ကနေ Live လွှင့်ပြီး တပ်၊ ဌာနဆိုင်ရာနှင့် ပြည်သူတွေအပေါ် ရင့်သီးစွာပုတ်ခတ်ပြောဆိုးာ မထီမဲ့မြင်လုပ်သည့်အပြင် ငြိမ်းချမ်းရေးရယူထားသည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သယောင်နှင့် မသိနားမလည်သူတွေအကြားမှာ ဝါဒဖြန့်နေသည့်အတွက် တရားဥပဒေစိုးမိုးရေးအတွက် အရေးယူဆောင်ရွက်ပေးဖို့ စစ်တပ်ဘက်ကလည်း တိုက်တွန်းထားကြောင်း လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။

ရွှေရိုး

Leave a Reply